DVB Logo
Home
မြန်မာသတင်း
ဒလန်ခေါင်းစဉ်တပ် သတ်ဖြတ်ခံရသူ၏မိသားစုက သက်သေထုတ်ပြရန်နှင့် အလောင်းပြန်ပေးရန် တောင်းဆို
DVB
·
February 18, 2023
ဒလန်ခေါင်းစဉ်တပ် သတ်ဖြတ်ခံရသူ၏မိသားစုက သက်သေထုတ်ပြရန်နှင့် အလောင်းပြန်ပေးရန် တောင်းဆို
Donate to DVB

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ဥတ္တူကျေးရွာကနေ ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်တပ်သတင်းပေး လုပ်လို့ဆိုကာ သတ်ဖြတ်ခံခဲ့ရတဲ့အပေါ် သတင်းပေးလုပ်တယ်ဆိုတဲ့ သက်သေတွေရှိပါက တိတိကျကျထုတ်ပြဖို့ သေဆုံးသူရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

အတက်ရောဂါအခံရှိတဲ့ အသက် ၅၄ နှစ်အရွယ် သရက်ချောင်းမြို့နယ်၊ ကျွဲဇပ်ရွာသား ဦးတင်လတ်ဟာ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ဥတ္တူရွာမှာ အလုပ်လုပ်နေစဥ် ဖမ်းဆီးခံခဲ့ရပါတယ်။

ဒီနောက် ဦးတင်လတ်ဟာ စစ်ကောင်စီသတင်းပေးလုပ်လို့ဆိုကာ သတ်ဖြတ်လိုက်ပြီလို့ သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့က  ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း ကင်းရှေ့ရွာနဲ့ ဥတ္တူကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ စစ်ကြောင်းထိုးဝင်ရောက်တဲ့အချိန် ဦးတင်လတ်လည်း ပါဝင်တာကို မျက်မြင်သက်သေတွေရှိတယ်လို့ ပြောပါတယ်။

ဦးတင်လတ်ရဲ့ သမီးဖြစ်သူကတော့ သူ့အဖေဟာ စစ်ကောင်စီသတင်းပေးဆိုတာ မဟုတ်ကြောင်းနဲ့ သတင်းပေးလုပ်တဲ့ဆိုတဲ့ သက်သေတွေရှိရင်လည်း ထုတ်ပြပေးဖို့ ပြောပါတယ်။

"မျက်မြင်တွေရှိတယ်ဆို ဘယ်နှယောက်မြင်ခဲ့လို့လဲ၊ ကျမအဖေက ဥတ္တူကမဟုတ်ဘဲ မြင်တဲ့သူတွေက ဘယ်လိုလုပ်ပြီး ကျမအဖေမှန်းသိတာလဲ၊ မျက်မြင်ဆိုတာကရော ဘယ်နှယောက်လဲ၊ ကျမအဖေ စစ်တပ်နဲ့ သွားလာနေတဲ့ ဓာတ်ပုံတွေ သက်သေတွေ ရှိရင်အကုန်ထုတ်ပြပေးစေချင်တယ်၊ သက်သေရှိတယ်ဆိုပြီး ပြောရုံနဲ့ ပြီးလို့ရတာမဟုတ်ဘူး။ ကျမအဖေ စစ်တပ်သတင်းပေးမဟုတ်ဘူးဆိုတာ ရွာနဲ့ ပတ်ဝန်ကျင်က လူတွေကို လိုက်မေးလို့ရတယ်"

ဦးတင်လတ်ဟာ ဥတ္တူကျေးရွာအနီး လှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ဓာတ်ပုံနဲ့တကွ ရှာဖွေစုံစမ်းတာ၊ ရွာသားတွေကို ခြိမ်းခြောက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စခန်းနေရာတွေကို စုံစမ်းတာတွေလုပ်တယ်လို့လည်း သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရာဘာပျိုးပင် အရောင်းအဝယ်လုပ်တဲ့ ဦးတင်လတ်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းကမှ ဥတ္တူရွာဘက်ကို ပြောင်းရွှေ့လုပ်ကိုင်ခဲ့တာဖြစ်ပြီး ကျေးရွာအတွင်း ရာဘာပျိုးပင်စျေးကွက် စုံစမ်း​တာ ရှိခဲ့တယ်လို့ သမီးဖြစ်သူကပြောပါတယ်။

"သူတို့ထုတ်ပြန်ချက်မှာ ပါသလို ဓာတ်ပုံပြပြီး စုံစမ်းရအောင်လည်း ကျမအဖေမှာ ဖုန်းကောင်းကောင်းမရှိဘူး၊ ကျမအဖေ ကီးပက်ဖုန်းပဲသုံးတာ။ နောက်ပြီး ကျမအဖေက စစ်တပ်အရာရှိတွေနဲ့ ဆက်သွယ်ထားတယ်ဆိုတာက ဘယ်လိုဆက်သွယ်ထားလဲဆိုတဲ့ သက်သေတွေ ထုတ်ပြပေးစေချင်တယ်"လို့လည်း သူကပြောပါတယ်။

သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ ဦးတင်လတ်ဟာ စစ်ကောင်စီတပ်ရဲ့အရာရှိ ၂ ဦးဖြစ်တဲ့ လှမြင့်စိုးနဲ့ မင်းသူ၊ ဒုရဲအုပ် နန်းဝင်း၊ တပ်ကြပ် ခင်မောင်ဝင်း၊ ဦးစီးမှူး မျိုးတင့်တို့နဲ့ အဆက်သွယ်လုပ်ထားတယ်လို့ ဖော်ပြထားပြီး အဲဒီလူတွေဟာ ဘယ်တပ်ရင်း၊ ဘယ်ဌာနက လူတွေဆိုတာနဲ့ ဘယ်လို ဆက်သွယ်ထားလဲဆိုတာကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။

ဦးတင်လတ်ရဲ့ သမီးဖြစ်သူကတော့ သူ့အဖေဟာ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူတဦးဖြစ်တာကြောင့် အရင်ကတည်းက သက်ဆိုင်ရာ ဝန်ထမ်းတွေနဲ့ ဆက်ဆံမှုရှိနိုင်ပြီး အဲဒီအရာရှိတွေရဲ့ နာမည်တွေကလည်း စစ်အာဏာမသိမ်းခင်ကတည်းက ဖုန်းနံပါတ်မှတ်တမ်းစာအုပ်ထဲ ရေးထားတာတွေဖြစ်နိုင်ကြောင်း ပြောပါတယ်။

"ဒလန်လုပ်တာမှန်ရင်တောင် သူတို့အနေနဲ့ အရေးယူမှုက အဆင့်ဆင့်လုပ်သင့်တယ်၊ သတိပေးစာပို့တာ၊ စွပ်စွဲခံရသူရဲ့ ဇစ်မြစ်ကို သေချာလိုက်စုံစမ်းတာလုပ်သင့်တယ်။ အခုက ကျမအဖေရဲ့ ဇစ်မြစ်ကိုလည်း မစုံစမ်းဘူး၊ ကျမတို့ရွာနဲ့ ပတ်ဝန်းကျင်မှာလည်း ကျမအဖေအ ကြောင်းမမေးဘူး၊ ဖမ်းပြီးတာနဲ့ ချက်ချင်းသတ်လိုက်ကြတာက တော်တော်မတရားဘူး" လို့လည်း သူကဆိုပါတယ်။

သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ကို ဒီဗွီဘီကို ဆက်သွယ်ခဲ့ပေမယ့် ဖေဖော်ဝါရီ ၁၇ ရက်၊ နေ့လယ်ပိုင်းအထိ အဆက်သွယ်မရရှိပါဘူး။

ဦးတင်လတ်ရဲ့ မိသားစုဝင်တွေကတော့ မှားယွင်းသတ်ဖြတ်ခဲ့တာဆိုရင် တရားဝင်တောင်းပန်ပေးဖို့နဲ့ အလောင်းကိုလည်း ပြန်လိုချင်တယ်လို့ ပြောပါတယ်။

"မှားသွားပြီ ဆိုရင်လည်း တရားဝင်တောင်းပန်စေချင်တယ်၊ ကျမအဖေ နာမည်ဆိုးနဲ့ သေရမှာကို မလိုချင်ဘူး။ ကျမအဖေရဲ့ အလောင်းကိုလည်း ပြန်ပေးစေချင်တယ်"

စစ်အာဏာသိမ်းမှု ၂ နှစ်တာကာလအတွင်း အပြန်အလှန်သတ်ဖြတ်မှုတွေအပါအဝင် နိုင်ငံရေး ပဋိပက္ခတွေကြောင့် တနင်္သာရီတိုင်းအတွင်းမှာ အရပ်သား ၃၆၀ ကျော်သေဆုံးခဲ့တယ်လို့ သုတေသနအဖွဲ့တခုဖြစ်တဲ့ Southern Monitor အဖွဲ့ကနေ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013