DVB Logo
Home
မြန်မာသတင်း
ရွှေဆိုင်များ ကံစမ်းမဲဖောက် အရောင်းမြှင့်တင်ခြင်း မလုပ်ရန် တားမြစ်
DVB
·
November 29, 2025
ရွှေဆိုင်များ ကံစမ်းမဲဖောက် အရောင်းမြှင့်တင်ခြင်း မလုပ်ရန် တားမြစ်
Donate to DVB

ရွှေဆိုင်တွေအနေနဲ့ အရောင်းမြှင့်တင်ဖို့အတွက် ကံစမ်းမဲဖောက်တာ ဒါမှမဟုတ် အလားတူ နည်းလမ်းတွေနဲ့ ဆောင်ရွက်တာတွေ မလုပ်ဖို့ ရန်ကုန်တိုင်းဒေသကြီး  အဖိုးတန်သတ္တု(ရွှေ)ရောင်းဝယ်သူများအသင်းက ထုတ်ပြန်လိုက်ပါတယ်။ 

မြန်မာနိုင်ငံက နာမည်ရ ရွှေဆိုင်အများစုဟာ ရွှေအပြင် ကားအထိ မဲဖောက်ပေးတာတွေ လုပ်ဆောင်ပြီး အရောင်းမြှင့်တင်လေ့ရှိကြပြီး အခုလို တားမြစ်တာဟာ ရွှေဈေးနှုန်း အပြောင်းအလဲ မဖြစ်စေဖို့နဲ့ ရွှေဈေးကွက်တည်ငြိမ်စေဖို့ ရည်ရွယ်တာလို့အသင်းက ထုတ်ပြန်တဲ့ စည်းကမ်းချက်တွေထဲမှာ ဖော်ပြထားပါတယ်။

ရွှေဆိုင်၊ ရွှေသန့်စင်လုပ်ငန်းနဲ့ ရွှေပန်းတိမ်လုပ်ငန်းလုပ်ကိုင်သူတွေ လိုက်နာဆောင်ရွက်ရမယ့် အချက်၁၅ ချက်ပါတဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို အသင်းက ထုတ်ပြန်လိုက်တာပါ။ 

အဲဒီအချက်တွေထဲမှာ စံချိန်မီ အလေးချိန် (တကျပ်သား ၁၆.၃၂၉၃၂၅ ဂရမ်)၊ သတ်မှတ်ထားတဲ့ ရည်ညွှန်းဈေး၊ လိုင်စင်ထဲမှာပါတဲ့ ဆိုင်နေရာမှာ ရောင်းဝယ်ဖို့၊ အခွန်ပေးဆောင်ဖို့၊ သက်ဆိုင်ရာ စည်ပင်သာယာအဖွဲ့နဲ့ စီးပွားကူးသန်းဝန်ကြီးဌာန (အွန်းလိုင်းမှ ရောင်းချလျှင်)မှာ လိုင်စင် လျှောက်ထားဖို့ ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။ 

ဒါ့အပြင် ရွှေဝယ်ခြင်း/ရောင်းခြင်းနဲ့ သက်ဆိုင်တဲ့ ငွေကြေးလွှဲပြောင်းဆောင်ရွက်မှုတွေကို ဗဟိုဘဏ်က ထုတ်ပြန်ထားတဲ့ အမိန့်ကြော်ငြာစာ ညွှန်ကြားချက် လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ကျပ် သိန်း ၂ဝဝ ကျော်ရင် ဒီဂျစ်တယ်‌ငွေပေးချေမှုစနစ် (MMQR) စနစ်နဲ့ ငွေပေးချေဖို့ သိန်း ၁,ဝဝဝ အထက် အရောင်းအဝယ်လုပ်ရင် ငွေကြေးဆိုင်ရာစုံစမ်း ထောက်လှမ်းရေးအဖွဲ့ (AML/CFT) ကို မပျက်မကွက် သတင်းပို့ဖို့ဆိုတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။ 

ရွှေလုပ်ငန်းရှင်တွေအနေနဲ့လည်း ချမှတ်ထားတဲ့ စည်းမျဉ်းတွေလိုက်နာဖို့ အကောင်အထည်ဖော်ဆောင်ရွက်ရေးအရာရှိ (compliance officer) ခန့်အပ်ရမှာဖြစ်ပြီး ခန့်အပ်ထားကြောင်း အထောက်အထားလည်း ဆိုင်မှာ ထားရှိရမှာဖြစ်သလို နေ့စဉ်/လစဉ် အရောင်းအဝယ်စာရင်းနဲ့ လက်ကျန်စာရင်းအချုပ်ကို သက်ဆိုင်ရာ ကနဦးစိစစ်ရေးအဖွဲ့ဆီ လစဉ် လဆန်း ၅ ရက်အတွင်း မပျက်မကွက်တင်ပြရမှာလည်း ဖြစ်ပါတယ်။ 

ရွှေဈေးကွက် မတည်ငြိမ်စေဖို့ ရည်ရွယ်ချက်နဲ့ ရွှေသိုလှောင်၊ ရောင်းဝယ်တာတွေ မပြုလုပ်ဖို့နဲ့  လက်ရောက်ရွှေလွှဲပြောင်းတာနဲ့ ခွင့်ပြုထားတဲ့ ရောင်းဝယ်တဲ့ နည်းလမ်းကလွဲလို့ ရွှေကိုသဏ္ဌာန်ဆောင် ရောင်းချတာ၊ ကြိုရောင်းကြိုဝယ် (လေပတ်ကား) ရောင်းချတာ၊ တရားမဝင်ရောင်းဝယ်မှုတာတွေ မပြုလုပ်ဖို့လည်း တားမြစ်ထားပါတယ်။ 

ဒီလို စည်းကမ်းချက် ထုတ်ပြန်တာတွေ မတိုင်ခင်ကတည်းက ရွှေဆိုင်တွေအနေနဲ့ စစ်ကောင်စီ လက်အောက်ခံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ အမှတ် ၂ သတ္တုတွင်းလုပ်ငန်းက ထုတ်ပေးတဲ့ ဘောင်ချာတွေနဲ့သာ ရွှေရောင်းမယ်လို့ သတ်မှတ်ထားပြီးဖြစ်ပါတယ်။

ရွှေရောင်းဝယ်ရေးလုပ်ငန်းတွေအနေနဲ့ ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်လျှောက်ထားရမှာဖြစ်ပြီး လိုင်စင်ကျတဲ့အခါမှာ ရွှေရောင်း/ဝယ်ပြေစာ စာအုပ်ကိုပါ ဝန်ကြီးဌာနက ရောင်းချပေးမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013