DVB Logo
Home
မြန်မာသတင်း
ကန့်သတ်ထားသည့် အလုပ်များလုပ်သဖြင့် မြန်မာလုပ်သား ၁၀၀ ကျော်ကို ထိုင်းအစိုးရ ဖမ်းဆီး
DVB
·
February 18, 2023
ကန့်သတ်ထားသည့် အလုပ်များလုပ်သဖြင့် မြန်မာလုပ်သား ၁၀၀ ကျော်ကို ထိုင်းအစိုးရ ဖမ်းဆီး
Donate to DVB

ထိုင်းနိုင်ငံအတွင်းမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဟာ ထိုင်းအစိုးရက သတ်မှတ်ထားတဲ့ စက်ရုံ၊ အလုပ်ရုံနဲ့ အောက်ခြေအလုပ်တွေကိုသာ လုပ်ကိုင်ခွင့်ရှိပြီး ဈေးရောင်းတာ၊ ဆိုင်ကယ်ကယ်ရီ အသုံးပြုပြီး ခရီးသည်တင်ပို့တာ၊ စားသော က် ကုန်လုပ်ငန်း၊ အလှပြင်ဆိုင်၊ ထိုင်းရိုးရာ အနှိပ် စတဲ့ အလုပ်တွေကိုတော့ လုပ်ကိုင်ခွင့်မရှိပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ နာမည်ကြီး ခေါက်ဆန်လမ်းမှာ ထိုင်းလဝက ရဲတပ်ဖွဲ့ဟာ ခရီးသွားဟန်ဆောင်ပြီး အစားအသောက် ဝယ်ယူကာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် တရားမဝင် မြန်မာအလုပ်သမား ၁၁ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း ထိုင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဒီရက်ပိုင်းအတွင်း ထိုင်းနိုင်ငံအနှံ့ ဖမ်းဆီးခံရတဲ့ မြန်မာလုပ်သားဦးရေ ၁၀၀ ကျော်ရှိတယ်လို့ ထိုင်းရောက် မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်တဲ့အဖွဲ့တွေဆီက သိရပါတယ်။

မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ  ဦးမိုးကြိုးက "အဖမ်းခံရတာ ဒီလထဲမှာပဲ။ လမ်းဘေး ဈေးရောင်းတာတင် မဟုတ်ဘူး။ ဆိုင်ကယ်ကယ်ရီတွေ၊ ဆိုင်ကယ် တက္ကစီ ဆွဲတာတွေ၊ ဆိုင်ကယ်ဘေးတွဲနဲ့ ပစ္စည်းတွေ သယ်ပို့ရောင်းချတာတွေ၊ ခေါင်းရွက်ဗျက်ထိုးဈေးသည်တွေ၊ ရပ်ကွက်ထဲက ဈေးဆိုင်တွေ ဖမ်းခံရတာတွေရှိတယ်။ ဒဏ်ကြေးပေးရတာပေါ့။ အသေး အလတ် အကြီး ကွာတယ်။ ဆိုင်ကြီးရင် သိန်း ဂဏန်းထိ ရှိတယ်။ ဆိုင်သေးရင် သောင်းဂဏန်းပဲ။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ ဖမ်းတာ။ လူ ၁၀၀ ကျော်တယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ကန့်သတ်ထားတဲ့ လုပ်ငန်း စုစုပေါင်း ၄၀ ရှိပြီး  ဒီထဲက အလုပ် ၂၇ မျိုးကိုတော့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ (လုံးဝ) လုပ်ကိုင်ခွင့် မပေးထားဘူးလို့ သိရပါတယ်။

ကန့်သတ်ထားတဲ့ အလုပ်တမျိုးမျိုးကို ရွှေ့ပြောင်းလုပ်သားတွေ လုပ်တာ တွေ့ရင် တဦးကို အနည်းဆုံး ဘတ် ၅၀၀၀ ကနေ ၅ သောင်း၊ ၁ သိန်းထိ ဒဏ်ရိုက်ခံရနိုင်ပြီး၊ ထောင်ဒဏ် ချမှတ်နိုင်သလို မိခင်နိုင်ငံ ပြန်ပို့ခံရတဲ့အထိ အရေးယူနိုင်တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

"ဒီဥပဒေက ပြောမယ်ဆို သရေကွင်းလိုပဲ၊ အရှင်ကြီးပါ။ ချုံ့လို့လည်းရတယ်၊ ချဲ့လို့လည်း ရတယ်၊ သူတို့ကိုင်ထားတာပေါ့။ သူတို့ အဆင်မပြေရင် မပြေသလိုပဲ။ အိမ်ရှင်ထိုင်းနိုင်ငံကလွဲပြီး နိုင်ငံခြားတွေ လုပ်ခွင့်မပေးထားဘူး။ သို့သော် မြန်မာတွေ ထိုင်းလူမျိုးကို သူဌေးနာမည်ခံပြီး ဒီလုပ်ငန်းတွေ လုပ်နေတာ နှစ်ပရိစ္ဆေဒ ရှည်ကြာနေပြီ။ အခုမှ လုပ်တာ မဟုတ်ဘဲ လွန်ခဲ့တဲ့ နှစ် ၂၀၊ ၃၀ ကတည်းက လုပ်လာတဲ့ ဒီအလုပ်တွေကို ထိုင်းနိုင်ငံက အစိုးရက အိမ်ရှင်နိုင်ငံသားတွေကို ကာကွယ်ပေးတယ် ဆိုတာ ပြသချင်တဲ့အခါ ရွှေ့ပြောင်းလုပ်သားကို ဖမ်းပြတဲ့သဘောပေ့ါ" လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ  ဦးမိုးကြိုးက ပြောပါတယ်။

အခုလို ဖမ်းဆီးမှုတွေကို ထိုင်းနိုင်ငံအတွင်း မြန်မာလုပ်သားတွေ အများဆုံးရှိတဲ့ နယ်စပ်မြို့တွေ မဲဆောက် အပါအဝင် ဘန်ကောက်၊ မဟာချိုင်၊ စမွတ်ပရာကန်၊ မယ်ဆိုင်၊ ကန့်ချာနာဘူရီ၊ ချုံဘူရီ၊ ဆူရတ်ဌာနီ၊ ဖူးခတ်၊ ချင်းရိုင်၊ ချင်းမိုင် စတဲ့ မြို့တွေမှာ လုပ်ကိုင်ကြတဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေကို လိုက်လံဖမ်းဆီးခဲ့တာပါ။

အခုလိုမျိုး ကန့်သတ်ထားတဲ့ အလုပ်တွေကို မြန်မာလုပ်သားတွေ ပြောင်းလဲ လုပ်ကိုင်လာကြတာဟာ စီးပွားရေး ကျပ်တည်းမှုနဲ့ ထိုင်းနိုင်ငံအတွင်း အလုပ်အကိုင် ရှားပါးမှုတွေကြောင့်လို့ အမျိုးသား ညီညွတ်ရေး အစိုးရအဖွဲ့၊ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

"မြန်မာနိုင်ငံသား အလုပ်သမားတွေက ဈေးရောင်းရင် ထိုင်းသူဌေး ပါတယ်။ ဈေးဆိုင်မှာ ကောင်တာ ထိုင်ခွင့်မရှိဘူး။ စားပွဲထိုးခွင့်ပဲရှိတယ်။ ငွေတောင် ကိုင်ခွင့် မရှိဘူး။ အရင်ကတည်းက ကန့်သတ်ထားတဲ့ လုပ်ငန်းတွေပေါ့။ လက်ရှိ အခြေအနေမှာ တကမ္ဘာလုံးက စီးပွားရေးအကျပ်အတည်းတွေ ဖြစ်လာတော့ တချို့လုပ်ငန်းပိုင်းတွေ ပိတ်ပစ်ရတော့ ဒီလုပ်သားတွေက ထွက်စရာအလုပ်က တခုပဲရှိတော့တယ်။"

"ထိုင်းဘက်က ကန့်သတ်ထားတဲ့ လုပ်ငန်းတွေမှ မလုပ်ရင် ရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့က ဘယ်လို အလုပ်ကိုမှ ရှာမရတဲ့ အဆုံး ဒီအလုပ်တွေ လုပ်ရတဲ့သဘောပေါ့။ တချို့လုပ်ငန်းတွေက ရွှေ့ပြောင်းအလုပ်သမားတွေ အပေါ်မှာ ထိုင်းအစိုးရက ဖိနှိပ်ထားတဲ့ လုပ်ငန်း Process လို့ မြင်တယ်။ ထိုင်းအစိုးရအနေနဲ့ ဒီအပေါ်မှာ ဖြေလျှော့ပေးရင် နိုင်ငံခြားသား အလုပ်သမားတွေ အနေနဲ့ ပိုပြီး အလုပ်အကိုင်အခွင့်အလမ်းရမယ်လို့ မြင်ပါတယ်"လို့ NUG အလုပ်သမားဝန်ကြီးဌာန၊ ပြည်ပအလုပ်သမား စီမံခန့်ခွဲရေးဌာန တာဝန်ရှိသူ ဦးဝေလင်းမောင်က ပြောပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး မတည်ငြိမ်မှု၊ စီးပွားရေး ကျဆင်းမှု၊ အလုပ်အကိုင် ရှားပါးမှုတွေကြောင့် ပြည်တွင်းကနေ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ တောင်ကိုရီးယား၊ ဂျပန်နဲ့ ယူအေအီး နိုင်ငံတွေကို အများဆုံး သွားရောက် ရွှေ့ပြောင်း အလုပ်လုပ်ကိုင်နေကြပါတယ်။

လက်ရှိ ထိုင်းနိုင်ငံမှာ အလုပ်လုပ်သူ အရေအတွက် ၅ သန်း နီးပါးရှိနေပြီး CDM အပါအဝင် အကြောင်း အမျိုးမျိုးကြောင့် ထိုင်းနိုင်ငံကို ရွှေ့ပြောင်းလာသူ ၆ သောင်းကျော် ရှိတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်တဲ့အဖွဲ့တွေက ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013