DVB Logo
Home
မြန်မာသတင်း
မြိတ်တက္ကသိုလ် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပမှုအပေါ် CDM ကျောင်းသားများ ရှုတ်ချ
DVB
·
February 28, 2023
မြိတ်တက္ကသိုလ် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပမှုအပေါ် CDM ကျောင်းသားများ ရှုတ်ချ
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်မြို့က မြိတ်တက္ကသိုလ်မှာ တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့က ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပတဲ့အပေါ် မြိတ်တက္ကသိုလ် CDM ကျောင်းသားတွေက ဝေဖန်ပြောဆိုနေကြပါတယ်။

ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖေဖော်ဝါရီ ၂၃ ရက်ကနေ ၂၇ ရက်အထိ ၅ ရက်ဆက်တိုက် ပြုလုပ်ပြီး နေ့သင်တန်းကျောင်းသား ၁၂၀ နဲ့ အဝေးသင်ကျောင်းသား ၅၀၀ လောက် တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။

မြိတ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ တာဝန်ရှိသူတယောက်က “ကျနော်တို့အနေနဲ့ စစ်အာဏာရှင်ကို အားပေးထောက်ခံနေတဲ့ တက္ကသိုလ်အာဏာပိုင်တွေလုပ်တဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားကိုတော့ အပြင်းအထန် ကန့်ကွက်ရှုတ်ချပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေတဲ့ CDM ကျောင်းသားတယောက်ကလည်း “ဘွဲ့ယူတဲ့ ကျောင်းသားတွေက တောထဲရောက်နေတဲ့သူတွေကို မျက်နှာမထောက်ရင်တောင် အသက်ပေးသွားတဲ့သူတွေ၊ စစ်အာဏာရှင်ကြောင့် ဒုက္ခရောက်နေကြတဲ့ တနိုင်ငံလုံးက လူတွေကိုတော့ အားနာသင့်တယ်။ စစ်ကောင်စီကို အားပေးတဲ့ လုပ်ရပ်တွေဟာ တနိုင်ငံလုံး အနေအထားနဲ့ ဒီတော်လှန်ရေးလုပ်ငန်းစဉ်တွေမှာ အနှောင့်အယှက်ဖြစ်စေတယ်” လို့ ပြောပါတယ်။

စစ်အာဏာမသိမ်းခင်ကာလက ကျင်းပတဲ့ မြိတ်တက္ကသိုလ်ဘွဲ့နှင်းသဘင်အခမ်းအနားမှာ  တက်ရောက်ခဲ့တဲ့ နေ့သင်တန်းကျောင်းသား ၁,၀၀၀ ကျော်ရှိပြီး အခုအချိန်မှာတော့ ၆၀၀ ကျော်လောက်သာရှိတယ်လို့ သိရပါတယ်။

ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပတဲ့အပေါ် CDM ကျောင်းသားတွေရဲ့ ဝေဖန်မှုတွေကိုတော့ မြိတ်တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့က တစုံတရာ ပြန်လည်တုံ့ပြန်တာ မရှိပါဘူး။

မြိတ်တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ Non CDM ကျောင်းသားတွေကို စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ ပူးပေါင်းပါဝင်ပေးဖို့အတွက် အခုအချိန်မှာ နောက်မကျသေးဘူးလို့ မြိတ်တက္ကသိုလ် CDM ကျောင်းသားတဦးက ဆိုပါတယ်။

စစ်ကောင်စီ အာဏာမသိမ်းခင်က မြိတ်တက္ကသိုလ်မှာ နေ့သင်တန်းကျောင်းသား ၄,၀၀၀ ကျော်ရှိပြီး စစ်ကောင်စီ အာဏာသိမ်းပြီးတဲ့နောက်မှာတော့ မြိတ်တက္ကသိုလ်ကျောင်းသား အများစုဟာ အာဏာရှင်ကို ဆန့်ကျင်ဖို့အတွက် CDM လုပ်ထားကြပြီး ကျောင်းသား ၈၀၀ ကျော်သာ ကျောင်းတက်နေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013