DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်နိုင်ငံက မီးဘေးသင့် ရိုဟင်ဂျာ ၁၂,၀၀၀ ကျော် အရေးပေါ်အကူအညီလိုအပ်နေ
DVB
·
March 7, 2023
ဘင်္ဂလားဒေ့ရှ်နိုင်ငံက မီးဘေးသင့် ရိုဟင်ဂျာ ၁၂,၀၀၀ ကျော် အရေးပေါ်အကူအညီလိုအပ်နေ
1 / 3
Donate to DVB

ဘင်္ဂလားဒေ့်ရှ်နိုင်ငံ၊ ကောဇ့်ဘဇားခရိုင်၊ အိုခီးယားမြို့ရှိ ဘာလုခါလီ ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်မှုမှာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့  မီးဘေးဒုက္ခသည် လူဦးရေ ၁၂၀၀၀ ကျော်  အရေးပေါ် အကူအညီတွေ လိုအပ်နေပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း အကူအညီ ပေးသွားမယ်လို့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၅ ရက် နေ့လယ် ၂ နာရီလောက်က ဘာလုခါလီ ဒုက္ခသည်စခန်းမီးလောင်မှုမှာ အိမ်ခြေ ၂၀၀၀ ကျော် မီးထဲပါသွားခဲ့ပြီး သောင်းနဲ့ချီတဲ့ ရိုဟင်ဂျာ မီးဘေးဒုက္ခသည်တွေအတွက် လတ်တလောမှာ အိမ်သာတွေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ ဒေသခံ မီးဘေးသင့်ရိုဟင်ဂျာ တယောက်က ပြောပါတယ်။

ရိုဟင်ဂျာအရေးဆောင်ရွက်နေသူ ရိုအောင်မြိုင်က ''လောလောဆယ် မီးလောင်ခံရတဲ့သူတွေက သူတို့အိမ်နေရာဟောင်းတွေမှာပဲ နေရာပြန်ယူထားကြတယ်။ IOM က ရွက်ဖျင်တဲတွေနဲ့ ဝါး ၁၀ လုံးစီ ထုတ်ပေးထားတယ်။ မနေ့က ပျောက်နေတဲ့ကလေးတွေလည်း ပြန်တွေ့တယ်။ ထိခိုက်ဒဏ်ရာရသူ တယောက်မှမရှိပါဘူး။ ထမင်းထုပ်တွေကတော့ ဘင်္ဂလားဒေ့ရှ်ဘက်က အလှူရှင်တချို့နဲ့ လူမှုအဖွဲ့အစည်းတချို့က  ကူညီကြတာ။ လတ်တလောအနေနဲ့ ကလေးငယ်တွေ နဲ့ ကိုယ်ဝန်ဆောင်မိခင်တွေရှိတဲ့အတွက် သူတို့အတွက် ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ နဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ၊ အိမ်သာကိစ္စအတွက်က ချောင်းထဲမှာပဲ သွားနေရပြီး၊ အိမ်သာတွေ အရေးပေါ်  လိုအပ်နေတယ်” လို့ ပြောပါတယ်။

အခုမီးလောင်မှုဟာ ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်မှုတွေထဲမှာ အကြီးမားဆုံး မီးလောင်မှုဖြစ်ပြီး စခန်းထဲရှိ လူနေအိမ်ခြေအများစု မီးထဲပါသွားသလို ဒုက္ခသည်တွေကို ဝန်ဆောင်မှုပေးနေတဲ့  ဆေးရုံ၊ ဆေးခန်းနဲ့ စာသင်ကျောင်း စုစုပေါင်းနေရာ ၉၅ နေရာ မီးလောင်ပျက်စီးဆုံးရှုံးခဲ့တာဖြစ်ပါတယ်။

IOM အဖွဲ့ လူသားချင်းစာနာကူညီမှုဆိုင်ရာတာဝန်ရှိသူ ဆာမြူရယ်ဖယ်လ်စစ်က “မီးလောင်တုန်းကလည်း ဘင်္ဂလားဒေ့ရှ် မီးသတ်နဲ့ လေ့ကျင့်ပေးထားတဲ့ ရိုဟင်ဂျာမီးသတ်တို့ ပေါင်းပြီး မီးကိုငြှိမ်းသတ်ခဲ့ကြပေမဲ့ လေပြင်းတိုက်နေတာကြောင့် ၃ နာရီလောက်ကြာအောင် မီးကိုငြှိမ်းသတ်ခဲ့ရတယ်။  အခု IOM အနေနဲ့ မိုဘိုင်းဆေးအဖွဲ့ ၃ ဖွဲ့ခွဲပြီး၊ ဒဏ်ရာရသူတွေကို လိုက်ပါကူညီကုသပေးနေပြီး နောက်ထပ်လည်း ၃ ဖွဲ့ ထပ်ဖွဲ့ပြီး၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်သူတွေကို လိုက်လံကူညီပေးနေပါတယ်။ နောက်  IOM က မိတ်ဖက်အဖွဲ့တွေနဲ့ ညှိပြီး အမိုးအကာတွေ နေရာထိုင်ခင်းတွေ၊ လိုအပ်တဲ့ဟာတွေနဲ့ နဂိုပုံမှန်အခြေအနေဖြစ်အောင် ဆောင်ရွက်စီစဉ်နေပါတယ်" လို့  IOM ရုပ်သံမှာ ပြောကြားခဲ့ပါတယ်။ 

မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ခံစားခဲ့ကြရတဲ့ ရိုဟင်ဂျာအိမ်ထောင်စုတွေအတွက် အနက်ရှိုင်းဆုံးစာနာမှု စည်းလုံးညီညွတ်မှုတို့ကို ဖော်ပြအပ်ကြောင်း၊ UNHCR၊ နိုင်ငံတကာမိတ်ဖက်တွေ၊ ဒေသခံရိုဟင်ဂျာအဖွဲ့အစည်းတွေနဲ့အတူ ထိခိုက်ခံစားခဲ့ရတဲ့ အိမ်ထောင်စုများအတွက် အကူအညီများပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဌာနက မတ်လ ၆ ရက်မှာထုတ်ပြန် ပါတယ်။ 

NUG အစိုးရအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ရေတိုလိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ရေး၊ ဆင်းရဲဒုက္ခတွေ အဆုံးသတ်နိုင်ရေးနဲ့ မြန်မာနိုင်ငံရှိ သူတို့ရဲ့ နေရပ်တွေကို ဘေးကင်းလုံခြုံစွာ ပြန်လည်နေထိုင်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနိုင်ဖို့ ရေရှည်ဖြေရှင်းနည်းတခုကိုလည်း လိုအပ်တယ်လို့ ဆိုပါတယ်။ 

ဘာလုခါလီရိုဟင်ဂျာဒုက္ခသည်စခန်းမှာ အိမ်ခြေ ၇၀၀၀ ကျော်နဲ့ လူဦးရေ ၃၀၀၀၀ ကျော်ရှိပြီး  မီးလောင်တဲ့နေရာက   ဘာလိုခါလီ အမှတ် ၂ စခန်း ၁၁ မှာဖြစ်ပြီး အဲ့ဒီဒုက္ခသည်စခန်းတွေက နှစ်စဥ်နွေရာသီရောက်တိုင်း မကြာခဏ မီးလောင်လေ့ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013