DVB Logo
Home
မြန်မာသတင်း
နိုင်ငံတကာသံတမန်များ လာရောက်စဉ် ကျောက်ဖြူမှ မွတ်စလင်ဒုက္ခသည်များ အခက်အခဲ တင်ပြခွင့်မရ
DVB
·
March 10, 2023
နိုင်ငံတကာသံတမန်များ လာရောက်စဉ် ကျောက်ဖြူမှ မွတ်စလင်ဒုက္ခသည်များ အခက်အခဲ တင်ပြခွင့်မရ
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ကျောက်တလုံး မွတ်စလင်ဒုက္ခသည်စခန်းကို မတ် ၉ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီလက်အောက်ခံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နဲ့ နိုင်ငံတကာသံတမန်တွေ ရောက်လာခဲ့ပေမဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ တင်ပြခွင့်မရခဲ့ဘူးလို့ ဒုက္ခသည်တွေက ပြောပါတယ်။

ကျောက်တလုံး မွတ်စလင်ဒုက္ခသည်စခန်းမှ ဒုက္ခသည် လူကြီးတဦးက “ကျနော်တို့ကို တင်ပြဖို့ အချိန်ပေးတဲ့အချိန်မှာ အာဏာပိုင်တွေက အစည်းအဝေးအခမ်းအနား ပြီးဆုံးကြောင်း ကြေညာလိုက်တာ။ ကျနော်တို့ ဘာမှ မတင်ပြနိုင်ခဲ့ကြရဘူး။ သူတို့ ဘာတွေဆွေးနွေးလဲ ဆိုတော့ သူတို့ plan ကို သူတို့ချပြပြီး Powerpoint ထိုးပြီး ရှင်းပြသွားတာ။ ဒီဟာက ရေကန်၊ ဒီဟာက IDP စခန်းနေရာချထားတဲ့ မြေကွက်က ဦးပိုင်ကုမ္ပဏီပိုင်မြေက ဘယ်လောက်ပါတယ်၊ ခမရ ၅၄၂ တပ်ပိုင်မြေက ဘယ်လောက်ပါတယ်၊ ဒီမြေနေရာတွေအတွက် ပြည်နယ်အစိုးရရဲ့ ရန်ပုံငွေ သန်း ဘယ်လောက်နဲ့ ဒီမြေနေရာတွေကို ဝယ်ရတယ်။ ဒီစခန်းရဲ့ အိမ်ခြေ ၃၆၇ အိမ်မှာ အိမ်တလုံးကို ကုန်ကျငွေက ဘယ်လောက်ကုန်တယ် ဆိုတာကို Powerpoint နဲ့ထိုးပြီး ရှင်းပြသွားတာ။ ခရိုင်အုပ်ချုပ်ရေးမှူးက Powerpoint နဲ့ထိုးပြတယ်။ နိုင်ငံတကာသံတမန်တွေကို သူတို့မှာ ပါလာတဲ့ ဘာသာပြန်နဲ့ ဘာသာပြန်ပြတယ်။ အဲဒါပါပဲ” လို့ ပြောပါတယ်။

ကျောက်ဖြူ၊ ကျောက်တလုံး မွတ်စလင်ဒုက္ခသည်စခန်းမှာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ကျောက်ဖြူမြို့ပေါ်ရပ်ကွက်က မွတ်စလင်တွေကို မြို့နဲ့ ၃ မိုင်ကျော်ဝေးတဲ့ ကျောက်တလုံးဘုရားအနီးမှာ ဒုက္ခသည်စခန်း ဖွင့်လှစ်ထားရှိခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ အဆိုပါနေရာနဲ့ ၂ ဖာလုံကျော်ဝေးတဲ့ နေရာမှာ မိသားစုတစုအတွက် အလျား ၄၀၊ အနံ ၂၀ ပေရှိတဲ့ မြေတကွက်ပေးကာ နေအိမ်တွေကို ကျပ် သန်း ၂,၀၀၀ ကျော် အကုန်ခံပြီး တည်ဆောက်ထားတယ်ဆိုတဲ့ နေရာသစ်မှာ ကျောက်တလုံး IDP စခန်းက ဒုက္ခသည်တွေကို ဧပြီလအတွင်း အပြီးပြောင်းရွှေ့နေရာချပေးဖို့ စစ်ကောင်စီက ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

“ဒီ IDP စခန်းမှာ တောင်းဆိုစရာတွေက အများကြီးပဲလေ။ ပုံစံ ၁၀၅/၁၀၆ မပေးဘူး။ ပုံစံ ၁၁ မပေးဘူး။ ပုံစံ ၁၁ က အမွေဆက်ခံလို့ရတဲ့ အထောက်အထားပဲ။ မြေစာရင်းမှာ လုပ်ရတာ။ ဆိုလိုတာက အခု သူတို့ပေးတဲ့ မြေနဲ့အိမ်ကို သားသမီးနဲ့ ဇနီး အမွေဆက်ခံနိုင်ရမယ်။ အဲဒီလိုမပေးတော့ ကျနော်တို့ပိုင်တယ်လို့ သတ်မှတ်လို့မရဘူး။ ကျနော်တို့က ကျောက်ဖြူမြို့ပေါ် ရပ်ကွက်တွေက ထွက်ပြေးလာခဲ့ကြရတာ။ ရပ်ကွက်တိုင်းမှာ သာသနိကအဆောက်အအုံ ဗလီဝတ်ကျောင်းတခုစီ ရှိတယ်။ အဲဒီ ဗလီဝတ်ကျောင်းနေရာတွေကိုတောင် မပေးဘူး။ ပလပ်မြေနေရာတွေ များစွာရှိတယ်။ ပေးပါလို့ အကြိမ်ကြိမ် တောင်းခဲ့တယ်။ ခရိုင်နဲ့ ပြည်နယ်တောင်မက ဗဟိုအထိ တောင်းပေမဲ့ မပေးဘူး။”

ကျောက်ဖြူ၊ ကျောက်တလုံး မွတ်စလင်ဒုက္ခသည်စခန်းမှာ အိမ်ခြေ ၃၆၇ အိမ်၊ လူဦးရေ ၁,၀၀၀ ကျော် နေထိုင်နေတာပါ။

အစိုးရက ပြန်လည်နေရာချထားဖို့ ငွေကျပ်သန်း ၂,၀၀၀ ကျော် အကုန်အကျခံ ဆောက်လုပ်ထားတဲ့ လူနေအိမ်တွေမှာ လူမနေထိုင်မီကတည်းက ပြိုပျက်နေကြပြီး အဲဒီနေရာမှာ ဒီရေတွေတက်ကာ ဆားငံရည် ပတ်လည်ဝန်းရံထားတဲ့နေရာဖြစ်တာကြောင့် မိုးရာသီမှာ အခက်အခဲကြုံလာနိုင်လို့ နေထိုင်ဖို့ မဖြစ်နိုင်ကြောင်း ဒုက္ခသည်တွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013