DVB Logo
Home
မြန်မာသတင်း
“အိမ်နီးချင်းနိုင်ငံတွေနဲ့ မိတ်ဖက်နိုင်ငံတွေအဖြစ် အသွင်ပြောင်းတည်ဆောက်ရေးကို လက်တွေ့ကျကျ လုပ်ရပါလိမ့်မယ်” NUG ယာယီသမ္မတ ဒူဝါလရှီးလ
DVB
·
February 14, 2023
“အိမ်နီးချင်းနိုင်ငံတွေနဲ့ မိတ်ဖက်နိုင်ငံတွေအဖြစ် အသွင်ပြောင်းတည်ဆောက်ရေးကို လက်တွေ့ကျကျ လုပ်ရပါလိမ့်မယ်” NUG ယာယီသမ္မတ ဒူဝါလရှီးလ
Donate to DVB

မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စတွေဟာ ပထဝီနိုင်ငံရေးကိစ္စနဲ့လည်း တိုက်ရိုက် သက်ဆိုင်နေတာကြောင့် အိမ်နီးချင်းနိုင်ငံတွေထဲမှာ နွေဦးတော်လှန်ရေးအပေါ်  မတူတဲ့ သဘောထား ထင်မြင်ချက်တွေ ရှိတာကို နားလည်ပြီး လက်တွေ့ကျတဲ့ သံခင်းတမန်ခင်း မူဝါဒတွေနဲ့ ရှေ့ဆက်ဖို့လိုတယ်လို့ ယူဆကြောင်းနဲ့ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ မိတ်ဖက်နိုင်ငံတွေအဖြစ် အသွင်ပြောင်းတည်ဆောက်ရေးကို လက်တွေ့ကျကျ လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက် ဒီကနေ့ ပြုလုပ်တဲ့ NUG အစိုးရ ၆ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ခုလိုပြောလိုက်တာဖြစ်ပြီးတော့ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလက  ‘‘ပြီးခဲ့တဲ့ ရက်ပိုင်းက ပင်လုံစာချုပ်ချုပ်ဆိုခြင်း  (၇၄) နှစ်မြောက်နေ့ အခမ်းအနားကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့လို့ ကျနော့်အနေနဲ့ ဝမ်းသာ ပီတိဖြစ်ကြောင်း ပဏာမ ပြောချင်ပါတယ်။ ဒါ့အပြင် တိုင်းရင်းသား မဟာမိတ်တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးမှ သဝဏ်လွှာတွေကို လက်ခံရရှိလို့လည်း အားရကျေနပ်မိကြောင်း ပြောချင်ပါတယ်။ ပြည်ထောင်စုရေး/ဖက်ဒရယ်ရေးအတွက် မဟာမိတ်အစုအဖွဲ့ အသီးသီး၊ တိုင်းရင်းသားခေါင်းဆောင် အများအပြားက သဘောထားဆန္ဒ မျှဝေချက်တွေကို အသိအမှတ်ပြု လေးစားကြောင်း ထပ်မံပြောကြားချင်ပါတယ်။ ဒီနေရာမှာ ကျနော့်အနေနဲ့ ထူးထူးခြားခြား တွေ့မြင်ခဲ့ရတာကတော့၊ ယခု လက်ရှိအချိန်မှာ ဖက်ဒရယ်ရေးအတွက် အားလုံးသော အင်အားစုတွေဟာ စိတ်ဆန္ဒဇော ထက်သန်ပြင်းပြမှု ရှိတယ်ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ ဒါဟာ လက်ရှိ နွေဦးတော်လှန်ရေးရဲ့ နိုင်ငံရေး ဘုံသဘောတူညီချက်/နိုင်ငံရေးဘုံရည်မှန်းချက်မှာ အားလုံး စုစည်းလာကြတယ်ဆိုတာကို အထင်အရှားပြနေတာ ဖြစ်ပါတယ်။ ကျနော်တို့ဟာ နွေဦးတော်လှန်ရေး အဆုံးသတ် အောင်ပွဲကို ဆင်နွှဲနိုင်ဖို့အတွက် ပြည်တွင်းမှာလည်း မဟာမိတ် ညီညွတ်ရေးအင်အားကို တည်ဆောက်ထားနိုင်ရမယ်။ ဒါ့အပြင် အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း မဟာမိတ်ဆက်ဆံရေး ဖြစ်ထွန်းအောင် ကြိုးစားရမယ်လို့ ယူဆပါတယ်။” လို့ ပြောပါတယ်။

ဒါ့အပြင် မြန်မာနဲ့ ဘေးချင်းကပ်လျက် နိုင်ငံတွေကို ကြည့်ရင် မတူတဲ့ နိုင်ငံရေးစနစ်တွေကို ကျင့်သုံးတာတွေ့ရတဲ့အပြင် မတူညီတဲ့ လူ့အဖွဲ့အစည်းနောက်ခံတွေ ရှိနေပြီးတော့ ဒါတွေကို နားလည်ပြီး လက်တွေ့ နိုင်ငံရေးမှာ အလုပ်ဖြစ်အောင် လုပ်ဆောင်ရေးကို တိုက်တွန်းလိုကြောင်းလည်း ယာယီသမ္မတက ပြောပါတယ်။

“နောက်ထပ် ပြောချင်တဲ့ကိစ္စ တစ်ခုကတော့ ချင်းပြည်နယ် ထန်တလန်မြို့မှာ ထင်ထင်ရှားရှား အောင်ပွဲခံနိုင်တဲ့ ခုခံတော်လှန်တိုက်ပွဲအကြောင်းပဲ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသနဲ့ ဆက်စပ်ပြီးတော့ ချင်းပြည်နယ်ရဲ့ ခုခံတော်လှန်စစ်ကလည်း မြေပြင် စိုးမိုးမှုကို ခြေကုပ်ယူနိုင်စွမ်း မြင့်မားတာကို တွေ့ရပါတယ်။ ချင်းပြည်နယ်မှာ လူထုအားကိုးအားထားရတဲ့ ချင်းအမျိုးသားတပ်ဦးနဲ့ ချင်းပြည်နယ်တွင်းက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ စွမ်းဆောင်မှုတွေကို လေးစားဦးညွှတ်လျက်ရှိကြောင်း သတင်းစကားပါးလိုပါတယ်။”

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကတော့ “တကယ်ဆိုရင် ဒီအချိန်ကာလဟာ သမိုင်းတလျှောက် အကြမ်းဖက်စစ်ကောင်စီရဲ့ အင်အားအနည်းဆုံးနဲ့ ချည့်နဲ့ပြိုလဲကျဖို့ အကောင်းဆုံး အချိန်ဖြစ်နေပြီဆိုတာ အားလုံးသဘောပေါက်နေကြပြီး ဖြစ်မှာပါ။ ဒီလိုအချိန်မှာ ကျနော်တို့ အချင်းချင်းကြားမှာ ယခုထက်ပိုပြီး ခိုင်မာတဲ့ မဟာမိတ်ဆက်ဆံရေးနဲ့ သဘောတူညီချက်တွေ ရှိနေဖို့ လိုအပ်မှာ အမှန်ပဲ ဖြစ်ပါတယ် ကျနော် တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း ကြိုတင်ပြင်ဆင်ရမယ့် အခန်းကဏ္ဍတွေအတွက် ပြင်ဆင်ဖို့နဲ့ အားစိုက်ကြရမယ့်အခန်းကဏ္ဍများကို အပြည့်အဝ အားစိုက်ကြဖို့ လိုအပ်မှာ ဖြစ်ပါမယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရား အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၂ နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံအနှံ့အပြား ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013