DVB Logo
Home
မြန်မာသတင်း
တိုင်းပြည်တည်ငြိမ်မှုနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို NUG ကသာ အာမခံချက်ပေးနိုင်မည်ဟု ယာယီသမ္မတ ဒူဝါလရှီးလပြော
DVB
·
February 28, 2023
တိုင်းပြည်တည်ငြိမ်မှုနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို NUG ကသာ အာမခံချက်ပေးနိုင်မည်ဟု ယာယီသမ္မတ ဒူဝါလရှီးလပြော
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကသာ တိုင်းပြည်ရဲ့ တည်ငြိမ်မှုနဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကို အာမခံချက်ပေးနိုင်မှာ ဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောလိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက် ဒီကနေ့ ကျင်းပတဲ့ NUG အစိုးရရဲ့ ၈ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောလိုက်တာဖြစ်ပြီး အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလက  “လွန်ခဲ့သော ရက်အတွင်း တရုတ်နိုင်ငံအထူးကိုယ်စားလှယ်အနေဖြင့် မြောက်ပိုင်းတွင် အခြေပြုသော တိုင်းရင်းသားလက်နက်ကိုင်များနှင့် လာရောက်တွေ့ဆုံမှုကို သတင်းမီဒီယာ များမှတဆင့် ကြားသိခဲ့ရပါတယ်။  ကျနော်တို့ရဲ့ ရပ်တည်ချက်ဟာ အာဏာရှင်စနစ် ဖျက်သိမ်းပြီး တည်ငြိမ်သည့် အစိုးရတရပ်ကို ဖွဲ့စည်းထူထောင်နိုင်ဖို့ဖြစ်တယ်။ လက်ရှိ စစ်အစိုးရဟာ တိုင်းပြည်ကို တည်ငြိမ်မှု မပေးနိုင်တာ သမိုင်းတလျောက် အကြိမ်ကြိမ်အာဏာ သိမ်းမှုများဖြင့် ကြုံတွေ့ခဲ့ရပြီးဖြစ်ပါတယ်။ စစ်အာဏာရှင်များရဲ့ လက်အောက်မှာ တိုင်းပြည်နှင့်လူထုရဲ့ ထွက်ပေါက်/ တိုးတက်မှုလမ်းကြောင်း မရှိ။ လက်ရှိ ကျနော်တို့အမျိုးသားညီညွတ်ရေးအစိုးရက တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားပြီး  ပိုမိုစုံလင်သော စုဖွဲ့မှုကိုလည်း တိုးချဲ့ဖို့ စိတ်ဆန္ဒရှိပါတယ်။ ကျနော်တို့ အစိုးရ ကသာ တိုင်းပြည်ရဲ့ တည်ငြိမ်မှုနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို အာမခံချက်ပေးနိုင်မှာ ဖြစ်ပါ တယ်။ အိမ်နီးချင်းနိုင်ငံများ အနေဖြင့်လည်း စစ်အုပ်စုရဲ့ အာဏာသိမ်းမှုနှင့် နေ့စဥ်နှင့်အမျှ အကြမ်းဖက်လုပ်ရပ် များကြောင့် လက်ရှိတို့နိုင်ငံရဲ့ တိုင်းရင်းသားပြည်သူလူထုများ တွေ့ကြုံ နေရတဲ့ အခက်အခဲ စိန်ခေါ်မှုများကို စာနာပြီး ရပ်တည်ပေးကြဖို့ ကျနော်တို့ မျှော်လင့်လျက် ရှိပါတယ်။” လို့ ပြောပါတယ်။

စစ်အုပ်စုကြောင့် သိန်းနဲ့ချီတဲ့ ပြည်သူလူထုဟာ မိမိအိုးအိမ်ကို စွန့်ပြီး  စစ်ပြေး ဒုက္ခသည်တွေအဖြစ် ရောက်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုဟာ လူထုကို အကြောက်တရားနဲ့ ဖိပြီး အုပ်ချုပ်လို့ရမယ်လို့ထင်နေပေမဲ့ ပြည်သူတွေကတော့ စစ်အုပ်စုကို လက်လျှော့ အရှုံးမပေးဘဲ အဆုံးအထိ တိုက်ဝင်ဖို့ အားလုံးက ဒီကနေ့အထိ စိတ်ဆန္ဒပြင်းပြနေကြဆဲဖြစ်ကာ NUG အစိုးရအနေနဲ့လည်း လက်ရှိသွားနေတဲ့ အရှိန်ထက် မလျှော့ဘဲ ဆက်လက် အားတင်းပြီးတော့ တော်လှန်ရေးအရှိန်ကို မြင့်တင်ဖို့ လိုအပ်တယ်လို့လည်း သူက ဆိုပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကတော့ “တော်လှန်ရေးအင်အားစုတွေအတွက် အချိန်က အကန့်အသတ်ရှိပါတယ်။ ဒါကြောင့်လည်း အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ One Year Plan ကို ချမှတ်ပြီး Phase တစ်ခုချင်းစီအလိုက် အားထည့် အကောင်အထည်ဖော်နေကြတာ ဖြစ်ပါတယ်။ နိုင်ငံခြားရေးကဏ္ဍဘက်မှာဆိုရင် နိုင်ငံခြားရေးဝန်ကြီးဌာနအပြင် နိုင်ငံခြားရေးနဲ့ ပတ်သက် ဆက်နွယ်နေတဲ့ ဝန်ကြီးဌာနတွေ အားလုံး အင်ပြည့်အားပြည့် ချိတ်ဆက်ဆောင်ရွက်နေမှုတွေဟာ အားရစရာ ကောင်းလှပါတယ်။ အမေရိကန်နဲ့ အနောက်နိုင်ငံများရဲ့ အားပေးကူညီမှုများအတွက် ကျေးဇူးတင်ရသလို တစ်ဖက်ကလည်း အာဆီယံနဲ့ အိမ်နီးချင်းနိုင်ငံများရဲ့ အားပေးကူညီမှုများလည်း ပိုမိုထိရောက်မှုရှိနိုင်ဖို့ ကျွန်တော်တို့ အားထုတ်ရမှာ ဖြစ်ပါတယ်။ ဒေသတွင်း နိုင်ငံများနဲ့လည်း ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကဏ္ဍ၊ နယ်စပ် ဖြတ်ကျော် အမှုအခင်းများ ကျဆင်းရေး ကဏ္ဍ၊ တရားမဝင် ကုန်သွယ်မှုများ ကျဆင်းရေးကဏ္ဍ စတဲ့ ကဏ္ဍတွေအတွက်လည်း အထူးအလေးပေး အာရုံစိုက် ဆောင်ရွက်ကြရမယ့် အနေအထားမှာ ရှိပါတယ်။” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရား အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၂ နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံအနှံ့အပြား ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013