DVB Logo
Home
မြန်မာသတင်း
ဒေါက်တာ စင်သီယာမောင် ထိုင်းနိုင်ငံသားခံယူရန် လျှောက်ထား
DVB
·
February 17, 2023
ဒေါက်တာ စင်သီယာမောင် ထိုင်းနိုင်ငံသားခံယူရန် လျှောက်ထား
Donate to DVB

မြန်မာနိုင်ငံသားဒုက္ခသည်နဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ၊ တိုင်းရင်းသားပြည်သူတွေကို အခမဲ့ ဆေးဝါးကုသပေးနေတဲ့ မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာစင်သီယာမောင်ဟာ ထိုင်းနိုင်ငံသားခံယူနိုင်ဖို့ လျှောက်ထားလိုက်ပြီလို့ ဘန်ကောက်ပို့စ်သတင်းမှာ ရေးသားဖော်ပြပါတယ်။

ဒေါက်တာစင်သီယာမောင်နဲ့ တောင်တန်းဒေသနှင့် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (HADF) က ဝန်ထမ်းတွေဟာ ပြစ်မှုကင်းရှင်းကြောင်းလက်မှတ် တောင်းခံပြီး ထိုင်းနိုင်ငံသားဖြစ်ခွင့် လျှောက်လွှာတင်ဖို့အတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်မှာ တာ့ခ်ခရိုင်ထဲက မဲဆောက်ခရိုင်ရုံးကို သွားရောက်ခဲ့ကြတယ်လို့ Transborder News သတင်းက ဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ အလုပ်တွေကို မြန်မာဒုက္ခသည်အဖြစ် နှစ်ပေါင်း ၃၀ ကျော် လုပ်ကိုင်လာခဲ့ပြီး တကယ်လို့သာ ထိုင်းနိုင်ငံသားမှတ်ပုံတင်ကတ် ကိုင်ဆောင်ထားမယ်ဆိုရင် နိုင်ငံတကာနဲ့ ထိုင်းအေဂျင်စီတွေဆီက အကူအညီတွေ ပိုမိုရရှိလာနိုင်တယ်လို့ ဒေါက်တာစင်သီယာမောင်က သတင်းထောက်တွေကို ပြောပါတယ်။

သူ့ရဲ့ ခုလို ထိုင်းနိုင်ငံသား လျှောက်ထားချက်မှာ မြန်မာနိုင်ငံကို ပြန်လာဖို့ အစီအစဉ် ရှိ၊ မရှိ မေးမြန်းရာမှာတာ့ နိုင်ငံသားဖြစ်ခွင့်ကြောင့် ဘယ်နိုင်ငံသားဖြစ်ပါစေ၊ မခွဲခြားဘဲ နယ်စပ် နှစ်ဖက်စလုံးက ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆက်လက် ဆောင်ရွက်ပေးသွားမယ်လို့လည်း ပြောပါတယ်။

တချိန်တည်းမှာပဲ HADF တည်ထောင်သူ တိန်းကျိုင်ဒီထဲန်းက ဒေါက်တာစင်သီယာမောင်ရဲ့ လျှောက်ထားချက်ကို ထောက်ခံတဲ့အနေနဲ့ ထိုင်းပြည်ထဲရေးဝန်ကြီးဆီ စာတစောင် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။

မယ်တော်ဆေးခန်းရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကိုတော့ လွန်ခဲ့တဲ့ ၁၉၈၉ ခုနှစ်ကတည်းက စတင်ခဲ့ပြီး ရန်ပုံငွေ ဘတ် ၄၈ သန်းလောက်နဲ့ ၁ နှစ်ကို ပျမ်းမျှလူနာ ၃၀,၀၀၀ လောက်ကို ကုသပေးနေတာဖြစ်ကာ ၃၄ နှစ်တာ ကာလအတွင်း ဆေးခန်းကနေ လူနာ ၁ သန်းကျော်ကို ဘတ်ငွေ ၁ ဒသမ ၈ ဘီလီယံကျော် အသုံးပြုပြီးတော့ အစိုးရဆီက ပြည်သူ့ရန်ပုံငွေမပါဘဲ ကုသပေးနိုင်ခဲ့တာပါ။

ဒေါက်တာ စင်သီယာမောင်ဟာ သူ့ရဲ့ ဆေးဝါးကုသမှု လုပ်ငန်းတာဝန်တွေအပြင် ဒုက္ခသည် ကလေးသူငယ်တွေ ပညာသင်ကြားနိုင်ရေးအတွက် သင်ရိုးတစိတ်တပိုင်းအဖြစ် ကရင်၊ မြန်မာ၊ ထိုင်းနဲ့ အင်္ဂလိပ်ဘာသာတွေ အသုံးပြုသင်ကြားတဲ့ CDC ကျောင်းကိုလည်း တည်ထောင်ခဲ့တယ်လို့ မစ္စ တိန်းကျိုင်ဒီထဲန်းက ရေးသားတဲ့စာထဲမှာ ဖော်ပြခဲ့ပါတယ်။ အဆိုပါကျောင်းမှာတော့ သူငယ်တန်းကနေ အထက်တန်းအဆင့်အထိ ကျောင်းသားဦးရေ ၁,၀၀၀ လောက် ပညာသင်ကြားနေကြတာ ဖြစ်ပါတယ်။

အုန်းဖန်ဆေးရုံမှ ဒါရိုက်တာ ဒေါက်တာ ဝေါ်လဝစ် တန့်တီဝပ်ထနဆပ်ကလည်း မယ်တော်ဆေးခန်းမရှိဘဲ ထိုင်း-မြန်မာနယ်စပ်တလျှောက်က အစိုးရဆေးရုံတွေအနေနဲ့ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေ၊ အထောက်အထားမဲ့ လူနာတွေအားလုံးကို ကိုင်တွယ်ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဒေါက်တာစင်သီယာမောင်ဟာ တောင်ကိုရီးယားနိုင်ငံက ပေးအပ်ချီးမြှင့်တဲ့ ၂၀၂၂ ဂွမ်ဂျူး လူ့အခွင့်အရေးဆုကို ရရှိခဲ့တဲ့အပြင် အာရှရဲ့ နိုဘယ်ဆုလို့ တင်စားခံရတဲ့ ရေမွန် မက်ဆေးဆေးဆု အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာက ပေးအပ်တဲ့ဆုတွေ အများအပြားလည်း ရရှိထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013