DVB Logo
Home
မြန်မာသတင်း
စစ်တပ်က အမျိုးသမီးများကို ဦးခေါင်းတည့်တည့်ချိန်၍ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်ခဲ့ဟု သံအမတ်ကြီးက ကုလသမဂ္ဂတွင်တင်ပြ
DVB
·
March 14, 2023
စစ်တပ်က အမျိုးသမီးများကို ဦးခေါင်းတည့်တည့်ချိန်၍ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်ခဲ့ဟု သံအမတ်ကြီးက ကုလသမဂ္ဂတွင်တင်ပြ
Donate to DVB

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ်က မတရားအာဏာသိမ်းယူခဲ့ပြီးချိန်ကစတင်ကာ အမျိုးသမီးအယောက် ၄၄၀ ​ကျော်အပါအဝင် ပြည်သူ ၃,၁၂၀ ကျော်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီး အထူးသဖြင့် အမျိုးသမီးဆန္ဒပြသူတွေကို ဦးခေါင်းတည့်တည့်ချိန်ကာ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောလိုက်ပါတယ်။

နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂဌာနချုပ်မှာ ၆၇ ကြိမ်မြောက် Commission of the Status of Women (CSW67) ရဲ့ အစည်းအဝေးတွေကို ပြီးခဲ့တဲ့ မတ် ၆ ရက်ကစတင်ကျင်းပနေရာမှာ မတ် ၁၃ ရက်မှာ ပြုလုပ်တဲ့ အထွေထွေဆွေးနွေးမှုအစီအစဉ် (General Discussion) မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောလိုက်တာပါ။

အကြမ်းဖက်စစ်အုပ်စုဟာ မတရားဖမ်းဆီးထိန်းချုပ်ခံရသူတွေထဲက ၁၄၅ ယောက်ကျော်ကို စစ်ကြောရေးမှာ သတ်ဖြတ်ခဲ့ပြီး တခြားဖမ်းဆီးထိန်းသိမ်းခံထားရသူအယောက် ၈၄၀ ကျော်ကိုလည်း သတ်ဖြတ်ခဲ့တဲ့အပြင် ပြီးခဲ့တဲ့ ၂ နှစ်တာ ကာလအတွင်းမှာ အိမ်ခြေ ၆၂,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး အပြစ်မဲ့ပြည်သူမြောက်များစွာကိုလည်း လေကြောင်းကတဆင့် ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကလည်း တာတိုင်ရွာနဲ့ နန့်နိမ်းရွာတို့မှာ ဖြစ်ပွားခဲ့တဲ့ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အပါအဝင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု စုစုပေါင်း ၆၀ ကျော်ကို ကျူးလွန်ခဲ့တယ်လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။

စစ်တပ်က အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပါအဝင် ပြည်သူတရပ်လုံးကို စနစ်တကျ၊ ကျယ်ကျယ်ပြန့်ပြန့်နဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေဖြစ်ကြောင်းနဲ့ အဆိုပါပြစ်မှုတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုမျှသာ မဟုတ်တော့ပဲ သူတို့ရဲ့ သဘောသဘာဝ၊ အတိုင်းအတာ၊ ပုံစံနဲ့ နည်းလမ်းတွေက နိုင်ငံတကာဥပဒေကို ကြီးလေးစွာ ချိုးဖောက်တာလို့ ခေါင်းစဉ် တပ်နိုင်ပြီး သူတို့ချိုးဖောက်နေတဲ့ ပြစ်မှုတွေက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုနဲ့ စစ်ရာဇဝတ်မှုမြောက်တယ်လို့လည်း ပြောပါတယ်။

ဒါကြောင့်မို့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပါအဝင် မြန်မာပြည်သူတွေရဲ့ အသံတွေကို နားထောင်ဖို့ လိုအပ်တဲ့နည်းတူ သူတို့ရဲ့ တောင်းဆိုမှုတွေကို လေးလေးနက်နက် အာရုံထားပေးဖို့လည်း လိုကြောင်းနဲ့ သမိုင်းရဲ့ မှန်ကန်တဲ့ ဘက်မှာ အတူတကွရပ်တည် ပါဝင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဒါမှသာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို မြန်မာနိုင်ငံရဲ့ အနာဂတ် ကဏ္ဍအစုံမှာ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်တဲ့ ရပ်ဝန်းတခုကို ဖန်တီးပြုလုပ်ပေးနိုင်မှာဖြစ်ပြီး အမျိုးသမီးတွေ လုပ်ပိုင်ခွင့်အာဏာပိုမိုရရှိနိုင်ရေးနဲ့ ကျားမတန်းတူညီမျှရေးတို့ကိုလည်း ဖော်ဆောင်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိအခြေအနေမှာတော့ မြန်မာနိုင်ငံဟာ မတူညီတဲ့ လမ်းကြောင်းနှစ်ခုကို သွားမယ့် လမ်းဆုံ လမ်းခွမှာ ရောက်ရှိနေပြီး တလမ်းက စစ်တပ်က ခင်းကျင်းနေတဲ့ ပြစ်ဒဏ်ခတ်ခြင်း လုံးဝဥဿုံ ကင်းလွတ်တဲ့ အမြဲ တမ်းစစ်အာဏာရှင်စနစ်ရှင်သန်နေမယ့် လမ်းဖြစ်ပြီး တခြားတခုကတော့ မြန်မာပြည်သူတွေ လိုလားတောင့်တပြီး ရယူနိုင်ဖို့ ကြိုးပမ်းနေတဲ့ အနာဂတ်ဖြစ်ပြီး အဲဒါကတော့ လူနည်းစု၊ အမျိုးသမီးနဲ့ မိန်းက လေးငယ်တွေရဲ့ အခွင့်အရေးတွေကို အကာအကွယ်ပေးမှုအပါအဝင် လူ့အခွင့်အရေးတွေကို ကာကွယ်ပေးနိုင်မယ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် အာမခံချက်ရှိတဲ့ ဖယ်ဒရယ်စနစ်ပဲဖြစ်တယ်လို့လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013