DVB Logo
Home
Lead Story
စစ်ကျွန်ပညာရေးအမှောင်ခေတ်မှာ လင်းလက်လာမယ့် ပညာရပ်ဝန်းထဲက အလင်းတန်းများ
DVB
·
February 27, 2023
စစ်ကျွန်ပညာရေးအမှောင်ခေတ်မှာ လင်းလက်လာမယ့် ပညာရပ်ဝန်းထဲက အလင်းတန်းများ
Donate to DVB

စစ်ကောင်စီလက်အောက်ခံပညာရေးကို သပိတ်မှောက်ပြီး အနာဂတ်ဖက်ဒရယ်ပညာရေးကို ဖော်ဆောင်လိုတဲ့ ကျောင်းသားတွေအတွက် ပညာသင်ကြားခွင့် ဆက်လက်ရရှိဖို့နဲ့ CDM ပညာရေးဝန်ထမ်းတွေကို ထောက်ပံ့နိုင်ရေး ရည်ရွယ်ပြီးဖွင့်လှစ်ထားတဲ့ Burma Academy ကျောင်းမှာ နိုင်ငံတဝန်းက ကျောင်းသားဦးရေ ၂၀,၀၀၀ ဝန်းကျင်လောက် တက်ရောက် ပညာသင်ကြားနေကြပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတဝန်းက ကျောင်းသားအများစုဟာ စစ်ကျွန်ပညာရေး အလိုမရှိသပိတ်နဲ့ ကျောင်းမတက်ဘူးသပိတ်ကို ပြုလုပ်ခဲ့ကြရာမှာ အခုဆိုရင် ၂ နှစ် ရှိသွားပြီ ဖြစ်ပါတယ်။ ဒီလို CDM လုပ်ထားတဲ့ ဆရာဆရာမနဲ့ ကျောင်းသားဦးရေ သန်းနဲ့ချီ ရှိတယ်လို့ ကြားကာလ ပညာသင်ကြားရေး အဖွဲ့အစည်းတွေကလည်း ခန့်မှန်းထားကြပါတယ်။ ဒီကျောင်းသားတွေအတွက် ပညာသင်ကြားခွင့် မဆုံးရှုံးစေရေး ကြားကာလ ပညာသင်ကြားရေး အစီအစဉ်တွေလည်း ပေါ်ပေါက်လာသလို Burma Academy ဟာလည်း ကျောင်းသားဦးရေ ၂၀၀၀၀ လောက်ကို အွန်လိုင်းကနေ ပညာသင်ကြားနိုင်ခွင့်ရဖို့ ဆောင်ရွက်ခဲ့ရာမှာ တနှစ်ဝန်းကျင်လောက် ရှိလာပြီ ဖြစ်ပါတယ်။ 

Burma Academy ရဲ့အမှုဆောင်ဒါရိုက်တာ ကိုမင်းခန့်ကျော်လင်းက “လက်ရှိ volunteer (စေတနာ့ဝန်ထမ်း) ပေါင်း ၁၄၀ ကျော်လောက်နဲ့ လည်ပတ်နေတယ်။ သင်ခန်းစာတွေ အများကြီး ကျောင်းသားတွေကို သင်ကြားပေးနေတယ်။ လက်ရှိကျောင်းသား ၂၀၀၀၀ ကျော်လောက်ကို ပညာသင်ကြားပေးနိုင်တယ်။ အဲ့ဒီအနေအထားတော့ ရောက်နေပြီ။ ဒီထက်ပိုကောင်းလာနိုင်တဲ့ ပညာရေးစနစ်တစ်ခုတော့ ဖော်ဆောင်နိုင်အောင် ကြိုးစားနေတယ်”လို့ စိတ်အားထက်သန်စွာ ဒီဗွီဘီကိုပြောပါတယ်။

Burma Academy ဟာ အခမဲ့ ပညာသင်ကြားရေးစနစ် ဖြစ်ပြီး ဖက်ဒရယ်ပညာရေးနဲ့ တော်လှန်ရေးကာလအတွင်း အကျိုးပြုနိုင်မယ့် နိုင်ငံရေး အတွေးအခေါ်ဆိုင်ရာ သင်ခန်းစာတွေအပြင် လက်တွေ့ အသုံးချ ပညာရပ်တွေကို အဓိက သင်ကြားပေးနေတာပါ။ တချို့ဘာသာရပ်တွေဟာ တိုင်းရင်းသားဘာသာနဲ့ပါ သင်ကြားနိုင်ဖို့ စီစဉ်နေတယ်လို့ ကျောင်းတာဝန်ရှိသူက ပြောပါတယ်။ ဒါ့အပြင် အွန်လိုင်းအခက်အခဲရှိတဲ့ နေရာဒေသတွေက ကျောင်းသားတွေပါ ပညာသင်ကြားနိုင်ဖို့နဲ့ သင်ခန်းစာတွေ ဖြန့်ဝေနိုင်ဖို့ offline ပညာရေးကိုပါ ဆောင်ရွက်နေတာပါ၊။

ကိုမင်းခန့်ကျော်လင်းက “ကျနော်တို့နိုင်ငံက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလကို သွားတော့မယ်လို့ ပြောလို့ရတယ်။ အဲ့မှာလိုအပ်တဲ့ ဒီမိုကရေစီ၊ ဖက်ဒရယ်၊ လူ့အခွင့်ရေး၊ အမျိုးသမီးအခွင့်အရေးတွေကို အဓိကထားပြီးသင်တယ်၊ အဲဒီအတွက်လည်း အဖွဲ့အစည်းပေါင်း များစွာနဲ့ ချိတ်ဆက်ထားတယ်။ နောက်တခုက လက်တွေ့ အသုံးချမှုပေါ့။ နှစ်မျိုးရှိတယ်။ ပထမတမျိုးက တော်လှန်ရေးကို တိုက်ရိုက် အကျိုးပြုတဲ့ လက်တွေ့အသုံးချတွေရှိတယ်။ လက်တွေ့ အသုံးချတွေက combat medic တို့ IDP camp တို့ Digital security တို့ ဆိုရင် တော်လှန်ရေးသမားတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ တိုက်ရိုက် အသုံးချလို့ရတယ်။ ဒုတိယတမျိုးကတော့ အသက်မွေးဝမ်းကျောင်း ပညာရပ်ပေါ့။ လက်ရှိ မြန်မာနိုင်ငံမှာ စီဒီအမ် ဦးရေရော စီဒီအမ် ကျောင်းသားဦးရေက သန်းနဲ့ချီပြီးရှိတယ်။ သူတို့အတွက် ကျနော်တို့က အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ဖို့ အသက်မွေးဝမ်းကျောင်းပညာရေး သင်ကြားပေးဖို့လိုတယ်။ အဲ့ဒီအတွက် နိုင်ငံတကာအဖွဲ့အစည်းတွေဆီကနေ certificate တွေ ပေးနိုင်တဲ့အထိ ကျနော်တို့အနေနဲ့ ပြင်ဆင်ပြီးတော့ သင်ကြားနေတယ်လို့ ကျနော်တို့က ပြောလို့ရပါတယ်။ ဘာ field တွေ ရလဲဆိုရင် ကျနော်တို့ဆီမှာ အများကြီးရှိတယ်။ ကျနော်တို့က ပလက်ဖောင်း ဖြစ်တဲ့အတွက် တတ်နိုင်သလောက်တော့ စုံအောင်လို့ ကျနော်တို့ ထားပေးထားတယ်လို့ ပြောလို့ရတယ်”လို့ရှင်းပြပါတယ်။

Burma Academy ကို နွေဦးတက္ကသိုလ်၊ ဆေးတက္ကသိုလ်(မန္တလေး)ယာယီတက္ကသိုလ်ကောင်စီ၊ ဥဩအင်စတီကျူ၊ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂနဲ့ ဆေးတက္ကသိုလ်(၁)ရန်ကုန် ကျောင်းသားများသမဂ္ဂတို့က ကျောင်းသားလူငယ်တွေ ပူးပေါင်းပြီး  ၂၀၂၂ ခုနှစ် မတ်လက စတင်တည်ထောင်ခဲ့ကြတာပါ။

ဒီကျောင်းမှာ ဆရာဆရာမ ၂၀၀ ကျော်က စေတနာ့ဝန်ထမ်း အနေနဲ့ ပညာသင်ကြားပေးနေတာ ဖြစ်ပြီး ပြည်တွင်း မိတ်ဖက် အဖွဲ့အစည်းတွေအပြင် ပြည်ပ မိတ်ဖက်အဖွဲ့အစည်းအဖြစ် ဟားဗတ်တက္ကသိုလ်က ကွန်ပျူတာသိပ္ပံမိတ်ဆက်ဘာသာရပ်တွေနဲ့ Microsoft Learning, Cisco, Comp TIA, Amazon web service တို့လိုမျိုး အဖွဲ့အစည်းတွေကပါ အသက်မွေးဝမ်းကျောင်းပညာရပ်တွေကို သင်ကြားပေးနေ တာပါ။

ကျောင်းသားတစ်ဦး “အခုလက်ရှိ ဘားမားအကယ်ဒမီမှာ Microsoft 365 ဘာသာရပ် တက်ရောက် သင်ကြားနေပါတယ်။ ဆရာမနဲ့ ၉ ပတ်သင်ရတာ။ သေချာသင်ပေးပါတယ်၊ အခု internal test ဖြေပြီးသွားတော့ Microsoft ရဲ့ official test exam ဖြေဖို့ စောင့်နေတာ။ ဒီသင်တန်း ပြီးသွားတော့ ရုံးပိုင်းဆိုင်ရာ အဓိကထားသုံးရတဲ့ ဟာတွေ microsoft word တွေ Excel တွေ ကျွမ်းကျွမ်းကျင်ကျင် သိသွားတယ်။ တခြားသူတွေကိုလည်း ပြန်ဝေမျှလို့ရတယ်။ ဒီ test ပြီးရင် Microsoft ရဲ့ official certificate ရမှာဆိုတော့ အလုပ်လျှောက်ရတာလည်း ပိုလွယ်လာမယ်။ ပြီးတော့ တော်လှန်ရေး ရုံးပိုင်းဆိုင်ရာကဏ္ဍတွေမှာ ပါဝင်ကူညီနိုင်ဖို့ ရည်ရွယ်ထားပါတယ်”လို့ ပြောပါတယ်။

ဒီကျောင်းမှာ အသက်မွေးဝမ်းကျောင်း ပညာရပ်တွေအပြင် ဖက်ဒရယ်နဲ့ လူ့အခွင့်အရေး ဘာသာရပ်တွေ၊ Transitional justice (အသွင်းကူးပြောင်းမှုကာလ တရားမျှတမှု) လို ဘာသာရပ်မျိုးတွေဟာလည်း လူငယ်အများစု စိတ်ဝင်စားကြတယ်လို့ သင်တန်းတည်ထောင်သူတွေထဲမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် ကျန်းမာရေးအသိပညာပေး အစီအစဉ်တွေ ရက်တိုသင်တန်းတွေလည်း လေ့လာနိုင်ဖို့ စီစဉ်ထားပါတယ်။

ကျောင်းသားတဦးက ”Mental health course လေးပေါ့နော်။ ဘာလို့ တက်ဖြစ်လို့လဲဆိုတော့ တော်လှန်ရေးနဲ့ ပတ်သက်လို့ ကိုယ့်ပတ်ဝန်းကျင်မှာ stress များနေတဲ့သူတွေ anxiety များနေတဲ့ ရဲဘော်တွေ အများကြီးရှိတယ်။ သူတို့ကို ကူညီပေးချင်လို့ ဒီသင်တန်းကိုတက်ခဲ့တာ၊ ဒီ စိတ်ကျန်းမာရေးသင်တန်းက ဝက်ဘ်ဆိုက်ပေါ်မှာ လက်ချာတွေကို တင်ပေးထားတယ်။ ဗဟုသုတ မျှဝေတာပဲ လုပ်ပေးတာမို့ certificate တော့ မပေးဘူး။ ဒီသင်တန်းကို လေ့လာပြီးချိန်မှာ ကိုယ့်ဘေးနားမှာရှိတဲ့ ရဲဘော်တွေကို စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ ပြန်ပြီး ကူညီပေးနိုင်ခဲ့တယ်ပေါ့နော်။”

ဘားမား အကယ်ဒမီမှာ (Massive Online Open Course) ကျောင်းစတင် ဖွင့်လှစ်ချိန်ကစလို့  အခုချိန်ထိ ကျောင်းသား ၂၀၀၀၀ ကျော် လာရောက်လျှောက်ထားပြီး သင်တန်းပြီးဆုံးအောင် တက်ရောက်နိုင်သူကတော့ ၁၀ ရာခိုင်နှုန်းလောက် ရှိနေပါပြီ။ 

သင်ကြားနေရတဲ့ ကျောင်းသားတွေ အနေနဲ့ အင်တာနက်နဲ့ လျှပ်စစ်မီး အခက်အခဲတွေအပြင် လက်ရှိအချိန်မှာ စစ်ကောင်စီက ကြားကာလ ပညာသင်ကြားရေးမှာ ပါဝင်နေတဲ့ ဆရာ ဆရာမတွေကို ဖမ်းဆီးနှိပ်စက်တာတွေလည်း ရှိနေတာကြောင့် အကြီးမားဆုံး အခက်အခဲကတော့ ပညာသင်ကြားနေသူတွေရဲ့ လုံခြုံရေး စိုးရိမ်နေမှုတွေ ဖြစ်ပါတယ်။

ဒါ့အပြင် စီဒီအမ်ဆရာဆရာမတွေ ထောက်ပံ့နိုင်ရေးကိုလည်း အလှူငွေရရှိမှု နည်းပါးတာကြောင့် ပီပီပြင်ပြင် မဆောင်ရွက်နိုင်သေးပါဘူး။ စီဒီအမ်ဆရာဆရာမတွေဟာ ထောက်ပံ့ငွေ မရကြသေးတဲ့အပြင် ဒီလိုကြားကာလ အသိအမှတ်ပြု ကျောင်းဆင်းတွေကိုလည်း နိုင်ငံတကာ တက္ကသိုလ်တွေ၊ ကျောင်းတွေမှာ အသိအမှတ်ပြုပြီး ဆက်လက် ပညာသင်ကြားခွင့်ရဖို့ကတော့ အခက်အခဲတွေရှိနေဆဲဖြစ်ပေမဲ့ လူငယ်တွေအနေနဲ့ အကောင်းဆုံးကြိုးစားပြီး ချိတ်ဆက်ပုံဖော်နေကြပါတယ်။ 

Burma Academy ရဲ့ လက်ထောက် အမှုဆောင်ဒါရိုက်တာ စတန်က “ကျနော်တို့ ကြားကာလပညာရေး လုပ်တဲ့သူတွေ အကုန်လုံးကို စစ်ကောင်စီက ရန်သူလို့ကို သဘောထားတယ်။ ဖမ်းခံရတဲ့သူတွေ အများကြီး ရှိတယ်။ ပြီးခဲ့တဲ့ ကေ့စ် (Kaung 4 You) တစ်ခုဆိုရင် အခြေခံပညာသင်ကြားပေးနေတဲ့ အဖွဲ့တခုဆိုရင်တည်ထောင်သူရော ဆရာ ဆရာမတွေရော အကုန်လုံး စာသင်ပေးရုံနဲ့ ဖမ်းခံရတယ်။ ဖမ်းခံရရုံနဲ့ မပြီးဘူး နောက်ဆက်တွဲ ပိုက်ဆံတွေ ဘယ်ကရလဲ ဘယ်သူတွေ ပါလဲ။ NUG က ဘယ်လို ထောက်ပံ့ပေးလဲဆိုတာ စစ်ကြောရေးလုပ်ပြီး ရက်ရက်စက်စက် လုပ်တာတွေ ရှိတယ် သူတို့ လော်ဘီချန်နယ်တွေ အသုံးချပြီး မဟုတ်တဲ့ ပုဒ်မတွေတပ် အသရေဖျက်တာတွေ ရှိတယ်။ အဲ့ဒါတွေကြောင့် နောက်ပိုင်းမှာ ကျနော်တို့ ဘားမား အကယ်ဒမီက လုံခြုံရေးနဲ့ ပတ်သက်ပြီး မြှင့်တင်ထားတယ် အဓိကတော့ ကျနော်တို့ရဲ့ မိတ်ဖက် စာသင်ပေးနေသူတွေရဲ့ ဆရာဆရာမတွေ လုံခြုံရေးတွေ အရေးကြီးဆုံးကတော့ ကျောင်းသားတွေရဲ့ လုံခြုံရေးကို ဒေတာတွေ မပေါက်ကြားဖို့အတွက် အဓိကထားတယ်။ နောက်ပိုင်းမှာ စကစ ဘက်က ပိုပိုပြီး ပစ်မှတ်ထား လုပ်လာလေလေ ကျနော်တို့ကလည်း လုံခြုံရေးတွေကို ပိုပိုပြီး တင်းကျပ်ပြီး စီမံရပါတယ်”လို့ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ တနိုင်ငံလုံးရဲ့ ကျောင်းသား ၉၀ ရာခိုင်နှုန်းဟာ CDM ပြုလုပ်ခဲ့ကြတယ်လို့ ပြောဆိုထားပြီး  ကြားကာလ ပညာသင်ကြားရေး အစီအစဉ်တွေကို NUG ထိန်းချုပ်နယ်မြေတွေမှာ သင်ကြားပေးနေတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီ ထိန်းချုပ်နိုင်တဲ့ နယ်မြေတွေမှာလည်း  Non CDM တွေ ပြုလုပ်လာတဲ့ ကျောင်းသားတွေလည်း ရှိလာပါတယ်။

NUG ဖွင့်လှစ်ထားတဲ့ ကျောင်းပေါင်းကတော့ ၄၃၀၀ ကျော်ရှိပြီး ကျောင်းသား ဦးရေ ၈၉၀,၀၀၀ ကျော်ရှိတယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် NUG အသိအမှတ်ပြု ကြားကာလ ပညာသင်ရေး အွန်လိုင်းသင်တန်းကျောင်းပေါင်း ကတော့ ၆၂ ကျောင်းရှိပြီး Burma academy လိုမျိုး CDM ကျောင်းသားတွေ တည်ထောင်ထားတဲ့ ကျောင်းအဖွဲ့အစည်းတွေလည်း ရှိနေပါတယ်။ 

ပညာသင်ကြားရေးဟာ လူတိုင်းရဲ့ အခြေခံအခွင့်အရေး ဖြစ်တဲ့အတွက် Non CDM သမားတွေ ပညာသင်ကြားခွင့် မဆုံးရှုံးစေဖို့ အခုလိုမျိုး အဖွဲ့အစည်းပေါင်းစုံက နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ကျောင်းတွေကို ချိတ်ဆက်ပြီး ကြိုးစားဆောင်ရွက်နေကြပါတယ်။ 

ကြားကာလ ပညာသင်ကြားရေး အစီအစဉ်မှာ အခြေခံပညာရေး၊ အထက်တန်းပညာရေးနဲ့ အသက်မွေးဝမ်းကြောင်း ပညာရေးတွေ ပါဝင်ပြီး စစ်မက်ဖြစ်ပွားရာ နေရာဒေသတွေ ကလေးငယ်တွေ ပညာသင်ကြားခွင့် မဆုံးရှုံးစေရေးအထိ NUG အပါအဝင် အဖွဲ့အစည်း ပေါင်းစုံက ဆောင်ရွက်နေကြတာပါ။

လူတိုင်း ပညာသင်ကြားနိုင်ရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ကျောင်းသားတွေအတွက် ပိုကောင်းတဲ့ ပညာရေးကို ပေးနိုင်အောင် နိုင်ငံတကာကျောင်းတွေနဲ့ ချိတ်ဆက်ကြိုးစားနေကြပြီး တနိုင်ငံလုံးက CDM ကျောင်းသားတွေလည်း စိတ်ဓာတ်မကျပဲ ကြားကာလပညာရေး ကျောင်းတွေမှာ တက်ရောက် သင်ကြားကြဖို့ကိုလည်းတိုက်တွန်းနေ ကြပါတယ်။ 

ခင်ရူပါ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013