
မန်စီးတီးလူငယ်အသင်းဟာ မြို့ခံပြိုင်ဘက် မန်ယူကို (၂-၁) ဂိုးနဲ့ အနိုင်ယူပြီး ၇ ရာသီအတွင်း ၃ ကြိမ်မြောက် FA Youth Cup ချန်ပီယံဆုကို သိမ်းပိုက်လိုက်ပါတယ်။
ပွဲပြီးခါနီး ၈၇ မိနစ်မှာ တိုက်စစ်မှူးဟောင်း အီမီလ်ဟက်စကီးရဲ့သား ရေဂင်ဟက်စကီးက အဆုံးအဖြတ်အနိုင်ဂိုး သွင်းယူပေးခဲ့တာပါ။
ပွဲကြည့်စင်ကနေ အားပေးခဲ့တဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ လူငယ်တွေရဲ့ အောင်မြင်မှုကို ဂုဏ်ပြုခဲ့သလို စနေနေ့မှာကစားမဲ့ FA Cup ဗိုလ်လုပွဲအတွက်လည်း အားတက်စရာ ဖြစ်ခဲ့ပါတယ်။
မန်စီးတီးအတွက် ဦးဆောင်ဂိုးကို ဖလွိုက်ဆမ်ဘာက ပြစ်ဒဏ်ဘောကနေ လှလှပပ သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်ဘက်က ချေပဂိုး ပြန်သွင်းခဲ့ပေမဲ့ ဟက်စကီးရဲ့ နောက်ကျဂိုးကြောင့် စီးတီးတို့ အောင်ပွဲခံနိုင်ခဲ့ပါတယ်။
စီးတီးလူငယ်နည်းပြ အိုလီဗာရိစ်ကတော့ ပြီးခဲ့တဲ့ရာသီ ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ အရှက်ကို အခုနိုင်ပွဲနဲ့ အကောင်းဆုံး ပြန်လည်ချေဖျက်နိုင်ခဲ့တာ ဖြစ်ပါတယ်။











