DVB Logo
Home
မြန်မာသတင်း
ကြက်သွန်ဈေးထပ်မံကျဆင်း၊  ပြန်လည်စိုက်ပျိုးရန် တောင်သူများ အခက်ကြုံ 
DVB
·
June 24, 2025
ကြက်သွန်ဈေးထပ်မံကျဆင်း၊  ပြန်လည်စိုက်ပျိုးရန် တောင်သူများ အခက်ကြုံ 
Donate to DVB

မြန်မာပြည်တွင်းမှာ ကြက်သွန်ပေါ်ပြီး ၃ လကြာတဲ့အထိ ကြက်သွန်တွေ မရောင်းရဘဲ ဈေးတွေလည်း ထပ်ကျလာတဲ့အတွက် နောက်ရာသီချိန်မှာ တောင်သူတွေ ပြန်လည်စိုက်ပျိုးဖို့ ခက်ခဲလာကြပါတယ်။

ပြီးခဲ့တဲ့ချောင်းကြက်သွန်ရာသီမှာ ကြက်သွန်ဈေးကျတာ၊ ဝယ်သူမရှိတာတွေကြောင့် ကြက်သွန်စိုက်ပျိုး ခဲ့တဲ့သက်တမ်းတလျှောက် ဆိုးရွားတဲ့အဖြစ်အပျက်ကို ကြက်သွန်တောင်သူ တွေ ကြုံတွေ့နေရပါတယ်။

ရေနံချောင်းမြို့နယ်နေ  ကြက်သွန်တောင်သူတယောက်က “ အသက် ၆၀ ကျော်ပြီ။ ဒီလိုနှစ်မျိုးတော့ တွေ့ကိုမတွေ့ဖူးဘူး။ လာမယ့်နှစ်စိုက်နိုင်ဖို့က အခက်ကြီး။ ဒီလိုတိုင်းသာဆိုရင်။ တော်တော်ကို အရင်းကုန်တာကိုး။ သုံးလေးဆယ်ဝင်တာ။ တချို့ဆိုရင် ငါးဆယ်။ အခုဟာက ပေါ်ကို မပေါ်သေးဘူးဆိုတော့ ကြက်သွန်တောင်သူဦးကြီးတွေက စိတ်ညစ်နေတာပေါ့။ လာမယ့်နှစ်ကတော့ ဒီလိုတိုင်းဆိုရင်တော့ စိုက်ဖို့ ခက်နေပြီပေါ့”လို့ ပြောပါတယ်။

ချောင်းကြက်သွန်ဟာ ဆောင်းရာသီ ရေနည်းချိန်မှာ သဲချောင်းပြင်ပေါ်မှာ စိုက်ပျိုးကြတာဖြစ်ပါတယ်။ ဒါကြောင့် စိုက်ပျိုးမြေကိုအထူးပြုပြင်ရပြီး သဘာဝမြေဩဇာတွေ၊ ဓာတ်မြေဩဇာတွေကို အသုံးပြုရတဲ့အတွက်လည်း ကုန်ကျစရိတ်လည်း ကြီးမားပါတယ်။

ကြက်သွန်တပိဿာမှာ စိုက်ပျိုးစရိတ်အရင်းနှီးက ကျပ် ၁၀၀၀  အနည်းဆုံးရှိပြီး ကြက်သွန်ပေါ်ချိန် မတ်လမှာ တပိဿာကို ကျပ် ၁၂၀၀ ပေါက်ဈေးရှိခဲ့ကာ အဲ့ဒီအချိန်က ကြက်သွန်နီတတန် FOB ဈေးက အမေရိကန်ဒေါ်လာ ၄၇၅ အထိရှိခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ကြက်သွန်ဈေးက တပိဿာကို စိုက်ပျိုးထုတ်လုပ်မှု စရိတ်အောက်ကျဆင်းလာပြီး ကျပ် ၉၅၀ သာ ရှိနေပါတော့တယ်။

ဒါ့အပြင် ရက်ကြာလာတာနဲ့အမျှ ကြက်သွန်အလေးချိန်ကလည်း လျော့လာပြီး ၃ လအတွင်း ကျပ်သွန် တပိဿာကို ၁၅ ကျပ်သားအထိ လျော့ကျလာနေပါတယ်။

မကွေးတိုင်းက ကြက်သွန်စိုက်ပျိုးသူတောင်သူတယောက်က “ရှေ့မှာ ကျနော်တို့ အစကနေတူးလိုက်တဲ့အထိက ဂိုဒေါင်ပေါ်ရောက်တဲ့အထိ အရင်းက တပိဿာကို ၁၀၀၀ လောက် ကျတယ်။ အခုက တပိသာကို ၁၅ ကျပ်သားလောက်လျော့သွားပြီဆိုတော့ ပထမဈေးရှုံးတယ်။ အခုကာလပေါက်ဈေးက ၁၀၀၀ တောင် မဝယ်ချင်ဘူးဖြစ်နေတာ၊ မဝယ်ဘူးပေါ့နော်။ မဝယ်တဲ့ အခါကျတော့ ကွင်းထဲကနေ ကိုယ့်ဂိုဒေါင်မှာ ကျနေတဲ့ဈေးက ၁၀၀၀ လောက်ကျတယ်။ အဲ့ ၁၀၀၀ လောက်မှာ ၁၅ ကျပ်သားအလျော့တွက်ပါဆိုတော့ ကုန်လျော့တယ်။ ဈေးကွက်လည်း လျော့သွားတာဆိုတော့ ကျနော်တို့မှာ မကိုက်သော်လည်း ကြိတ်မှိတ်ထားနေရတာပေါ့”လို့ ပြောပါတယ်။

ကြက်သွန်ဈေးက စိုက်ပျိုးသူတောင်သူအတွက် အရင်းဈေးလောက်ပဲရှိပေမဲ့ လက်လီဈေးကွက်မှာ ကြက်သွန်ဈေးက တပိဿာကို ကျပ် ၂၀၀၀ နဲ့အထက်မှာ ရှိနေပါတယ်။

ကြက်သွန်တောင်သူတွေနည်းတူ ရေနံချောင်းအခြေစိုက် ကြက်သွန်ပွဲစားကုန်သည်တွေကလည်း လက်ရှိ ၂၀၂၅ ချောင်းကြက်သွန်ဈေးကွက် အခြေနေတွေကြောင့် ကျပ်တည်းနေတဲ့အခြေအနေကို ရေနံချောင်းမြို့က ကြက်သွန်ကုန်သည်တယောက်က  ပြောပါတယ်။

“ခုက ပြည်တွင်းစားသုံးမှုကလည်း ကျုံ့သွားတာပေါ့။ အဓိကကတော့ဗျာ အခုဖြစ်နေတဲ့ တိုင်းရေးပြည်ရေးနဲ့ ပြဿနာတွေပေါ့။ တချို့ဆိုရင် ရခိုင်ဒေသကို လုံးဝပို့လို့မရဘူးဗျာ။ မြစ်ဝကျွန်းပေါ်ကိုသွားမယ်ဆိုရင်လည်း ပြည်ဘက်က ဥသျှစ်ပင်ဘက်က ပိတ်ထားတော့ ရန်ကုန်ကနေ တပတ်ကြီးပတ်သွားရတယ်။ အဲ့လိုဟာတွေကျတော့ သယ်ယူပို့ဆောင်ခ စရိတ်တွေက ကျတာပေါ့နော်။ အဲ့ဒါမျိုးပေါ့။ အဲ့ဒါလည်းပါတယ်။ နောက်ကြက်သွန်ရဲ့ အရည်အသွေးကတော့ လောလောဆယ်မှာ တောင်သူက အရည်သွေးညံ့တာတွေ ထုတ်နေတော့ ဈေးကွက်က မထိန်းနိုင်တာပါ၊ အဓိကကတော့။”

မြန်မာ့ကြက်သွန်က တရုတ်နိုင်ငံကစလို့၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကို တင်ပို့နေသလို မြန်မာပြည်အနှံ့ တင်ပို့စားသုံးနေတဲ့ မရှိမဖြစ် စားဖိုဆောင်သီးနှံတစ်မျိုးပဲဖြစ်ပါတယ်။

အခုလို စိုက်ပျိုးထွက်ရှိလာတဲ့ ကြက်သွန်တွေကို ပြည်တွင်း၊ ပြည်ပတင်ဖို့ပို့ခက်ခဲနေသလို ကြက်သွန်တောင်သူတွေ ဈေးမရတာ၊ ကြာရှည်သိုလှောင်ဖို့ခက်ခဲလာတာတွေက ကြက်သွန်စိုက်ပျိုးထုတ်လုပ်မှုကို အဟန့်တား ဖြစ်လာစေမှာ ဖြစ်ပါတယ်။

လက်ရှိမှာ ကြက်သွန်ကို မကွေးတိုင်း၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်း ဒေသကြီးတို့မှာ အများဆုံး စိုက်ပျိုးကြပြီး စုစုပေါင်းစိုက်ဧက ၁၇၀,၀၀၀ ကျော်ရှိပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013