DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်သတ်ဖြတ်မှုကြောင့် ကျဆုံးသွားသည့် ပြည်သူ ၃၀၀၀ အတွက် ပြင်သစ်သံအမတ်ကြီး နှင်းဆီပန်းချဂုဏ်ပြု
DVB
·
February 18, 2023
မြန်မာစစ်တပ်သတ်ဖြတ်မှုကြောင့် ကျဆုံးသွားသည့် ပြည်သူ ၃၀၀၀ အတွက် ပြင်သစ်သံအမတ်ကြီး နှင်းဆီပန်းချဂုဏ်ပြု
Donate to DVB

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းကာလ ၂ နှစ်ကျော်အတွင်း ကျဆုံးခဲ့ရသူတွေ၊ ဒဏ်ရာရခဲ့သူတွေနဲ့ ပျောက်ဆုံးသွားခဲ့သူတွေအားလုံးအတွက် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး မစ္စတာ ခရစ်စ်ရှန်လက်ချ်ဗီက အမှတ်တရ နှင်းဆီပန်းတွေချပြီး ဂုဏ်ပြုခဲ့တယ်လို့ သံရုံးက ထုတ်ပြန်ထားပါတယ်။

ဒီကနေ့အထိ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ ကျဆုံးပြည်သူအယောက် ၃,၀၀၀ ထိရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

အခုလိုအသက်ဆုံးရှုံးခဲ့ရသူတွေ၊ သူတို့ရဲ့ မိသားစုတွေအပါအဝင် မြန်မာပြည်ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ပြန်လည်အသက်ဝင်လာစေဖို့ တိုက်ပွဲဝင်နေကြ သူတွေအားလုံးကို သံအမတ်ကြီးက စာနာထောက်ထားကြောင်းလည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ပြန်လည်ထူထောင်ရေးတိုက်ပွဲမှာ ပြင်သစ်နိုင်ငံက မြန်မာပြည်သူလူထုဘက်က ရပ်တည်နေတယ်လို့ ပြင်သစ်အစိုးရအဖွဲ့ ဥရောပနဲ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ကက်သရင်းကိုလိုနာက အခုလဆန်းတုန်းက ပြောထားပါတယ်။

မြန်မာပြည်သူလူထုက လွတ်လပ်စွာရွေးချယ် ရွေးကောက်တင်မြှောက်ထားခဲ့တဲ့ အစိုးရကို ရက်စက်ကြမ်းတမ်းစွာဖြုတ်ချပြီးတော့ စစ်တပ်က အာဏာသိမ်းခဲ့တာ ၂ နှစ်ကြာပြီးနောက် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေး ပြန်လည်ထူထောင်ရေး တိုက်ပွဲမှာ ပြည်သူလူထုဘက်က  ရပ်တည်နေတယ်လို့ ပြင်သစ်က ပြောလိုက်တာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက မတရားဖမ်းဆီးထိန်းသိမ်းထားပြီး ထပ်တိုးထောင်ဒဏ်တွေ ချမှတ်နေတဲ့အပေါ်လည်း ပြင်သစ်နိုင်ငံဟာ ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချထားပါတယ်။

ဒါဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရအပေါ် သိက္ခာချဖို့ ရည်ရွယ်တဲ့မတရားတဲ့ တရားစီရင်မှုတွေဖြစ်ပြီး ဒီစီရင်ချက်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေး ကောက်ပွဲမှာ လွတ်လပ်စွာ ပြတ်ပြတ်သားသား ထုတ်ဖော်ခဲ့ကြတဲ့ ပြည်သူတွေရဲ့ဆန္ဒကို မထီမဲ့မြင်ပြုခြင်းရဲ့ နောက်ထပ် အရိပ်အယောင်တခု ဖြစ်တယ်လို့လည်း ပြင်သစ်သံအမတ်က ပြောထားပါတယ်။

ဒါ့အပြင် ဒီမိုကရက်တစ်အတိုက်အခံတွေ အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ သမိုင်းဝင် နိုင်ငံရေးခေါင်းဆောင်တွေ ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲလုပ်ဖို့လည်း ပြင်သစ်နိုင်ငံရဲ့ ကတိကဝတ်ကို ထပ်လောင်း ပြောကြားထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးပါဝင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ ပြင်သစ်နိုင်ငံ အောက်လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဖေဖော်ဝါရီ ၁ ရက်က ပြင်သစ်အောက်လွှတ်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အဆိုပါ ဆွေးနွေးပွဲမှာ စစ်အုပ်စုက ပြုလုပ်မယ့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ပြင်သစ်လွှတ်တော်၊ ပြင်သစ်အစိုးရနဲ့ နိုင်ငံတကာကပါ ကန့်ကွက်ပေးဖို့ NUG အစိုးရ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ ပြင်သစ်အောက်လွှတ်တော်တို့ တရားဝင်တွေ့ဆုံ ချိတ်ဆက်လုပ်ဆောင်နိုင်ရေးစတာတွေကို တင်ပြခဲ့ပြီး ဆက်လက်လုပ်ဆောင်မယ့် လမ်းစဉ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာ့နွေဦးတော်လှန်ရေး တိုးတက်မှုအခြေအနေတွေ၊ အစိုးရရဲ့ လမ်းပြမြေပုံအပါအ၀င် မြန်မာလူထုရဲ့ နွေဦးတော်လှန်ရေးမှာ အရေးကြီးပါ၀င်နေမှုတွေကိုလည်း NUG ဝန်ကြီးတွေက ရှင်းလင်း ပြောကြားခဲ့ကြပါတယ်။

နိုင်ငံ့အာဏာကို တရားမဝင်လုယူထားတဲ့ အကြမ်းဖက်စစ်အုပ်စုကတော့ ပြီးခဲ့တဲ့  ဇန်နဝါရီ ၃၁ ရက်က ပြုလုပ်ခဲ့တဲ့ ကာလုံအစည်းအဝေးရဲ့ ထောက်ခံချက်နဲ့ နောက်ထပ် ၆ လ သက်တမ်းတိုးလိုက်ပြီး တရားမဝင် ရွေးကောက်ပွဲကို ကျင်းပနိုင်ဖို့ ကြိုးစားနေကြတဲ့အပြင် နိုင်ငံတဝန်း စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ ဘယ်သူ့ကိုမဆို မတရားဖမ်းဆီးသတ်ဖြတ်မှုတွေကို မင်းမဲ့စရိုက်ဆန်ဆန် ကျူးလွန်နေကြတဲ့အပြင် အပြစ်မဲ့ အရပ်သားတွေ နေထိုင်ရာဒေသတွေကို လေကြောင်းက တိုက်ခိုက်မှုတွေကိုပါ ပြောင်ပြောင်တင်းတင်း လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013