DVB Logo
Home
မြန်မာသတင်း
မှတ်ပုံတင်နှင့် UID ကတ် ပြုလုပ်ရာ၌ ငွေတောင်းပါက တိုင်ကြားနိုင်ဟု စစ်အာဏာရှင်ဝန်ကြီးပြော
DVB
·
April 29, 2026
 Photo: MRTV
Photo: MRTV
Donate to DVB

 

ရက် ၁၀၀ လမင်း စီမံချက်အတွင်း မှတ်ပုံတင်နဲ့ UID ကတ် ပြုလုပ်သူတွေကို ဝန်ထမ်းတွေက ငွေကြေးတစုံတရာ တောင်းခံပါက တိုင်ကြားနိုင်တယ်လို့ စစ်အာဏာရှင်ခန့် လဝကဝန်ကြီးက ပြောပါတယ်။

မနေ့က နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှာ ပြုလုပ်တဲ့ လမင်း စီမံချက် အကောင်အထည်ဖော် ဆောင်ရွက်ရေး လုပ်ငန်းအစည်းအဝေးမှာ စစ်အာဏာရှင်ခန့် ဝန်ကြီးက ပြောလိုက်တာပါ။

“လမင်းစီမံချက်မှာ နိုင်ငံတော်သမ္မတရဲ့ လမ်းညွှန်ချက်နဲ့အညီ အသက် ၁၈ နှစ်ပြည့်ပြီးပေမဲ့လည်း နိုင်ငံသားစိစစ်ရေးကတ်ပြား မရသေးတဲ့သူတွေ၊ အသက် ၁၀ နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူတွေကို ဥပဒေနဲ့အညီ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေးနဲ့ Unique ID ထုတ်ပေးရေး ဆောင်ရွက်သွားမှာဖြစ်ပြီး ငွေကြေးတောင်းခံတဲ့ ဝန်ထမ်းတွေကို တိုင်ကြားပါက အရေးယူ ဆောင်ရွက်သွားမှာဖြစ်တယ်။”

ဘယ်စီမံချက်မဆို မှတ်ပုံတင်လုပ်ရာမှာ ငွေကြေးပေးရပြီး ငွေအနည်းနဲ့အများသာ ကွာခြားကာ ငွေမပေးပါက လဝကဝန်ထမ်းတွေက မှတ်ပုံတင်မလုပ်ပေးဘူးလို့ မှော်ဘီမြို့ခံတယောက်က DVB ကို ပြောပါတယ်။

“မှော်ဘီမှာ အသက် ၁၈ နှစ်ပြည့် မှတ်ပုံတင်လုပ်တယ်။ ရပ်ကွက်ကနေ စပြီး ပိုက်ဆံပေးရတာ။ လဝကရုံး ရောက်တော့ ကိုယ့်ဘက်က စာရွက်စာတမ်း ပြည့်စုံတာတောင် နိုင် ၂ ပုံစံထုတ်တာ ၃၀,၀၀၀ ပေးရတယ်။ ဒါတောင် မှတ်ပုံတင်မရဘူး။ နိုင် ၂ ပုံစံထုတ်တဲ့ အဆင့်ပဲ ရှိသေးတယ်။ မှတ်ပုံတင်ရတဲ့အထိ ၉၀,၀၀၀ ကုန်တယ်။ ပန်းခင်းစီမံချက်မှာ တောင်းတာနော်။”

တာမွေမြို့နယ်မှာ အသက် ၁၈ နှစ်ပြည့် မှတ်ပုံတင် ပြန်လဲရာမှာ လဝကဝန်ထမ်းတွေက ၃၀,၀၀၀ မှ ၆၀,၀၀၀ အထိ တောင်းယူပြီး ငွေမပေးသူတွေကို ဦးစီးမှူး အစည်းအဝေးသွားနေတယ် ဆိုပြီး ပြန်လွှတ်ကြောင်း မြို့ခံတယောက်က DVB ကို ပြောပါတယ်။

“တာမွေမှာ အသက် ၁၈ နှစ်ပြည့် မှတ်ပုံတင်ပြန်လဲရင် ၃၀,၀၀၀ကနေ ၆၀,၀၀၀ ပေးရတယ်။ ကျနော့်သမီး အသက် ၁၈ ပြည့်သွားလို့ နိုင် ၃ (က) ကနေပြီး နိုင် ၆ (က) ပြန်လဲတော့ ကျနော်တို့က ပိုက်ဆံမပေးတော့ သွားတိုင်း ဦးစီးမှူး အစည်းအဝေးသွားနေတယ်ပဲ တိုက်နယ်မှူးက ပြောပြီး ပြန်ချိန်းတာ၊ သမီး အိမ်ထောင်ကျပြီး ကလေးရမှ မှတ်ပုံတင်ရတယ်။”

မြောက်ဒဂုံမြို့နယ်မှာလည်း မှတ်ပုံတင်အသစ်လုပ်တာ ပျောက်ဆုံး၊ ပျက်စီး ပြန်လျှောက်တာနဲ့ ပုံစံ ၁၀ အဝင်အထွက်များကို လဝကဝန်ထမ်းတွေက စျေးနှုန်းသတ်မှတ်ထားပြီး ငွေမရပါက လချီ၊ နှစ်ချီ ကြာတတ်တယ်လို့ မြိုခံတယောက်က ရှင်းပြပါတယ်။

“မြောက်ဒဂုံမှာက ပေါ်တင်ပဲ၊ ကိုယ်တိုင်လုပ်မှာလား၊ ကိုယ်တိုင်လုပ်ရင် ဘယ်လောက်ကြာမယ် ဆိုတာ အာမ,မခံဘူး။ ဒါဆို ပွဲစားနဲညှိ၊ မှတ်ပုံတင်အသစ်ဆို လူရင်းဆို ၄၀,၀၀၀၊ သူစိမ်းဆို ၆၀,၀၀၀၊ ပျောက်၊ ပျက်၊ မိတ္တူ ၆၀,၀၀၀ ကနေ ၁၂၀,၀၀၀၊ ပုံစံ ၁၀ အဝင်အထွက် လူလာစရာမလို၊ ဒယ်လီနဲ့ပါ လာပို့ပေးမယ် ၁ သိန်းခွဲ၊ မယုံရင် အဲ့ရုံးသွားကြည့်၊ တိုက်နယ်မှူးတွေက မှတ်ပုံတင် လာလုပ်တဲ့သူတွေကို နည်းမျိုးစုံနဲ့ရစ်မယ်။ အဲ့အချိန် ပွဲစားက အပြင်ခေါ်ထုတ်ပြီး စျေးစကားပြောလိမ့်မယ်။”

မှတ်ပုံတင်ပြုလုပ်ရာမှာ ငွေပေးရပါက တိုင်ကြားနိုင်တယ် ဆိုတဲ့စကားမှာ စစ်တပ် အာဏာသိမ်းပြီးကတည်းက ဝန်ကြီးအစဥ်အဆက် ပြောဆိုလာတဲ့ စကားဖြစ်ပြီး အမှန်တကယ်တော့ ပြည်သူတွေမှာ တိုင်လို့မရကြောင်း တိုင်ကြားခဲ့သူတယောက်က DVB ကို ပြောပါတယ်။

“တိုင်လို့ရတယ်ဆိုတာ အပိုပြောတာ၊ ဝန်ကြီးဌာနကို လိပ်မူပြီး စာရေးတိုင်လည်း ပြန်စာမလာဘူး၊ စစ်ဆေးတာမရှိဘူး၊ ဖုန်းဆက်တိုင်လည်း ဖုန်းမကိုင်ဘူး၊ လဝကဝန်ထမ်းတွေက ငွေကြေးတောင်းခံပါက တိုင်ကြားရန်ဆိုတဲ့ ဆိုင်းဘုတ်အောက်မှာပဲ ငွေတောင်းနေတာ။”

NLD အစိုးရလက်ထက်က မှတ်ပုံတင်ပြုလုပ်ရာမှာ လွယ်ကူအဆင်ပြေပြီး နိုင်ငံသားတိုင်း မှတ်ပုံတင် ရရှိခဲ့သလို စာရွက်စာတမ်းကြေးမှာ ၁,၅၀၀ ကနေ ၃,၀၀၀ အထိသာ ပေးရလို့ ဝန်ထုပ်ဝန်ပိုးမဖြစ်ဘဲ ငွေကြေးအဆမတန်တောင်းတဲ့ လဝကဝန်ထမ်း အများစုကို အရေးယူခဲ့တဲ့ ဖြစ်စဥ်တွေ ရှိပါတယ်။

Photo: MRTV

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013