DVB Logo
Home
မြန်မာသတင်း
အရပ်သားပြည်သူများ၏ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ပေးရန် NUG ဝန်ကြီးတိုက်တွန်း
DVB
·
March 5, 2023
အရပ်သားပြည်သူများ၏ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ပေးရန်  NUG ဝန်ကြီးတိုက်တွန်း
Donate to DVB

နွေဦးတော်လှန်ရေးဟာ အရပ်သားပြည်သူတွေရဲ့ လူ့အခွင့်အရေးကို ဝိုင်းဝန်းကာကွယ် ထိန်းသိမ်းဖို့ ရည်ရွယ်ချက်လည်းပါဝင်ကြောင်းနဲ့ ဒေသဆိုင်ရာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ အရပ်သားပြည်သူတွေရဲ့ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးဖို့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကတိုက်တွန်း လိုက်ပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်တခု ထူထောင်နိုင်ဖို့အတွက် မြို့နယ်၊ ဒေသအသီးသီးမှာ အစပျိုးပြီး ပြည်သူလူထုရဲ့ လေးစားယုံကြည်မှုနဲ့ ပြည်သူလူထုအားကို ရယူပြီးတော့ ဖော်ဆောင်နိုင်မယ်ဆိုရင် အောင်ပွဲမြန်ဆန်နိုင်မှာဖြစ်လို့ ကြိုးစားလုပ်ဆောင်ကြဖို့လည်း ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

မတ် ၅ ရက် ဒီကနေ့ ပြုလုပ်တဲ့ NUG အစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ တွေ တွေ့ဆုံဆွေးနွေးပွဲမှာ ခုလိုပြောလိုက်တာပါ။

“နွေဦးတော်လှန်ရေးဟာ အရပ်သားပြည်သူတွေရဲ့ လူ့အခွင့်အရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးကို ဝိုင်းဝန်းကာကွယ်ထိန်းသိမ်းဖို့နဲ့ စစ်အာဏာရှင်ကို တွန်းလှန်နိုင်တဲ့ ရည်ရွယ်ချက်ပါဝင်ကြောင်း၊ အုပ်ချုပ်မှုဒေသအတွင်းက အရပ်သားပြည်သူတွေကို ကာကွယ်စောင့်ရှောက်ကြရမှာဖြစ်ကြောင်း၊ မြေပြင်က ပြောကြားချက်တွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက အကောင်အထည်ဖော်ဖို့ လိုအပ်ကြောင်းနဲ့ ‌တွေဆုံမှုမှာ လိုအပ်ချက်၊ တင်ပြချက်၊ စိန်ခေါ်မှုတွေကို ပူးပေါင်းဆောင်ရွက်ပြီး အကြံပြုချက်တွေနဲ့ ချိတ်ဆက်လုပ်ဆောင်သွားဖို့လည်း မျှော်လင့်တယ်”လို့ ဝန်ကြီးက ပြောပါတယ်။

NUG လူ့အခွင့်အရေးဝန်ကြီးဟာ မတ်လ ၄ ရက်ကလည်း ချက်သမ္မတနိုင်ငံမှာကျင်းပတဲ့ “ဘယ်တော့မှ အရူံးမပေးနဲ့”ဆိုတဲ့  ခေါင်းစဥ်နဲ့ဆွေးနွေးပွဲမှာ ချက်နိုင်ငံရေးဝန်ကြီးဌာနက အာရှရေးရာတာဝန်ခံ မာရတ်ခ်လစ်ဘရစ်ကီနဲ့အတူ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးရာမှာ လက်ရှိ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့ ချက်နိုင်ငံအနေနဲ့ တနေ့တခြားပိုမိုရက်စက်ယုတ်မာလာနေတဲ့ အကြမ်းဖက်စစ်ကောင်စီကို ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ထွက်ပေါ်လာအောင် အစွမ်းကုန် ဆက်လက်ကြိုးပမ်းပေးဖို့ လူ့အခွင့်ရေးဝန်ကြီးကတိုက်တွန်းခဲ့ပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၂ နှစ်ကျော်ထိ ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစတဲ့ ကဏ္ဍတွေအသီးသီးမှာ အဘက်ဘက်က ကျဆင်းလာနေခဲ့တယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ် နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေအပေါ် သတ်ဖြတ်၊ နှိပ်စက်ညှဉ်းပန်း၊ ဥပဒေမဲ့စိတ်ထင်တိုင်းဖမ်းဆီး၊ လူမသိအောင်တိတ်တဆိတ်ဖမ်းဆီးတာတွေအပါအဝင် အကြမ်းဖက်မှုတွေ အဆက်မပြတ်ကျူးလွန်ရင်းအဆုံးမရှိတဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာတွေကို ဖန်တီးနေတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာရုံးကလည်း မတ်လ ၃ ရက်မှာ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013