DVB Logo
Home
မြန်မာသတင်း
ရခိုင်မီဒီယာ ၂ ခုကို စစ်ကောင်စီက အရေးယူမည်၊ အယ်ဒီတာ ၁ ဦးကို ပုဒ်မထပ်တိုးအမှုဖွင့်
DVB
·
March 13, 2023
ရခိုင်မီဒီယာ ၂ ခုကို စစ်ကောင်စီက အရေးယူမည်၊  အယ်ဒီတာ ၁ ဦးကို  ပုဒ်မထပ်တိုးအမှုဖွင့်
Donate to DVB

ရခိုင်အခြေစိုက် နိရဉ္စရာသတင်းဌာနနဲ့  Border News Agency (BNA) သတင်းဌာနတို့ကို  အရေးယူမယ်လို့  မတ်လ ၁၂ ရက်က ရခိုင်ပြည်နယ်စစ်ကောင်စီရဲ့ သတင်းစာမျက်နှာမှာ ဖော်ပြပါတယ်။

ရခိုင်အခြေစိုက် မီဒီယာ ၂ ခုကို မဟုတ်မမှန် သတင်းတွေရေးသားဖော်ပြနေတယ်ဆိုပြီး အရေးယူဖို့ လုပ်ဆောင်နေတဲ့အပြင်  နိရဉ္စရာသတင်းဌာန အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်ကိုလည်း ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ)နဲ့ တပ်တိုး အမှုဖွင့်လိုက်တယ်လို့ဆိုပါတယ်။

နိရဉ္စရာသတင်းဌာန အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်ကို ၂၀၂၂ ခုနှစ်တုန်းကလည်း သတင်းဖော်ပြမှုတခုနဲ့ပတ်သက်လို့ ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ)၊ ရာဇသတ်ကြီးပုဒ်မ- ၅ဝ၅(က)တို့နဲ့ စစ်ကောင်စီက အမှုဖွင့် တရားစွဲဆိုထားပြီး အခုတဖန် နောက်ထပ် ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ)နဲ့ ထပ်တိုး အမှုဖွင့်လိုက်ကြောင်း ပြည်နယ်စစ်ကောင်စီရဲ့ ရခိုင်နေ့စဉ်သတင်းမှာ ဖော်ပြပါတယ်။

နောက်ထပ် ရခိုင်သတင်းဌာနအသစ်တစ်ခုဖြစ်တဲ့  Border News Agency(BNA) သတင်းဌာနကိုလည်း “ဂိတ်များ ထပ်မံတိုးချဲ့ဖွင့်ခြင်း၊ မလိုအပ်ဘဲ စစ်ဆေးခြင်း၊ ငွေကြေး တောင်းခံခြင်းများရှိကြောင်း”သတင်းနဲ့ပတ်သက်ပြီး အရေးယူဖို့လုပ်နေတာလို့ဆိုပါတယ်။

ဒီသတင်းဟာ မဟုတ်မမှန် ချဲ့ကားရေးသားထားတာဖြစ်ကြောင်းနဲ့ ဒေသခံပြည်သူတွေက ခရီးသွားဖို့ စိုးရိမ်နေတယ်လို့  စစ်ကောင်စီက စွပ်စွဲထားတာဖြစ်ပါတယ်။

တရားစွဲခံထားရတဲ့ နိရဉ္စရာသတင်းဌာန အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်က “ရခိုင်မှာက စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများကြီးရှိခဲ့တယ်။ ရခိုင်လူထုတွေကို တမင်ရည်ရွယ်ပြီးတော့ ကုန်းလမ်းရေလမ်း အဆက်အသွယ်တွေ ဖြတ်တောက်ထားတာတွေရှိခဲ့တယ်။ အဲ့ဒါတွေကို ကျနော်တို့က သတင်းရေးသားဖော်ပြခဲ့တယ်။ စစ်ကောင်စီတပ်သားတွေရဲ့ လူ့အခွင့်အရေးချိုး ဖောက်မှုတွေ၊ အနိုင်ကျင့်မှုတွေ သူတို့ရဲ့ ဥပဒေမဲ့လုပ်ရပ်တွေပို ကျနော်တို့ မီဒီယာသမား တော်တော်များများ ဖော်ထုတ်ရေးသားခဲ့ကြတဲ့အပေါ်မှာ သူတို့ကမနှစ်သက်ကြဘူး။ မလိုလားဘူး။ မကျေနပ်ဘူးပေါ့။ အဲ့ဒါကြောင့် ရခိုင်မှာရှိတဲ့မီဒီယာသမားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖိနှိပ်တယ်၊ အကျပ်ကိုင်တယ်၊ ရခိုင်မီဒီယာတွေ လုပ်ရှားလို့မရအောင် ဒီလိုရည်ရွယ်ချက်တွေနဲ့ နိမ်နင်းဖို့ ကြိုးစားနေတာပေါ့။ ဒါကြောင့် ဒီလိုတရားစွဲဆိုမှုတွေ ဖြစ်လာတာလို့မြင်တယ်” လို့ ပြောပါတယ်။

နိရဉ္စရာသတင်းဌာနနဲ့ BNA သတင်းဌာနတို့ဟာ စစ်ကောင်စီရဲ့  ရခိုင်ပြည်အတွင်း စစ်ဆေးရေးဂိတ်တွေ တိုးချဲ့ဖွင့်၊ ဂိတ်စောင့်တွေ ငွေကြေးတောင်းခံနေတာ၊ ရေလမ်းကြောင်းတွေ မှာလည်း ကုန်သည်နဲ့ ခရီးသွားပြည်သူတွေဆီကနေ ဆပ်ကြေးငွေတောင်းခံစစ်ဆေးနေတဲ့ အကြောင်းအရာများကို သတင်းထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

BNA သတင်းဌာနကို ဘာပုဒ်မနဲ့ ဘယ်လိုအရေးယူမယ်ဆိုတာ  မဖော်ပြထားပေမဲ့ နိရဉ္စရာသတင်းဌာနကိုတော့ အရင်ဖွင့်လှစ်ထားတဲ့ ဆက်သွယ်ရေးဥပဒေပုဒ် ၆၆ (ဃ)နဲ့  ထပ်မံအမှုဖွင့်လှစ်ထားပါတယ်။

ရခိုင်ပြည်နယ်မှာ  နိရဉ္စရာသတင်းဌာန၊ DMG သတင်းဌာန၊ Western News သတင်းဌာနနဲ့ BNA သတင်းဌာနတို့ အခြေစိုက်ပြီး အဆိုပါမီဒီယာအားလုံးဟာ စစ်ကောင်စီရဲ့ တရားစွဲဆိုအရေးယူတာကို ခံထားရပါတယ်။

တရားစွဲဆိုထားတဲ့ ပုဒ်မတွေကတော့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)တို့ဖြစ်ပြီး DMG အယ်ဒီတာချုပ် ဦးအောင်မင်းဦးကိုတော့ မတရားအသင်းမှာ ရာထူးကြီးယူထားမှု ပုဒ်မ ၁၇ (၂) နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013