DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် အွန်လိုင်းဂိမ်းနှင့် တရားမဝင်ငွေချေးလုပ်ငန်းလုပ်ကိုင်သူ ၇၁ ဦး ဖမ်းဆီးခံရ
DVB
·
March 1, 2023
ရန်ကုန်တွင် အွန်လိုင်းဂိမ်းနှင့် တရားမဝင်ငွေချေးလုပ်ငန်းလုပ်ကိုင်သူ ၇၁ ဦး ဖမ်းဆီးခံရ
Donate to DVB

အွန်လိုင်းပေါ်မှာ နှစ်လုံးထီလောင်းကစားဂိမ်း လုပ်ကိုင်နေသူတွေနဲ့ တရားမဝင် ချေးငွေလုပ်ငန်း လုပ်ကိုင်နေတဲ့ အမျိုးသား ၂၄ ဦး၊ အမျိုးသမီး ၄၇ ဦး၊ စုစုပေါင်း ၇၁ ဦးကို ရန်ကုန်၊ လှိုင်သာယာအ‌ရှေ့ပိုင်းမြို့နယ်၊ FMI စီးတီးအိမ်ရာ၊ ပန်းလှိုင်အိမ်ရာနဲ့ လှိုင်မြို့နယ် MICT park တို့မှာ ဖမ်းဆီးရမိထားပြီလို့ မတ်လ ၁ ရက် ဒီနေ့ထုတ် စစ်ကောင်စီအာဘော် သတင်းစာတွေမှာ ဖော်ပြပါတယ်။

ဇန်နဝါရီ ၂၉ ရက် ည ၇ နာရီလောက်က လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ FMI CITY၊ ငွေနှင်းဖြူသစ်ခွလမ်းက လူနေအိမ်တခုမှာ TTbet Online Game လောင်းကစားလုပ်ငန်း လုပ်ကိုင်သူ မို့မို့စံနဲ့ တရားခံ ၉ ဦးကို လက်ကိုင်ဖုန်း အလုံး ၅၀ ၊ လက်ပ်တော့ ၂၂ လုံး၊ မော်နီတာ ၄ လုံး၊ ဆင်းကတ် ၇၄၁ ကတ်နဲ့ ဖမ်းမိခဲ့တယ်လို့ဆိုပါတယ်။

FMI CITY၊ ချင်းတွင်းလမ်းရှိ နေအိမ်နှစ်လုံးမှာလည်း Golden Gift ( အွန်လိုင်းကံစမ်းမဲဖောက် လောင်းကစားလုပ်ငန်း) လုပ်ကိုင်သူ အောင်ဖုန်းကျော်နဲ့ ထင်အောင်ကျော်ပါ တရားခံ ၁၉ ဦးကို လက်ကိုင်ဖုန်း ၃၇ လုံး၊ လက်ပ်တော့ ၂၅ လုံး၊ မော်နီတာ ၃ လုံး၊ System Box ၁ လုံး၊ UPS ၁ လုံး၊ ကာလာပရင်တာ ၁ လုံး၊ TTbet Online Game စာရင်းကိုင် အေးငြိမ်းသူ၊ ကြီးကြပ်သူ စိုင်းသီဟဇော်ပါ တရားခံ ၁၉ ဦးတို့ကို လက်ပ်တော့ ၁၁ လုံး၊ လက်ကိုင်ဖုန်း ၂၂ လုံးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းမိသူတွေရဲ့ ထွက်ဆိုချက်အရ TTbet Online Game လောင်းကစားလုပ်ငန်း၊ Golden Gift (အွန်လိုင်းကံစမ်းမဲဖောက် လောင်းကစားလုပ်ငန်း)၊ Sky Pay Mobile Financial Services Co.,Ltd. အမည်ခံ Money Bag Application၊ Cash Now Application၊ Cola Kyat နဲ့ U Loan Application တို့ကို ရန်နိုင်ကျော် (ခ) အားဖုက ပိုင်ရှင်အဖြစ် စီမံခန့်ခွဲလုပ်ကိုင်ခဲ့ပြီး TTbet Online Game လောင်းကစားလုပ်ငန်းကို တယ်လီဂရန်က သိရှိသူ Yang Song (ဖမ်းမမိသေး) နဲ့အတူ လုပ်ကိုင်ခဲ့တယ်လို့ သိရပါတယ်။

အွန်လိုင်းလောင်းကစား ဦးစီးလုပ်ကိုင်သူ ရန်နိုင်ကျော် (ခ) အားဖုကို ဇန်နဝါရီ ၃၀ ရက် မနက် ၂ နာရီခွဲလောက်မှာ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ပန်းလှိုင်အိမ်ရာ၊ ပန်းလှိုင်ကွန်ဒို(D)၊ အမှတ် ၁၀၂ မှာ လက်ကိုင်ဖုန်း ၁ လုံး၊ Macbook Pro လက်ပ်တော့ ၁ လုံး၊ Macbook Air လက်ပ်တော့ ၁ လုံး၊ YGN 6S-8888 Mercedes–Benz အမျိုးအစား အနက်ရောင်ယာဉ် ၁ စီး၊ YGN 9B-6667 Lexus အနက်ရောင်ယာဉ် ၁ စီးတို့နဲ့ ဖမ်းဆီးရမိခဲ့တယ်။

လှိုင်မြို့နယ်၊ MICT Park၊ တိုက်အမှတ် ၉၊ ၄ လွှာရှိ Sky Pay Mobile Financial Services Co.,Ltd. ရုံးခန်းမှာ Money Bag Application၊ Cash Now Application၊ Cola Kyat Application စတဲ့ တရားမဝင်အွန်လိုင်းချေးငွေလုပ်ငန်းလုပ်ကိုင်နေသူ မန်နေဂျာ ကျော်ဆန်းလင်း ပါ ၂၂ ဦးတို့ကို လက်ကိုင်ဖုန်း ၃၀ လုံး၊ လက်ပ်တော့ ၅၅ လုံး၊ Desktop ၁ လုံးနဲ့ ဖမ်းမိခဲ့ကာ MICT Park၊ တိုက်အမှတ် ၁၇၊ ၄ လွှာရှိ Sky Pay Mobile Financial Services Co.,Ltd. ရုံးခန်းမှာ Money Bag Application၊ Cash Now Application၊ Cola Kyat Application၊ U Loan Application စတဲ့ တရားမဝင် Online ချေးငွေလုပ်ငန်း လုပ်ကိုင်နေတဲ့ စာရင်းကိုင် ကျော်မျိုးအောင်ကို လက်ပ်တော့ ၄၉ လုံး၊ ပရင်တာ ၁ လုံးနဲ့အတူ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

ဖမ်းမိသူတွေနဲ့အတူ လက်ပ်တော့ ၁၆၄ လုံး၊ လက်ကိုင်ဖုန်း ၁၄၀ လုံး၊ မော်နီတာ ၇ လုံး၊ ပရင်တာ ၂ လုံး၊ System Box ၁ လုံး၊ UPS ၁ လုံး၊ Desktop ၁ လုံး၊ ဆင်းကတ် ၇၄၁ ကတ်၊ ယာဉ်အမှတ် YGN 6S-8888 Mercedes Benz အနက်ရောင်ယာဉ် ၁ စီးနဲ့ ယာဉ်အမှတ် YGN 9B-6667 Lexus အနက်ရောင် ယာဉ် ၁ စီး၊ KBZ Pay၊ Wave Pay အကောင့်တို့က ငွေကျပ်သိန်း ၄,၈၀၅ ခန့်နဲ့ KBZ Pay အကောင့် ၁၄ ခုတို့ကို သိမ်းဆည်းရမိခဲ့ပြီး လှိုင်သာယာ(အ‌ရှေ့ပိုင်း)မြို့နယ် ရဲစခန်းနဲ့ လှိုင်မြို့မရဲစခန်းတို့မှာ သက်ဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက် တရားမဝင် လောင်းကစားတွေ ပိုမိုများပြားလာတာဖြစ်ပြီး နယ်တွေမှာလည်း ရဲနဲ့ စစ်ကောင်စီတပ်တွေကို ဆက်ကြေးပေးပြီး လောင်းကစားတွေ ပေါ်ပေါ်တင်တင်လုပ်နေကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013