DVB Logo
Home
မြန်မာသတင်း
ကုလသမဂ္ဂလုံခြံရေးကောင်စီအနေဖြင့် မြန်မာစစ်တပ်ကို ထိရောက်စွာအရေးယူရန် HRW တိုတ်တွန်း
DVB
·
March 14, 2023
ကုလသမဂ္ဂလုံခြံရေးကောင်စီအနေဖြင့် မြန်မာစစ်တပ်ကို ထိရောက်စွာအရေးယူရန် HRW တိုတ်တွန်း
Donate to DVB

မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် မြန်မာစစ်တပ်အနေနဲ့  တာဝန်ခံမှုရှိစေဖို့အတွက် တကယ်လက်တွေ့ကျတဲ့၊ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ ကုလသမဂ္ဂလုံခြံရေးကောင်စီကို လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က တိုက်တွန်းလိုက်ပါတယ်။

မတ်လ ၁၃ ရက်မှာ လုံခြုံရေးကောင်စီက မြန်မာ့အရေးနဲ့ပတ်သက်လို့  တံခါးပိတ်ဆွေးနွေးနေစဉ်မှာ HRW က ထုတ်ပြန်တိုက်တွန်းလိုက်တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလက ချမှတ်ခဲ့တဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့လည်း နယူးယောက် အခြေစိုက် HRW အဖွဲ့က တောင်းဆိုပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ နိုလင်းဟေဇာ အပြင် အာဆီယံအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရုံး အကြီးအကဲဖြစ်သူ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီတို့ရဲ့လည်း သူတို့ရဲ့ အစီရင်စာခံတွေကို ကုလလုံခြုံကောင်စီအစည်းအဝေးမှာ ကြားနာသွားမှာပါ။

ကုလသမဂ္ဂပဋိညာဉ် အခန်း ၇ အရ လုံခြုံရေးကောင်စီအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှုအပေါ်  ပိတ်ပင်တာအပါအဝင် မြန်မာနိုင်ငံအခြေအနေကို  နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး (ICC)ထံ လွှဲပြောင်းပေးတာမျိုးနဲ့ စစ်ခေါင်းဆောင်တွေ၊ စစ်တပ်ပိုင်ကုမ္ပဏီတွေအပေါ်မှာ ပစ်မှတ်ထားပိတ်ဆို့တာ အစရှိသဖြင့် အဓိပ္ပာယ်ပြည့်ဝတဲ့ ဆောင်ရွက်ချက်တွေနဲ့အတူ အရေးယူသင့်ကြောင်း HRW က ထောက်ပြပါတယ်။ 

HRW အဖွဲ့ရဲ့ ကုလသမဂ္ဂဆိုင်ရာ ဒါရိုက်တာ လူးဝစ်ချာဘွန်နိုက "စစ်အစိုးရအနေနဲ့ လုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ ဒီဇင်ဘာလဆုံးဖြတ်ချက်အပေါ် လျစ်လျူရှုနေမှုဟာ ပြင်းထန်တဲ့ အရေးယူမှုတွေပါဝင်တဲ့ ဆုံးဖြတ်အသစ်တစ်ခု လိုအပ်နေပြီဆိုတာကို ပြသနေတာဖြစ်တယ်"လို့ မှတ်ချက်ပေးပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကစလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နိုင်ငံအနှံ့အပြားကကျေးရွာတွေမှာ လက်နက်ကြီးနဲ့ ပစ်ခတ်၊ လေကြောင်းတိုက်ခိုက်၊ မီးရှို့ဖျက်ဆီးမှုတွေကြောင့် အနည်းဆုံးလူပေါင်း ၂၆၃ ဦး သေဆုံးခဲ့ရပြီး အဓမ္မပြုကျင့်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ တရားလက်လွန်သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP)က ထုတ်ပြန်ထား ပါတယ်။ 

ဒီကာလတူအတွင်း မြန်မာနိုင်ငံမှာ အနည်းဆုံးလူပေါင်း ၄၈၆ ဦး ဖမ်းဆီးခံရကာ အဲ့ဒီထဲက အနည်းဆုံး ၄၀၁ ဦးကို အာဏာသိမ်းစစ်တပ်က ထောင်ဒဏ်တွေချမှတ်ခဲ့တယ်လို့လည်း သိရပါတယ်။

အတိုက်အခံလှုပ်ရှားမှုတွေကို "အကြမ်းဖက်မှု" "လှုံဆော်မှု" စတဲ့ ရာဇဝတ်မှုတွေအဖြစ် တံဆိပ်ကပ်ကာ ထောင်ဒဏ် ၁၀ နှစ်ကနေ တစ်သက်တစ်ကျွန်းအထိ အာဏာသိမ်းစစ်တပ်က ပြစ်ဒဏ်ချမှတ်နေတာပါ။ 

အရပ်သားတွေနဲ့ ကျေးရွာတွေအပေါ် တိုက်ခိုက်မှုအများစုက စစ်ရာဇဝတ်မှုမြောက်ကြောင်း ထင်ရှားနေတယ်ဆိုပြီး HRW က ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကစလို့ မြန်မာစစ်တပ်ဟာ လူပေါင်း ၃၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီးဖြစ်သလို လူပေါင်း ၂၀၀၀၀ ကျော်ကိုလည်း မတရားဖမ်းဆီးခဲ့ပါတယ်။ 

လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ချမှတ်ပြီးကတည်းက မြန်မာနိုင်ငံအရှေ့တောင်ပိုင်းနဲ့ အနောက်မြောက်ပိုင်းဒေသတွေမှာ အာဏာသိမ်း စစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် အရပ်သား ၁သိန်းခွဲကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး စစ်ဘေးရှောင်နေရတဲ့ အရေအတွက်ဟာလည်း ၁ ဒသမ ၃သန်း အထိ ရှိလာပြီဖြစ်ကြောင်း HRW က ထောက်ပြပါတယ်။

မြန်မာနိုင်ငံအတွင်းမှု  လက်နက်ကိုင်တိုက်ပွဲတွေဟာ နိုင်ငံရဲ့ ၈၀ ရာခိုင်နှုန်းသော မြို့နယ်အသီးသီးမှာ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ နိုင်ငံတကာအသိုင်းအဝန်းနဲ့ ဒေသတွင်းအစုအဖွဲ့တွေရဲ့ လိုက်လျောမှုအပေါ်အခွင့်ကောင်းယူကာ ၂၀၂၁ ခုနှစ် ဧပြီလမှာချမှတ်ခဲ့တဲ့ အာဆီယံအဖွဲ့ရဲ့ "အချက် ငါးချက်ပါ သဘောတူညီမှု" အချက်တိုင်းကို ငြင်းပယ်နေတယ်လို့  HRW က ဆိုပါတယ်။ 

ဒါကြောင့် ဒီနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာစစ်အစိုးရ ပိုမိုအထီးကျန်လာအောင် ဘဏ္ဍာရေးနဲ့ လက်နက်စီးဆင်းမှုတွေ ပိတ်ဆို့နိုင်ဖို့အတွက် တခြားနိုင်ငံတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့လည်း အကြံပြုထားပါတယ်။

နိုင်ငံတကာလူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေအပေါ် နေ့စဉ်နဲ့အမျှ ချိုးဖောက်ကျူးလွန်နေမှုကို ခိုင်မာတဲ့ခြေလှမ်းတွေနဲ့အတူ တန်ပြန်နိုင်ဖို့အတွက် ဒီကနေ့အစည်းအဝေးကို အသုံးချသင့်တယ်ဆိုပြီး HRW လူ့အခွင့်အရေးအဖွဲ့ကြီးက တောင်းဆို လိုက်တာပါ။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013