DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် ပြည်ပမှလာရောက် ရင်းနှီးမြှုပ်နှံသည့် စီးပွားရေးလုပ်ငန်းများ အခက်ကြုံနေ
DVB
·
February 14, 2023
မြန်မာနိုင်ငံတွင် ပြည်ပမှလာရောက် ရင်းနှီးမြှုပ်နှံသည့် စီးပွားရေးလုပ်ငန်းများ အခက်ကြုံနေ
Donate to DVB

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ လုပ်သာကိုင်သာရှိတဲ့ စီးပွားရေး ဝန်းကျင်ကောင်း ပျက်စီးသွားတဲ့အတွက် ပြည်ပကနေ လာရောက် ရင်းနှီးမြှုပ်နှံတဲ့  စီးပွားရေးလုပ်ငန်းတွေ အခက်ကြုံနေရတဲ့အကြောင်း  လုပ်ငန်းရှင်တွေက ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေး မတည်ငြိမ်မှုနဲ့အတူ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို စံတန်ဖိုးထားကြတဲ့ အနောက်နိုင်ငံကြီးတွေကလည်း အာဏာသိမ်းစစ်ကောင်စီကို ပစ်မှတ်ထား အရေးယူဆောင်ရွက်မှုတွေ ရှိလာတဲ့အပြင် နိုင်ငံဖွံ့ဖြိုးရေးအတွက် ပေးနေတဲ့ အထောက်အပံ့ အကူအညီတွေကိုပါ ရုပ်သိမ်းလိုက်ပါတယ်။

ဒါ့အပြင် တဖက်မှာလည်း အာဏာသိမ်းစစ်ကောင်စီဟာ ပြည်တွင်းမှာ လုပ်သာကိုင်သာရှိတဲ့ စီးပွားရေးဝန်းကျင်ကောင်းကို ဖန်တီးပေးနိုင်ခြင်း မရှိတဲ့အတွက် ပြည်တွင်းမှာ လာရောက်လုပ်ကိုင်နေကြတဲ့ ပြည်ပအခြေစိုက် စီးပွားရေးလုပ်ငန်းတွေဟာ တဖြည်းဖြည်းနဲ့ အခက်ကြုံလာရပါတယ်။

ဒါကြောင့်ပဲ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံအခြေစိုက် ဥရောပကုန်သည်များအသင်းမှ အမှုဆောင်အရာရှိချုပ် ဦးဆောင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ လက်ရှိကြုံတွေ့နေရတဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်တွေ၊ စီးပွားရေးနဲ့ ပတ်သက်ပြီး မူဝါဒရေးရာ မတည်ငြိမ်မှုတွေ နဲ့ လျှပ်စစ်မီး အလုံအလောက်မရတဲ့ ပြဿနာတွေကို ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) တာဝန်ရှိတဲ့သူတွေနဲ့ တွေ့ဆုံပြီး ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။

ဒါပေမဲ့ အခုလို အခက်အခဲတွေနဲ့ ကြုံတွေ့နေရတဲ့ အခြေအနေဟာ မြန်မာနိုင်ငံအခြေစိုက် ဥရောပကုန်သည်များအသင်း တခုတည်း မဟုတ်ဘဲ ပြည်ပအခြေစိုက် စီးပွားရေးလုပ်ငန်းတွေ အားလုံး အခက်ကြုံနေရတာပါလို့ စီးပွားရေးလုပ်ငန်းရှင်တွေက ဆိုပါတယ်။

နိုင်ငံခြားကုမ္ပဏီနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တဦးက “အခက်ကြုံနေတာက မြန်မာပြည်အခြေစိုက် ဥရောပကုန်သည်များအသင်း တခုတည်းတင် မဟုတ်ပါဘူး။ ဒီမှာရောက်နေတဲ့ ဂျပန်လုပ်ငန်းရှင်တွေလည်း အကုန် ဒုက္ခရောက်နေကြတာပါ။ ဘာလို့လဲဆိုတော့ သီလဝါ အထူးစီးပွားရေးဇုန်မှာဆိုရင်လည်း ဂျပန်လုပ်ငန်းရှင်က ရာဂဏန်းနီးပါး ရင်းနှီးမြှုပ်နှံထားတာလေ။ ဒါပေမဲ့ အဲဒီ ဂျပန်ကုမ္ပဏီတွေကို တကယ်တမ်းက နောက်ကွယ်ကနေ ပံ့ပိုးပေးနေတာက ဂျပန်အစိုးရနဲ့ ဂျိုက်ကာတို့က အဓိက ပံ့ပိုးပေးနေတာပါ။ ဆိုတော့ ပြောရရင် သူ့နိုင်ငံရဲ့ ပေါ်လစီကို အလေးထားရတယ်။ အဲ့တော့ ဒီကုမ္ပဏီတွေကို ဂျပန်အစိုးရနဲ့ ဂျပန်အဖွဲ့အစည်းတွေက မပံ့ပိုးပေးတော့ဘူး။ ဒီကနေထွက်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် ဒီကုမ္ပဏီတွေ ဒီမှာဆက်လုပ်ဖို့ မဖြစ်နိုင်တော့ဘူးလေ။ အဲ့လိုပဲ ဥရောပကုန်သည်များအသင်းကလည်း သူတို့နိုင်ငံက အစိုးရရဲ့ အာဘော်ကို ကြည့်ရတာပေါ့။ နောက်တချက်က မြန်မာပြည်အခြေအနေက ဘယ်သူမှ လုပ်လို့ရတဲ့ အနေအထားမှာ မရှိဘူးလေ။ အဓိကကြုံနေရတာက ငွေရေးကြေးရေးနဲ့ လျှပ်စစ်မီး ပြဿနာပေါ့နော်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အာဏာသိမ်းလိုက်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးကြောင့် မြန်မာနိုင်ငံအပေါ် ပေးနေတဲ့ အကူအညီတွေ လျော့နည်းသွားတဲ့အတွက် တိုင်းပြည်က များစွာနစ်နာခဲ့ရတယ်လို့ သုတေသီတဦးကလည်း အခုလို သုံးသပ်ပြောပါတယ်။

“အနောက်နိုင်ငံတွေက INGO အနေနဲ့ မြန်မာပြည်လို ဖွံ့ဖြိုးဆဲနိုင်ငံကို နည်းပညာအကူအညီ ဘဏ္ဍာရေးအကူအညီတွေ ပေးနေတာရှိတယ်။ ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် သူတို့က စစ်တပ်ကို မကြိုက်တဲ့အတွက် သူတို့ရဲ့ အကူအညီတွေကို ရုပ်သွားကြတယ်။ အဲ့တော့ ကျနော်တို့သိရသလောက်ဆိုရင် ပုဂ္ဂလိကကဏ္ဍတော်တော်များများက အကူအညီ မဲ့သွားကြတာ ရှိတယ်။ နည်းပညာဆိုင်ရာ အကူအညီနဲ့ ငွေကြေးပိုင်းဆိုင်ရာ အကူအညီတွေ မဲ့သွားကြတယ်။ အဲဒီအဖွဲ့အစည်းတွေ ထွက်သွားတဲ့အတွက် တော်တော်နစ်နာရတယ်။ ကျန်းမာရေးကဏ္ဍမှာ ဆိုရင်လည်း ဒီအတိုင်းပဲ။ အရင်တုန်းကဆိုရင် TB နဲ့ AIDS အတွက် ဆေးဝါးဆိုင်ရာ ပံ့ပိုးကူညီပေးနေတာတွေ ရှိတယ်လေ။ အခုဆိုရင် အဲဒီအဖွဲ့တွေ ထွက်သွားကြလို့ TB ရောဂါရှင်တွေ AIDS ဝေဒနာရှင်တွေအတွက် ဆေးဝါးမပြည့်စုံတဲ့ အခက်အခဲတွေ တွေ့နေရတယ်နော်။ ဒါတွေက နစကနဲ့ ဘာမှမဆိုင်ဘူး ဆိုပေမဲ့ တော်တော်နစ်နာရတယ်။”

ကမ္ဘာ့ဘဏ်က ၂၀၂၃ ခုနှစ် ဇန်နဝါရီလက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာ ဖော်ပြချက်အရ မြန်မာနိုင်ငံမှာ စီးပွားရေးမရေရာမှုတွေ၊ ပဋိပက္ခတွေနဲ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေတာကြောင့် ကာလတိုအနေနဲ့ စီးပွားရေး ပြန်လည်သက်ဝင်လာဖို့က နှေးကွေးနေဆဲ ရှိနေမယ့်အပြင် ၂၀၂၃ ခုနှစ် အလွန်မှာလည်း မသေချာ မရေရာမှု အခြေအနေတွေက မြင့်တက်နေဦးမယ်လို့ ထောက်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013