DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာများအတွက် ယူကေက ပေါင် ၅ သန်းကျော် ထောက်ပံ့ ကူညီမည်
DVB
·
March 11, 2023
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာများအတွက် ယူကေက ပေါင် ၅ သန်းကျော် ထောက်ပံ့ ကူညီမည်
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်ရှိခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁ သန်းဝန်းကျင်အတွက် ယူကေနိုင်ငံက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေါင် ၅ ဒသမ ၂၆ သန်း ထောက်ပံ့ ကူညီသွားမယ်လို့ ပြောပါတယ်။

အဆိုပါ ထောက်ပံ့မှုထဲက ပေါင် ၄ ဒသမ ၂၆ သန်းကိုတော့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကတဆင့် ဖြန့်ဝေပေးသွားမှာဖြစ်ပြီး ကျန်တဲ့ ပေါင် ၁ သန်းကိုတော့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကတဆင့် လေလုံပေါင်းအိုး (Pressure Cooker) တွေ ပေးပို့သွားမယ်လို့ ဆိုပါတယ်။

ဒါဟာ အမေရိကန်နိုင်ငံက ဘင်္ဂလားဒေ့ရှ်နဲ့ ဒေသတွင်းနိုင်ငံတွေမှာ ခိုလှုံရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဒေါ်လာ ၂၆ သန်းနီးပါး ထပ်မံပံ့ပိုးကူညီသွားမယ်လို့ ကြေညာပြီး သိပ်မကြာခင်မှာပဲ ယူကေက ခုလိုထုတ်ပြန်လာတာပါ။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ သြဂုတ်လကတည်းက စတင်ကာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် မွတ်ဆလင်အများစုဖြစ်တဲ့ ရိုဟင်ဂျာဦးရေ ၁ သန်းဝန်းကျင်လောက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကယ် ဆယ်ရေး စခန်းတွေမှာ ခိုလှုံနေထိုင်နေကြရတာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ အိန္ဒိယ-ပစိဖိတ်ဒေသဆိုင်ရာ ဗြိတိန်ဝန်ကြီး အန်းန်မာရီ ထရီဗဲလ်လျန်ကတော့ ကောဇ့်ဘဇားခရိုင်ထဲက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေဆီ သွားရောက်လည်ပတ်ဖို့ ရှိနေပြီး ယူကေအစိုးရအနေနဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကတဆင့် လူပေါင်း ၄ သိန်းခွဲနီးပါးကို ကူညီနေကာ လေလုံပေါင်းအိုး (Pressure Cooker) တွေ ထောက်ပံ့ပေးခြင်းက ဟင်းချက်ရာမှာ ဓာတ်ငွေ့သုံးစွဲမှု လျှော့ချနိုင်ဖို့ ကူညီပေးနိုင်တယ်လို့ ပြောပါတယ်။

“ရိုဟင်ဂျာတွေအနေနဲ့ မြန်မာနိုင်ငံကို ဘေးကင်းလုံခြုံပြီး သူတို့သဘောဆန္ဒအလျောက် ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်စေမယ့် ရေရှည်ဖြေရှင်းချက်တခုရရှိနိုင်ဖို့အတွက် ဗြိတိန်နိုင်ငံက ဆက်လက်ပြီးတော့ တွန်းအားပေးနေပါတယ်။”

ယူကေနိုင်ငံအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေ့ရှ်အိမ်ရှင်အသိုင်းအဝိုင်းကို လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက စတင်ကာ ပေါင်သန်း ၃၅၀ ထိထောက်ပံ့ကူညီပေးခဲ့ပြီးဖြစ်ကာ အဲဒီထဲမှာတော့ အစားအသောက်၊ အမိုးအကာ၊ ရေနဲ့ တကိုယ်ရေသန့်ရှင်းရေး၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပါဝင်နေပါတယ်။

ပြီးခဲ့တဲ့ မတ် ၅ ရက်က ဘာလုခါလီ ဒုက္ခသည်စခန်းမီးလောင်မှုမှာ အိမ်ခြေ ၂၀၀၀ ကျော် မီးထဲပါသွားခဲ့ပြီး သောင်းနဲ့ချီတဲ့ ရိုဟင်ဂျာ မီးဘေးဒုက္ခသည်တွေအတွက် လတ်တလောမှာ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ကုလသမဂ္ဂကတော့ ပြီးခဲ့တဲ့နှစ်မှာ အကူအညီပေးရေးကတိတွေ ရုတ်ချည်း သိသိသာသာကျဆင်းခဲ့တာကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေကို လူသားချင်းစာနာမှုလိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ဖို့ အမေရိကန် ဒေါ်လာ ၈၇၆ သန်း (ပေါင် ၇၃၃ ဒသမ ၉၂ သန်း) လိုအပ်ချက် ရှိနေတယ်လို့ အခုသီတင်းပတ်ထဲမှာ ပြောထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ခံစားခဲ့ကြရတဲ့ ရိုဟင်ဂျာအိမ်ထောင်စုတွေအတွက် အနက်ရှိုင်းဆုံးစာနာမှု စည်းလုံးညီညွတ်မှုတို့ကို ဖော်ပြအပ်ကြောင်း၊ UNHCR၊ နိုင်ငံတကာမိတ်ဖက်တွေ၊ ဒေသခံရိုဟင်ဂျာအဖွဲ့အစည်းတွေနဲ့အတူ ထိခိုက်ခံစားခဲ့ရတဲ့ အိမ်ထောင်စုများအတွက် အကူအညီများပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ မတ် ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013