DVB Logo
Home
မြန်မာသတင်း
ဗန်းမောက်တွင် ဗုံးပေါက်ကွဲပြီး ရဲ ၁ ဦးအပါအဝင် ၃ ဦး ဒဏ်ရာရ၊ ပုလဲနှင့် ကန့်ဘလူတွင် စစ်တပ်နှင့် ပျူစောထီးစခန်း တိုက်ခိုက်ခံရ
DVB
·
February 23, 2023
ဗန်းမောက်တွင် ဗုံးပေါက်ကွဲပြီး ရဲ ၁ ဦးအပါအဝင် ၃ ဦး ဒဏ်ရာရ၊ ပုလဲနှင့် ကန့်ဘလူတွင် စစ်တပ်နှင့် ပျူစောထီးစခန်း တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဗန်းမောက်မြို့မှာ ဖေဖော်ဝါရီ ၂၂ ရက် မနက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင်တဦးနဲ့ ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတွေဆီက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မြို့တွင်း ကင်းလှည့်နေစဉ် လျှပ်စစ်အင်ဂျင်နီယာရုံးအနီး အရောက်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင်တဦးနဲ့ အနီးနားမှာရှိတဲ့ ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တာလို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

“မနက် ၉ နာရီလောက်က ကင်းလှည့်နေရင်း လျှပ်စစ်အင်ဂျင်နီယာရုံးအရှေ့ရောက်တုန်း ဗုံးထပေါက်တာ။ ကင်းလှည့်တဲ့အထဲ ပါလာတဲ့ ရဲတဦး ထိခိုက်တယ်။ အဲ့နားကလည်း အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးလည်း ဗုံးစမှန်ပြီး ထိခိုက်ဒဏ်ရာရတယ်။ ဘယ်အဖွဲ့က ဗုံးဖောက်လဲတော့ မသိရဘူး။” 

ဗုံးပေါက်ကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင်တဦး၊ အခင်းဖြစ်ပွားရာ နေရာအနီးက ဈေးရောင်းချနေသူ အမျိုးသမီးတဦးနဲ့ အမျိုးသားတဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရခဲ့ပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကင်းလှည့်ရာမှာ ရဲတပ်ဖွဲ့နဲ့အတူ လိုက်ပါလာတဲ့ စစ်သားတွေက သေနတ်နဲ့ လှည့်လည်ပစ်ခတ်ပြီး အနီးနား ပတ်ဝန်းကျင်ကိုလည်း စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဗန်းမောက်မြို့အဝင် စစ်ဆေးရေးဂိတ်ကိုလည်း ပြီးခဲ့တဲ့ ၂၀၂၂ ဧပြီလက ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင်နှစ်ဦးနဲ့ မီးသတ်တပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာက ပျူစောထီးစခန်းကို ဖေဖော်ဝါရီ ၂၂ ရက် နေ့ခင်း ၁ နာရီကျော်လောက်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တွေဆီကနေ သိရပါတယ်။

အဆိုပါ ဇီးဖြူကုန်းရွာကို သခင်ဒေါင်းညိုအဖွဲ့က ဦးဆောင်ပြီး ပုလဲဗိုလ်ဂဠုန်ပြောက်ကျားတပ်ဖွဲ့၊ တိုက်ဂါးဖိုက်တာအဖွဲ့၊ PIDF အဖွဲ့၊ ပုံတောင်ညီနောင်အဖွဲ့၊ PSF အဖွဲ့၊ ပုံတောင်ဂဠုန်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း ဒေသခံအဖွဲ့တွေက ပြောပါတယ်။

ပုလဲဒေသခံ ဗိုလ်ဂဠုန်ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်က “စစ်ကောင်စီက အဲ့ရွာမှာ အထိုင်ချနေတဲ့ရွာဖြစ်ပြီး ရွာသားတွေကလည်း စစ်ကောင်စီနဲ့ပေါင်းပြီး အနီးအနားက ကျေးရွာတွေကို အနိုင်ကျင့် ဗိုလ်ကျနေတာဗျ။ ဘယ်လိုပဲ အဲ့ရွာသားတွေကို စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းဖို့ အကြိမ်ကြိမ် စည်းရုံးပေမဲ့ သူတို့က စစ်ကောင်စီနဲ့ပဲ ပူးပေါင်းပြီး ဒေသတွင်း စစ်ကြောင်းလိုက်ကာ တော်လှန်ရေးစခန်းတွေကို လိုက်ပြတာတွေ လုပ်တယ်။ အနီးအနားက ရွာတွေက ဆန်၊ ဆီနဲ့ အဖိုးတန်ရွှေငွေတွေ စစ်ကောင်စီနဲ့ပေါင်းပြီး လိုက်လုတာတွေလုပ်တယ်။ အဲဒါကြောင့် အခုလို ဝင်တိုက်ရတာဗျ။ သူတို့ ပျူစခန်းလုပ်ထားတဲ့ အိမ်နှစ်လုံး ဖျက်ဆီးနိုင်ခဲ့တယ်။ ပျူတယောက် ရှင်းလင်းနိုင်ခဲ့တယ်။ ကိုယ့်ဘက်ကလည်း ရဲဘော်တဦး ထိမှန်ခဲ့တာရှိတယ်။ အသက်အန္တရာယ်‌တော့ မစိုးရိမ်ရဘူး” လို့ ပြောပါတယ်။

ပုလဲမြို့နယ်ဟာ စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂ ရက်မှာ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားတဲ့ မြို့နယ်တခုဖြစ်သလို လက်ရှိမှာလည်း နယ်မြေအတွင်း စစ်ကောင်စီက စစ်ကြောင်းထိုးတာတွေ ပြုလုပ်နေတာကြောင့် ဒေသခံ ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာလည်း ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာလည်း ချပ်သင်းရွာကနေ ဖေဖော်ဝါရီ ၂၂ ရက် မနက် ၄ နာရီခွဲလောက်က ကင်းပုန်းဝပ်ထွက်လာတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ကန့်ဘလူဒေသခံတွေဆီကနေ သိရပါတယ်။

ချပ်သင်းရွာဟာ အိမ်ခြေ ၁,၀၀၀ ကျော်လောက်ရှိတဲ့ ကျေးရွာတရွာဖြစ်သလို အဆိုပါ ချပ်သင်းရွာမှာ စစ်ကောင်စီက တပ်စွဲနေတာဖြစ်ပြီး စစ်ကြောင်းထိုးဖို့ ရွာအပြင် စထွက်လာတာကို အခုလို မိုင်းဆွဲခဲ့တာဖြစ်တယ်လို့လည်း ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။

ကိုယ်တိုင်မိုင်းဆွဲခဲ့တဲ့ ဒေါင်းရာဇာအဖွဲ့ခေါင်းဆောင် ကို‌ကနောင်က “ကျနော်တို့က သူတို့ ဒီနေ့၊ ဒီရက်၊ ဒီအချိန်ကို စစ်(--)စစ်ကြောင်း ထွက်ဖို့ရှိတယ်လို့ ဖရဲသီးဆီကနေ ကြိုတင်သတင်းရထားလို့ ချပ်သင်းရွာအနီးမှာ တိုက်မိုင်းတွေ တရက်ကြိုတင်ထောင်ထားတယ်။‌ နောက်ပြီး ကင်းပုန်းဝပ်တာတွေနဲ့ ကြိုတင်နေရာယူထားတာတွေလည်း လုပ်ထားတယ်ဗျ။ သူတို့ ဖရဲသီးပေးတဲ့အတိုင်းပဲ မနက်ခင်းမှာ စစ်(--)စစ်ကြောင်းထွက်ဖို့ ကင်းပုန်းအတွက် စစ်(--)တွေထွက်လာတာ ကျနော်တို့ထောင်ထားတဲ့ တိုက်မိုင်းမိပြီး (--)နှစ်ကောင် သေဆုံးသွားတယ်ဗျ” လို့ ပြောပါတယ်။

မိုင်းမိတဲ့ စစ်ကောင်စီတပ်ဟာ ချပ်သင်းရွာထဲ ပြန်ဝင်သွားပြီးနောက် မနက် ၈ နာရီလောက် ရွာထဲကနေ နောက်တကြိမ် ပြန်ထွက်လာချိန်မှာလည်း ရွာအပြင်ကနေ အသင့်စောင့်နေတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ၄၀ မမတွေနဲ့ ပစ်ခတ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဘက်ကလည်း ပြန်လည်ပစ်ခတ်တာတွေ ရှိခဲ့ပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က အထိအခိုက် မရှိခဲ့ဘူးလို့ ဒေသခံခေါင်းဆောင်တွေက ဆိုပါတယ်။

စစ်ကောင်စီတပ်ကို ဒေါင်းရာဇာအဖွဲ့နဲ့ ဒေသခံ တပ်ရင်း ၂ က တပ်ခွဲတွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013