DVB Logo
Home
မြန်မာသတင်း
ဆရာဝန်နှင့် သူနာပြုများအပါအဝင် ကျန်းမာရေးဝန်ထမ်းများ NUG အစိုးရခေါ်ယူ
DVB
·
February 24, 2023
ဆရာဝန်နှင့် သူနာပြုများအပါအဝင် ကျန်းမာရေးဝန်ထမ်းများ NUG အစိုးရခေါ်ယူ
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနနဲ့ ကြားကာလ ပြည်နယ်/ ဖက်ဒရယ် ယူနစ်တွေထဲက ဆေးရုံ/ဆေးခန်းတွေမှာ တာဝန်ထမ်းဆောင်နိုင်ဖို့ အကြမ်းဖက်စစ်အုပ်စုနဲ့ မပတ်သက်တဲ့ ဆရာဝန်နဲ့ သူနာပြုတွေအပါအဝင် ကျန်းမာရေးဝန်ထမ်းတွေ ခေါ်ယူနေပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ အထူးကုဆရာဝန်တွေ၊ ဆရာဝန်တွေ၊ သွားနှင့်ခံတွင်း အထူးကုဆရာဝန်နဲ့ သွားနှင့်ခံတွင်း ဆရာဝန်တွေ၊ အထူးကုဘွဲ့လွန်သင်တန်းသားတွေ၊ ဆေးနှင့် ဆေးနှီးနွှယ်ဆိုင်ရာ ဒီပလိုမာဘွဲ့ ရရှိသူတွေ၊ သူနာပြုတွေ၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်တွေက ဒီပလိုမာ/ ဘွဲ့ ရရှိသူတွေ၊ ဆေးဝါးတက္ကသိုလ်တွေက ဘွဲ့ရရှိသူတွေ၊ တိုင်းရင်းဆေးပညာရှင်တွေကို ခေါ်ယူထားပြီး လာမယ့် မတ် ၁၆ ရက်အထိ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျန်းမာရေးမှူး (HA)၊ အမျိုးသမီးကျန်းမာရေးဆရာမ(LHV)၊ သားဖွားဆရာမ (Midwife)၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်-၁ (PHS-1)၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ (PHS-2) ရာထူးတွေကိုတော့ လာမယ့် မတ် ၁၇ ရက်ကနေ ဧပြီ ၇ ရက်အတွင်း လျှောက်ထားရမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လျှောက်ထားသူတွေအနေနဲ့ ပြည်ထောင်စုမြန်မာနိုင်ငံဖွား ဖြစ်ရမှာဖြစ်ပြီး ကျန်းမာရေးကောင်းမွန်သူ၊ CDM နိုင်ငံ့ဝန်ထမ်းရော နိုင်ငံ့ဝန်ထမ်းမဟုတ်သူတွေပါ လျှောက်ထားနိုင်ပြီး အကြမ်းဖက်စစ်ကောင်စီနဲ့ ပတ်သက်မှု မရှိသူ ဖြစ်ရမယ်လို့ ဆိုပါတယ်။

ခုလိုခေါ်ယူမှုမှာတော့ NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ကြားကာလ ပြည်နယ်/ ဖက်ဒရယ်ယူနစ်တွေက တာဝန်ချထားမယ့် နေရာဒေသတွေဆီ သွားရောက် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမှာဖြစ်ပြီးတော့ ဝန်ထမ်းစိစစ်ရွေးချယ်ခန့်အပ်ရေးကော်မတီက အတည်ပြုရွေးချယ်ခံရသူတွေကတော့ တာဝန်ချထားမယ့်နေရာတွေအတွက် လိုအပ်တဲ့ သင်တန်းတွေကို သတ်မှတ်အစီအစဉ်တွေအတိုင်း တက်ရောက်ရမှာဖြစ် တယ်လို့ ဆိုပါတယ်။

NUG အစိုးရအနေနဲ့ တော်လှန်ရေးကာလနဲ့ ကြားကာလ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ ကျန်းမာရေး သူရဲကောင်းတွေအတွက် လက်ရှိကာလအတွင်း လူမှုဘဝလုံခြုံမှုနဲ့ လုပ်ငန်းခွင်လုံခြုံမှုတွေကို ကာကွယ်စောင့်ရှောက်မှုတွေပေးအပ်နိုင်ဖို့ အစီအစဉ်တွေ ချမှတ်ထားရှိပြီး တော်လှန်ရေးအလွန်ကာလမှာလည်း ဘဝအာမခံချက်တွေနဲ့ အထူးအခွင့်အရေးတွေကို ဖက်ဒရယ် ဒီမိုကရေစီမူဝါဒတွေနဲ့အညီ ပေးအပ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက် စစ်ကောင်စီကတော့ အာဏာသိမ်း ၂ နှစ်ကျော်ကာလအတွင်း နိုင်ငံကို တည်ငြိမ်သယောင် လုပ်ဆောင်နေပေမဲ့လည်း အစိုးရတရပ်အနေနဲ့ ပီပီပြင်ပြင်ဖွဲ့စည်းနိုင်ခြင်းမရှိဘဲ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍတွေအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လတုန်းကလည်း စစ်အုပ်စုလက်အောက် တာဝန်ထမ်းဆောင်ဖို့ သစ်လွင်ဆရာဝန် လစ်လပ်နေရာ ၂၀၀ အပါအဝင် ရာထူးနေရာ ၃၀၀ ကျော်ကို ခေါ်ယူခဲ့ပါသေးတယ်။

မြန်မာတနိုင်ငံလုံးမှာတော့ ရန်ကုန်ဆေးတက္ကသိုလ် ၁၊ ဆေးတက္ကသိုလ် ၂၊ မန္တလေးဆေးတက္ကသိုလ်၊ မကွေးဆေးတက္ကသိုလ်နဲ့ တောင်ကြီးဆေးတက္ကသိုလ် ၅ ကျောင်းရှိကာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ ကိုဗစ်-၁၉ ကပ်ဘေးကာလ စတင်ချိန်ကတည်းက နိုင်ငံတဝန်းက ကျောင်းတွေအားလုံးကို ပိတ်ထားခဲ့ရတာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု စတင်ချိန်မှာတော့ ဆေးလောကသားတွေက ဦးဆောင်ကာ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုနဲ့အတူ နွေဦးတော်လှန်ရေးမှာ အခုအချိန်တိုင်အောင် တစိုက်မတ်မတ် ပါဝင်လာခဲ့ကြပါတယ်။

လတ်တလောမှာတော့ သက်ဆိုင်ရာ တက္ကသိုလ်အသီးသီး အပါအဝင် ဆေးတက္ကသိုလ်တွေကလည်း ယာယီတက္ကသိုလ်ကောင်စီတွေ ဖွဲ့စည်းထားပြီးဖြစ်ကာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ချိတ်ဆက်ကာ ကြားကာလ ပညာသင်ကြားရေး အစီအစဉ်တွေ လုပ်ဆောင်နေပါတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေးမှာ ရှေ့တန်းတနေရာက ဦးဆောင်ပါဝင်နေခဲ့တဲ့ ဆေးလောကသားတွေကို မတရား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာတွေကိုလည်း စစ်ကောင်စီက ကျူးလွန်နေပြီး စစ်အာဏာစသိမ်းတဲ့ အချိန်ကစပြီး ကျန်းမာရေးလုပ်သား အယောက် ၃၀ ကျော် သတ်ဖြတ်ခံခဲ့ရကာ ၆၀၀ ကျော်ကတော့ စစ်အုပ်စုက ဖမ်းဝရမ်း ထုတ်ထားတာကြောင့် တိမ်းရှောင်နေကြရတယ်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေး မှတ်တမ်းကွန်ရက်က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013