
ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ သင်တောရိုးကျေးရွာအုပ်စု၊ ဂွေးချောင်းကျေးရွာအနီး မက်စ်မြန်မာတိုးဂိတ်မှာ ဖေဖော်ဝါရီ ၂၁ ရက် မနေ့မွန်းတည့် ၁၂ နာရီက FAW ကားတစီးပေါ်ကနေ ရိုဟင်ဂျာ ၃၂ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြည်မြို့ကနေ မောင်းလာတဲ့ SINO FAW ကားတစီးကို စစ်ကောင်စီတပ်နဲ့ ပူးပေါင်းအဖွဲ့တွေက စစ်ဆေးရာမှာ ကားပေါ်မှာ ပုန်းခိုလိုက်ပါလာတဲ့ ရိုဟင်ဂျာအမျိုးသား ၂၈ ယောက်နဲ့ အမျိုးသမီး ၄ ယောက်တို့ကို တွေ့ရှိပြီး ဖမ်းဆီးခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
“ဝါးကပ်တွေ ဝါးထရံတွေ ဖုံးပြီး လိုက်လာတာ။ စစ်တပ်က တိုးဂိတ်မှာ ကားပေါ်အထိ တက်ရှာရင်း မိတာ။ ကားသမားကိုပါ ဖမ်းသွားတယ်။”
ရိုဟင်ဂျာ ၃၂ ဦးကိုရော ခေါ်ဆောင်လာတဲ့ ယာဥ်မောင်းကိုပါ စစ်ကောင်စီတပ်က သာယာဝတီမြို့မရဲစခန်းမှာ စစ်ဆေးနေတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက် မနက်ပိုင်းကလည်း သံဖြူဇရပ်မြို့နယ် ဝဲကလိကျေးရွာ ကြိုးဝိုင်းတောအတွင်း လမ်းလျှောက်လာတဲ့ ရိုဟင်ဂျာ အယောက် ၄၀ ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။
ဒါ့အပြင် အခု ဖေဖော်ဝါရီလအတွင်းမှာပဲ စစ်တွေနဲ့ အမ်းမြို့နယ်မှာ ရိုဟင်ဂျာအမျိုးသား ၃၉ ယောက်နဲ့ အမျိုးသမီး အယောက် ၂၀ ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။
အခုနှစ်ဆန်း ဇန်နဝါရီလအတွင်း မြောက်ဒဂုံ၊ သန်လျင်၊ မရမ်းကုန်း၊ ရွှေပြည်သာ၊ ဟင်္သာတ၊ ပြည် အစရှိတဲ့ မြို့နယ်တွေမှာ ရိုဟင်ဂျာ ၃၀၀ နီးပါး ဖမ်းဆီးရမိခဲ့ပြီး အဲ့ဒီထဲက ၇၇ ယောက်ကို ထောင်ဒဏ် ၂ နှစ် ချမှတ်ထားပါတယ်။