DVB Logo
Home
မြန်မာသတင်း
မန္တလေး နိုင်ငံကူးလက်မှတ်ရုံးတွင် ရက်ချိန်း ၁၀ လကြာသဖြင့် ပတ်စ်ပို့လျှောက်ထားသူများ အခက်ကြုံ
DVB
·
March 6, 2023
မန္တလေး နိုင်ငံကူးလက်မှတ်ရုံးတွင် ရက်ချိန်း ၁၀ လကြာသဖြင့် ပတ်စ်ပို့လျှောက်ထားသူများ အခက်ကြုံ
Donate to DVB

မန္တလေးမြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာတော့ အရင် ရုံးပိတ်ထားတဲ့ ကာလအတွင်း တိုကင်နံပါတ် ရထားသူတွေအတွက် ရက်ချိန်းအသစ်ကို အချိန် ၁၀ လကြာအထိခွာပြီး ထုတ်ပေးထားလို့ ပတ်စ်ပို့ လျှောက်ထားသူတွေ အခက်အခဲနဲ့ကြုံတွေ့နေရပါတယ်။

ပတ်စ်ပို့ရုံး ပိတ်ထားတဲ့ ဇန်နဝါရီ ၂ ရက်ကနေ ဖေဖော်ဝါရီ ၂၄ ရက်ကာလအတွင်း ရက်ချိန်း ရထားပြီးသူတွေကို လာမယ့် အောက်တိုဘာလကနေ ဒီဇင်ဘာလအထိ အချိန် ၁၀ လခွာပြီး ရက်ချိန်း ထုတ်ပေးလိုက်တာပါ။

QR နံပါတ် ရပြီးသားသူတွေကို အချိန် ၁၀ လခွာ ချိန်းလိုက်တာကြောင့် အကြောင်းအမျိုးမျိုးနဲ့ ပြည်ပထွက်ဖို့ ပြင်ဆင်နေကြသူတွေ အခက်အခဲ ဖြစ်ကုန်ပါတယ်။

မန္တလေးမြို့မှာ ပတ်စ်ပို့လုပ်သူတဦးကတော့ ပတ်စ်ပို့ အမြန်ရချင်ရင် အမြန်ကြေးပေးပြီး ရန်ကုန်မြို့မှာ လုပ်ရတဲ့ အခြေအနေ ရှိတယ်လို့ ပြောပါတယ်။

“QR code က လောလောဆယ် သူတို့ အွန်လိုင်းဘွတ်ကင်နဲ့ သွားတော့ ၂၀၂၄ ထိ ရောက်သွားတာ။ ရက်စွဲတွေ တအားကို ပြောင်းထားတာ။ နောက်ကို တအားကြီး ရွှေ့ထားတာ။ အခုနောက်ပိုင်း ရန်ကုန်နဲ့ မန္တလေးက မတူဘူး။ ရန်ကုန်မှာ ၅ သိန်းလောက်ကျရင် မန္တလေးမှာ ၇ သိန်းလောက် ကျတယ်။ ၂ သိန်းကျော်လောက် ကွာတယ် ဈေးက။ မန္တလေးက အဆင်မပြေဘူး ဆိုတာထက် တိုကင်ယူရတာ တအားစောင့်ရတယ်။ မန္တလေးက တိုကင်ယူရတာ ကြန့်ကြာတယ်။ အခု အွန်လိုင်းဘွတ်ကင်စနစ်က မန္တလေးမှာ သိပ်မချပေးသေးဘူး။ ရန်ကုန်မှာပဲ ပိုလွယ်တယ်။ ရန်ကုန်မှာက အမြန်လုပ်ချင်ရင် နည်းနည်းညှိနှိုင်းပြီး အမြန်ကြေးပိုပေးပြီးလုပ်ရင် မြန်နိုင်ခြေရှိတယ်” လို့ မန္တလေးဒေသခံတဦးက ပြောပါတယ်။

တနိုင်ငံလုံးက နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) ရုံးတွေကို ဖေဖော်ဝါရီ ၂၄ ရက်မှာ စစ်ကောင်စီက  ပြန်ဖွင့်ခဲ့ပြီး ရန်ကုန်မြို့ တမြို့တည်းမှာသာ အွန်လိုင်းဘွတ်ကင် စနစ်သစ်နဲ့ ဆောင်ရွက်နေပါတယ်။

ပတ်စ်ပို့လုပ်ခစျေးနှုန်းတွေဟာ ကိုယ်တိုင်လုပ်မယ်ဆိုရင် ငွေကျပ် ၃၅,၀၀၀ သာ ကျသင့်ပေမဲ့ အွန်လိုင်းဘွတ်ကင်စနစ်သစ်မှာ ဝက်ဘ်ဆိုက်နည်းပညာ အခက်အခဲတွေကြောင့် ပြင်ပပွဲစားတွေနဲ့ ပြုလုပ်နေရပါတယ်။

ရန်ကုန်မြို့က နည်းပညာသမားတဦးကတော့ အွန်လိုင်းဘွတ်ကင် စနစ်သစ်ဟာ ကြိုတင် Plan ကောင်းကောင်းနဲ့ တည်ဆောက်ထားမှသာ အသုံးပြုသူတွေ အဆင်ပြေပြေ ဝက်ဘ်ဆိုက်ကို ဝင်ရောက်နိုင်မှာလို့ သုံးသပ်ပြောပါတယ်။

“တကယ်ဆိုရင်တော့ ဒီအွန်လိုင်းစနစ်ကို စမလုပ်ခင်ကတည်းက ဒီအွန်လိုင်းစနစ်နဲ့ ပတ်သက်ပြီး ICT (infrastructure) ပိုင်းမှာ သူတို့အနေနဲ့ တနေ့မှာ လူဘယ်နှယောက်က ဆိုက်ကို Access လုပ်မယ်။ လူဘယ်နှယောက်ပေါ်မှာ မူတည်ပြီးတော့ အင်တာနက် Bandwidth ကို ဘယ်လောက် တည်ဆောက်ရမယ်၊ ဝက်ဘ်ဆိုက် ဘယ်လိုမျိုး အဆင်ပြေအောင် လုပ်ရမလဲ။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ သူတို့မှာ ကြိုတင် plan ရှိမယ် မထင်ဘူး။ အခုက သူတို့ ရန်ကုန်တိုင်းတခုတည်းနဲ့တောင် ဝက်ဘ်ဆိုက်က ဝင်လို့ရလိုက် မရလိုက် ဖြစ်နေတယ်။ တကယ်ဆိုရင် စပြီးတော့ ဒီဟာလုပ်ကတည်းက မန္တလေးတိုင်းအတွက်ပါ လုပ်သင့်တယ်။ ဘာလို့လဲဆိုတော့ ရန်ကုန်နဲ့ မန္တလေးက အဓိကကျတဲ့ မေဂျာမြို့တွေ ဆိုတော့လေ။ အခုက မန္တလေးတိုင်းမှာ လျှောက်ဖို့ နေနေသာသာ ရန်ကုန်မြို့မှာလည်း လျှောက်ဖို့ ခက်တဲ့ အနေအထား ဖြစ်နေတယ်။”

ပြင်ပမှာ ပတ်စ်ပို့လုပ်ခ စျေးနှုန်းတွေဟာ ငွေကျပ် ၃ သိန်းကနေ ၄ သိန်းကျပ်၊ အွန်လိုင်းဘွတ်ကင် ရက်ချိန်းရယူမှုအတွက် ဝန်ဆောင်ခ ၁ သိန်းခွဲကျပ် အစားစား ရှိပါတယ်။

နေပြည်တော် ၈ မြို့နယ်မှာ နေထိုင်သူတွေကတော့ ပတ်စ်ပို့ပြုလုပ်ခ ငွေကျပ် ၃ သိန်း ရှိတယ်လို့ ပတ်စ်ပို့ အကျိုးဆောင်တွေဆီက သိရပါတယ်။

စစ်ကောင်စီပြင်ဆင်ထားတဲ့ အွန်လိုင်းဘွတ်ကင်စနစ်သစ်ဟာ ကြားပွဲစားတွေနဲ့ လုပ်တာထက် ငွေကြေးသက်သာအောင်နဲ့ ပတ်စ်ပို့ရုံးမှာ တန်းစီရတာ အချိန်ကုန်သက်သာအောင် စီစဉ်ထားပေမဲ့ နည်းပညာအခက်အခဲနဲ့ ငွေကြေးကုန်ကျမှုတွေ ရှိနေဆဲပါ။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်တာ၊ စီးပွားရေးကျဆင်းတာနဲ့ အလုပ်အကိုင် ရှားပါးတာတွေကြောင့် ပြည်ပထွက် အလုပ်လုပ်ကိုင်သူတွေ ပိုမို များပြားလာပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013