DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီကျင်းပသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူအရေအတွက် စံချိန်တင်ကျဆင်း
DVB
·
March 11, 2023
စစ်ကောင်စီကျင်းပသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူအရေအတွက် စံချိန်တင်ကျဆင်း
Donate to DVB

စစ်ကောင်စီလက်ထက်ကျင်းပတဲ့ လက်ရှိတက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ မြန်မာနိုင်ငံတဝန်း ဖြေဆိုသူ ကျောင်းသူကျောင်းသားအရေအတွက်ဟာ ပြီးခဲ့တဲ့နှစ်ရဲ့ ထက်ဝက်လောက်ပဲရှိပြီး အာဏာမသိမ်းခင် အန်အယ်လ်ဒီအစိုးရလက်ထက်ကနဲ့  နှိုင်းယှဉ်ရင် အဆမတန် လျော့နည်းသွားတယ်လို့ အခြေခံပညာဦးစီးဌာနရဲ့စာရင်းတွေအရ သိရပါတယ်။

စစ်ကောင်စီလက်ထက် စာမေးပွဲ ၂ ကြိမ်ကျင်းပရာမှာ ပြီးခဲ့တဲ့ ၂၀၂၁-၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာတော့ ဖြေဆိုဖို့ စာရင်းပေးထားသူစုစုပေါင်း ၃၁၂,၂၉၉ ယောက်ရှိပြီး ဝင်ရောက်ဖြေဆိုသူ ၂၈၀,၀၀၀  ကျော်ရှိခဲ့ပါတယ်။

အခုနှစ် မတ် ၈ ရက်ကနေ ၁၈ ရက်နေ့ထိ လက်ရှိဖြေဆိုနေကြတဲ့ စာမေးပွဲမှာတော့ ဖြေဆိုဖို့ စာရင်းပေးထားသူ ၁၇၉,၀၀၀ ကျော်ရှိပြီး ဖြေဆိုသူ ၁၆၁,၀၀၀ ကျော်ရှိတယ်လို့ စစ်ကောင်စီလက်အောက်ခံ စာစစ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

မနှစ်က နိုင်ငံတဝန်း ၃၂၁ မြို့နယ်မှာ စာစစ်ဌာန ၁,၂၅၆ ဌာနရှိပြီး  အခုနှစ်မှာတော့ ၃၀၉ မြို့နယ်က စာစစ်ဌာန ၈၆၃ ခုမှာ စာမေးပွဲပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ပြီးတော့ မနှစ်က ရခိုင်ပြည်နယ်မှာ ဖြေဆိုသူ ၄၅,၅၉၂ ယောက်နဲ့ အများဆုံး၊ အဲဒီနောက် ဧရာဝတီတိုင်းမှာ ၄၀,၃၂၀ ယောက်၊ ရန်ကုန်တိုင်းမှာ ၃၇,၅၆၀ ယောက်၊ မန္တလေးတိုင်းမှာ   ၃၇,၂၀၂ ယောက်နဲ့ အများဆုံးဖြေဆိုခဲ့ကြပါတယ်။

ဒီနှစ်မှာတော့ ရန်ကုန်တိုင်းမှာ ၂၃,၇၆၄ ယောက်နဲ့ အများဆုံးဖြေဆိုခဲ့ကြပြီး မန္တလေးတိုင်းမှာ ၂၂,၀၃၄ ယောက်၊ ဧရာဝတီတိုင်းမှာ ၂၀,၀၅၈ ယောက်၊ ရခိုင်ပြည်နယ်မှာ အယောက် ၁၆,၈၅၀ နဲ့ အများဆုံးဖြေဆိုကြတယ်လို့ ထုတ်ပြန်ထားပါတယ်။ ရှမ်းပြည်နယ် တပြည်နယ်လုံးမှာ ဖြေဆိုသူ ၁၂,၀၀၀ ကျော်ပဲရှိပြီး  ကယား(ကရင်နီ)ပြည်နယ် မှာတော့ ၉၂၁ ယောက်ဖြေဆိုတာကြောင့် အနည်းဆုံးဖြစ်ပါတယ်။

စစ်ကောင်စီကို ခုခံတွန်းလှန်စစ်ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းမှာ အရင်က စာမေးပွဲဖြေဆိုသူ ၁၂၅,၀၀၀ ကျော်ရှိခဲ့ပေမယ့် အခုတော့ ၉,၀၀၀ ကျော်ပဲ ဖြေဆိုနေပါတယ်။ ဒီနှစ်ဖြေဆိုသူ ၁၆၀,၀၀၀ ကျော်မှာ ကျောင်းမတက်ဘဲ ပြင်ပကနေဖြေဆိုသူ ၁၃၅,၀၀၀ လောက်ရှိပြီး ကျောင်းတွင်းဖြေဆိုသူက ၂၆,၀၀၀ ကျော်ပဲရှိတာကို တွေ့ရပါတယ်။

ဒီအရေအတွက်ဟာ စစ်တပ်အာဏာမသိမ်းခင်က ဆယ်တန်းစာမေးပွဲတွေမှာ ဝင်ရောက်ဖြေဆိုသူ အရေအတွက်နဲ့ နှိုင်းယှဥ်ကြည့်မယ်ဆိုရင် အများကြီးလျော့ကျသွားတာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီအစိုးရလက်ထက် ၂၀၁၉-၂၀ ပညာသင်နှစ်ရဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ စာရင်းပေးထားသူ ၉၇၀,၀၀၀ ကျော်ရှိခဲ့ပြီး ၉၁၀,၀၀၀ လောက်ဖြေဆိုခဲ့ကြပါတယ်။

နိုင်ငံတဝန်း စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ပြည်သူတွေ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတဲ့ အချိန်မှာပဲ အခုလို စာမေးပွဲကျင်းပနေတာပါ။ ဒီအခြေအနေတွေကြောင့်လည်း ကလေးအများစုဟာ စာမေးပွဲဝင်ရောက် မဖြေဆိုနိုင်ကြသလို စစ်ကျွန်ပညာရေးဆန့်ကျင်သပိတ်မှောက်မှုတွေ၊ မိဘတွေရဲ့ စားဝတ်နေရေး စီးပွားရေးကျပ်တည်း မှုတွေကြောင့် စာဖြေသူနည်းပါးသွားတာလို့ ပညာရေးလောကသားတွေက သုံးသပ်ပါတယ်။

စစ်ကောင်စီရဲ့ စာစစ်ဦးစီးဌာနက ထုတ်ပြန်တဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ အခုနှစ် ၁၀ တန်းစာမေးပွဲ ပထမဆုံး မြန်မာစာဖြေဆိုတဲ့နေ့မှာပဲ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ ပျက်ကွက်မှုအများဆုံး ဖြစ်နေတာကို တွေ့ရပါတယ်။

၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှာ KG+12 သင်ရိုးသစ် အစီအစဥ်ကို စတင်ခဲ့တာကြောင့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဟာ သင်ရိုးဟောင်းသမားတွေအနေနဲ့ နောက်ဆုံးဖြေဆိုရမယ့် စာမေးပွဲလည်းဖြစ်ပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် စာသင်ကျောင်းတွေ ပိတ်ခဲ့ရတာရယ် စစ်တပ် အာဏာသိမ်းမှုနဲ့ ပညာရေးဝန်ထမ်းတွေရဲ့ CDM အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေကြောင့် ၂၀၂၁ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ကျင်းပနိုင်ခဲ့ခြင်း မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013