Home
မြန်မာသတင်း
ရေစကြိုတွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ ထီးလင်း၌ စစ်တပ်က ရွာမီးရှို့၊ ပခုက္ကူပျူစောထီးခေါင်းဆောင် ပစ်သတ်ခံရ
DVB
·
March 9, 2023
army fire in Htee Linn

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ မတ်လ ၇ ရက်နဲ့ ၈ ရက်နေ့တွေက စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး အများအပြား ဒဏ်ရာရရှိကာ ဓားစာခံအဖြစ် စစ်ကောင်စီတပ်က ဖမ်းခေါ်ထားတဲ့ ပြည်သူတယောက်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပ.က.ဖ ကနေ သိရပါတယ်။

မြိုင်မြို့နယ် ကန်နီ(ပျူ)ရွာဘက်ကနေ မတ်လ ၇ ရက်က စတင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ၂ ရက်အတွင်း အနီးကပ် ချောင်းမြောင်းပစ်ခတ်တာတွေ၊ ဒရုန်းနဲ့ ဗုံးချပြီး ကြားဖြတ်တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ရေစကြို ပကဖ ခေါင်းဆောင် ရဲဘော်ဝေကြီးက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က အများအပြား ဒဏ်ရာရရှိခဲ့ပေမဲ့ အတိအကျ မသိရသေးလို့ ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

အထိနာသွားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီး ၄၀ လောက်ကတော့ မြေနီကုန်းရွာထဲက နေအိမ်တွေကို ဝင်ရောက်မွှေနှောက် ရှာဖွေတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ​ဓားစာခံပြည်သူတယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကယ်ထုတ်နိုင်ခဲ့ပြီး MA ကျည်အိမ် ၂ခု၊ ၅.၅၆ ကျည် ၂၀၅ တောင့်နဲ့ နင်းမိုင်း ၁လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ ရဲဘော်ဝေကြီးက ပြောပါတယ်။

“အဲဒီ ဒရုန်းစစ်ဆင်ရေးကို ရေစကြို ပကဖနဲ့အတူ သံမဏိသိန်းငှက် ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ကျနော်တို့ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူး။”

ရေစကြိုမြို့မှာ မတ်လ ၇ ရက် နေ့လယ်ပိုင်းကလည်း စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြို ပကဖ ကနေ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ထလင်းရွာကို စစ်ကောင်စီတပ်သားတွေက မတ်လ ၇ ရက် မနက်မှာ ရုတ်တရက် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ရွာသားတချို့ရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထလင်းရွာက ဒေသခံ ဦးဆန်းလင်း၊ ဦးလှမောင်၊ ဒေါ်ခင်မာဝင်းတို့ရဲ့ နေအိမ်တွေနဲ့ ရွာတောင်ဘက်ပိုင်းက ဦးဝင်းမြင့်ရဲ့ တဲတလုံး အပါအဝင် ထွန်စက်တွေကို မီးရှို့ဖျက်ဆီးသွားခဲ့ကြကာ ထလင်းရွာသား ကိုအောင်ထွန်းနိုင်ကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တဲ့အပြင် ဦးသန်းအောင်ဆင့်ရဲ့ ခိုင်းနွား ၂ ကောင်နဲ့ လှည်းတစီး၊ ဦးမြသိန်းရဲ့ ခိုင်းနွားကြီး ၂ ကောင်၊ ဦးမင်းအောင်ရဲ့ လှည်းတစီးတို့ကိုပါ ခိုးယူလုယက်သွားခဲ့ကြတာလို့ ဆိုပါတယ်။

ထီးလင်းဒေသခံတယောက်က “ထလင်းရွာက ထီးလင်းမြို့နဲ့ နီးတယ်။ ဒါ‌ကြောင့် သူတို့ ရုတ်တရက်ဝင်လာတာ။ ဒေသခံအများစုကတော့ ရွာထဲကနေ ထွက်ပြေးကြတယ်။ ကိုအောင်ထွန်းနိုင်ကတော့ မပြေးလို့ ဖမ်းခံလိုက်ရတာ။ အပြန်အလှန် ပစ်ခတ်နေတဲ့ လက်နက်ကြီးသံတွေလည်း ကြားခဲ့ရတယ်” လို့ ဒီ‌ဗွီဘီကို ပြောပါတယ်။

ဒေသခံတွေ ထလင်းရွာအထွက် မောချောင်းအရှေ့ဘက်ကမ်းအရောက်မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ရင်း YRA က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထီးလင်းမြို့ ရွှေထီးခန်းမက စစ်သားတွေဘက်ကလည်း လက်နက်ကြီးနဲ့ ပြန်လှန်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်‌ကောင်စီဘက်က ထိခိုက်မှုရှိမရှိ မသိရသေးပေမဲ့ မိမိတို့ ကာကွယ်ရေးပြည်သူ့ရဲဘော်တွေ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုဘက်က ဆိုပါတယ်။

ထီးလင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံနေအိမ် ၂၀၀ ဝန်းကျင် မီးလောင်ဆုံးရှုံးထားပြီး စစ်ကောင်စီက ထီးလင်းမြို့နယ်ကို အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာ ၁ နှစ်ခွဲကျော် ကြာမြင့်နေပြီလည်း ဖြစ်ပါတယ်။

မကွေးတိုင်း ပခုက္ကူမြို့နယ်မှာလည်း မတ်လ ၇ ရက် ညက ပျူစောထီးခေါင်းဆောင်တယောက် ပစ်သတ်ခံရပြီး လက်နက်ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ Young Force UG ကနေ သိရပါတယ်။

ပခုက္ကူမြို့နယ် မန်ကျည်းပင်ပုအုပ်စု၊ ကျွန်းအိုကျေးရွာက ပျူစောထီးခေါင်းဆောင် စိုးမြင့်သန်းကို မတ်လ ၇ ရက် ည ၁၀ နာရီ ၄၅ မိနစ်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ချအညံ့ခံဖို့ ပြောဆိုရာ ပြန်လည်ခုခံတာကြောင့် သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းလိုက်တာလို့ Young Force UG တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီပျူစောထီးခေါင်းဆောင်ဟာ သူ့ရွာအပြင် အနီးပတ်ဝန်းကျင်ကျေးရွာတွေက ပြည်သူတွေကို အနိုင်ကျင့်ဗိုလ်ကျကာ နည်းမျိုးစုံနဲ့ ခြိမ်းခြောက်ပြီး စစ်ကောင်စီအလိုကျ လစဥ် ဆက်ကြေးကောက်ပေးနေတဲ့အတွက် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

အဲဒီ ပျူစောထီးခေါင်းဆောင်ဆီက လက်ပစ်ဗုံး ၁ လုံး၊ ၅.၅၆ ကျည် ၁၀ တောင့်၊ လက်ကိုင်ဖုန်း ၂ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို Young Force UG နဲ့အတူ ညီနောင်သုံးဖော် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရေစကြို)၊ Taung Latt PDF-YSO တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

ပခုက္ကူမြို့နယ်မှာ မတ်လ ၂ ရက်ကလည်း စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၀ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ ကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024