DVB Logo
Home
မြန်မာသတင်း
ဆိပ်ဖြူနှင့် ပခုက္ကူတွင် ရွာသား ၂၀,၀၀၀ ခန့်ထွက်ပြေးနေရ၊ ဆိပ်ဖြူတိုက်ပွဲ၌ စစ်ကောင်စီအရာရှိ အပါအဝင် အများအပြားသေ
DVB
·
February 17, 2023
ဆိပ်ဖြူနှင့် ပခုက္ကူတွင် ရွာသား ၂၀,၀၀၀ ခန့်ထွက်ပြေးနေရ၊ ဆိပ်ဖြူတိုက်ပွဲ၌ စစ်ကောင်စီအရာရှိ အပါအဝင် အများအပြားသေ
Donate to DVB

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်နဲ့ ပခုက္ကူမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်း ၂ ကြောင်းထိုးပြီး လေးရက်ဆက်တိုက် တိုက်ခိုက်ဖျက်ဆီးနေတဲ့အတွက် ပြည်သူ ၂၀,၀၀၀ ဝန်းကျင် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ယာယီစခန်းတခုလည်း ဝင်ရောက်စီးနင်းခံခဲ့ရတယ်လို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NSP) က ပြောပါတယ်။

စစ်ကောင်စီ စစ်ကြောင်းနှစ်ခုက ဖေဖော်ဝါရီ ၁၃ ရက်ကနေ ၁၆ ရက်အထိ လေးရက်ဆက်တိုက် စစ်ကြောင်းထိုးနေတာဖြစ်ပြီး ဆိပ်ဖြူမြို့နယ် ကျားဘေးကျေးရွာ အနောက်ဘက်မှာရှိတဲ့ ဒေသကာကွယ်ရေး ယာယီစခန်းတခုကိုလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်စီးနင်းခဲ့လို့ ဒေသကာကွယ်ရေးစခန်းတခု လက်လွှတ်ဆုံးရှုံးခဲ့ရတယ်လို့ NSP တပ်ဖွဲ့ သတင်းနဲ့ ပြန်ကြားတာဝန်ခံ သူရိန်က ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းက တောင်ရွာမကျေးရွာထဲကို လက်နက်ကြီးငယ်တွေနဲ့ ရမ်းသန်းပစ်ခတ် ဝင်ရောက်ခဲ့ပြီး အဲဒီကျေးရွာမှာရှိတဲ့ ဆိတ်အကောင် ၃၀၊ နွားနှစ်ကောင်နဲ့ အိမ်သုံးပစ္စည်းတွေ၊ ရွှေ၊ ငွေ အဖိုးတန်ပစ္စည်းတွေကိုလည်း ဖောကားတွေနဲ့ သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ဆိပ်ဖြူမြို့နယ်ထဲက စစ်ကောင်စီစစ်ကြောင်းနဲ့ ပခုက္ကူမြို့နယ်ထဲက စစ်ကောင်စီ စစ်ကြောင်းဟာ ဖေဖော်ဝါရီ ၁၆ ရက်က ပခုက္ကူမြို့နယ်ထဲမှာ ပူးပေါင်းသွားပြီး ပခုက္ကူမြို့နယ် ဥယျာဉ်စုကျေးရွာမှာ စခန်းချ တပ်စွဲထားတယ်လို့ သိရပါတယ်။

စစ်ကြောင်းထိုးခဲ့တဲ့ လေးရက်တာကာလအတွင်း ဒေသခံပြည်သူ ၂၀,၀၀၀ ဝန်းကျင် နေအိမ်စွန့်ခွာပြီး ထွက်ပြေးနေရတာကြောင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်းတွေ စီစဉ်ပေးထားပေမဲ့ စစ်ဘေးရှောင်တွေ များလွန်းတာကြောင့် လက်ရှိ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့လည်း ဆိပ်ဖြူ မြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP က ထုတ်ပြန်ထားပါတယ်။

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာပဲ ဖေဖော်ဝါရီ ၁၄ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က အရာရှိတဦး အပါအဝင် အများအပြား သေဆုံးဒဏ်ရာရရှိကာ PDF ဒုတပ်စိတ်မှူးတယောက် ကျဆုံးခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ်-၁၁ တပ်ရင်း ပြည်သူ့စွမ်းအားတပ်ပေါင်းစု PPC က ဖေဖော်ဝါရီ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

ဆိပ်ဖြူမြို့နယ်၊ ကဇွန်းမနယ်မြေအတွင်းက ပုသိမ်-မုံရွာ ကားလမ်းနားက ကျေးရွာတရွာကို စစ်ကြောင်းထိုးပြီး ပြန်လာတဲ့ အင်အား ၄၀ ကျော်လောက်ပါတဲ့ စစ်ကောင်စီကားတစီးကို ဖေဖော်ဝါရီ ၁၄ ရက် မွန်းလွဲ ၂ နာရီလောက်မှာ မိုင်းပွိုင့် ၃ ပွိုင့်၊ မိုင်း ၉ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ PPC ပြန်ကြားရေးတာဝန်ခံ ဘုန်းလူက ဒီဗွီဘီကို ပြောပါတယ်။

“ကားလုံးလုံးရပ်သွားတဲ့အချိန်မှာ ကျနော်တို့ဘက်က အပေါ်ကနေ ဝိုင်းပစ်ပြီး ၅ မိနစ်လောက်ကြာတော့ ရပ်ထားတဲ့ နောက်ထပ်ကားတစီးက ကားနဲ့မလာဘဲ ခြေလျင် အင်အား ၄၀ လောက် ဝင်လာပြီး ကင်းပုန်းဝပ်ကာ ပြန်လည်ပစ်ခတ်တာကြောင့် ၁ နာရီလောက် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့တယ်။ အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၂ ပွင့်အဆင့်ရှိတဲ့ ဗိုလ် ၁ ယောက်၊အရာခံဗိုလ် ၁ ယောက်၊ တပ်ကြပ် ၂ ယောက်၊ ဒုတပ်ကြပ် ၂ ယောက် အပါအဝင် ၂၀ ကျော်လောက်သေဆုံးပြီး ၂၈ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ အတွင်းသတင်းပေးတွေဆီကနေ သိရတယ်။”

အဲဒီ ဒဏ်ရာရရှိသွားတဲ့အထဲက စစ်ကောင်စီရဲ့ ၂ ပွင့်ဗိုလ်တယောက်ကတော့ ဒဏ်ရာပြင်းထန်တဲ့အတွက် မကွေးစစ်ဆေးရုံကို ပို့ဆောင်ကုသနေရပြီး အသက်န္တရာယ် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

“တကယ်လို့သာ စစ်ကူတွေထပ်မရောက်လာရင် လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းနိုင်မှာ ဖြစ်ပေမဲ့ စစ်ကူတွေရောက်လာလို့ မသိမ်းနိုင်ခဲ့ဘူး။ ကျနော်တို့ဘက်က ရဲဘော်တွေ ပြန်ဆုတ်တဲ့အချိန်မှာ ကာပစ် ပစ်ပေးတဲ့ ဒုတပ်စိတ်မှူး ရဲဘော်အောင်ဇေ ကျဆုံးခဲ့ပြီး ရဲဘော်တယောက်ကတော့ လက်ဖျံမှာ အနည်းငယ် ဒဏ်ရာရရှိခဲ့တယ်။”

စစ်ကောင်စီစစ်ကြောင်းဟာ အဲဒီရွာဘက်မှာပဲ ရှိနေသေးပြီး နယ်မြေရှင်းတဲ့အချိန်ကစလို့ အခုအချိန်ထိ စစ်ကူအနေနဲ့ လာရောက်ပူးပေါင်းပေးနေတဲ့ ပွင့်ဖြူ ပ.က.ဖ ကို ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013