DVB Logo
Home
မြန်မာသတင်း
ပြည်ပရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁ ဘီလီယံကျော် ဝင်ရောက်၊ စင်ကာပူကအများဆုံးဖြစ်
DVB
·
September 12, 2022
ပြည်ပရင်းနှီးမြှုပ်နှံမှု ဒေါ်လာ  ၁ ဘီလီယံကျော် ဝင်ရောက်၊ စင်ကာပူကအများဆုံးဖြစ်
Donate to DVB

မြန်မာနိုင်ငံမှာ လက်ရှိ ၂၀၂၂−၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်ကနေ သြဂုတ်လကုန်အထိ  ၅ လအတွင်းမှာ ပြည်ပနိုင်ငံတွေရဲ့ရင်းနှီးမြှပ်မှုက တန်ဖိုး အမေရိကန်ဒေါ်လာ  ၁ ဒသမ ၂၃၀ ဘီလီယံရှိကြောင်း စစ်ကောင်စီ လက်အောက်ခံ ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားတဲ့ စာရင်းအရ သိရပါတယ်။

အခုဘဏ္ဍာနှစ်အတွင်းမှာ  စင်ကာပူနိုင်ငံရဲ့၀င်ရောက်ရင်းနှီးမြှပ်နှံမှုက ဒေါ်လာ ၁ ဘီလီယံကျော်နဲ့ အများဆုံးဖြစ်ပြီးတော့၊ ဟောင်ကောင် ရင်းနှီးမြှပ်နှံမှုက ဒုတိယ၊ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှပ်နှံမှုက တတိယ နေရာမှာရှိပါတယ်။ ဂျပန်၊ ထိုင်း၊ ကိုရီးယား၊ တရုတ်(တိုင်ပေ)နဲ့ အိန္ဒိယနိုင်ငံတို့ကလည်း ပမာဏအနည်းငယ် ဝင်ရောက် ရင်းနှီးမြှပ်နှံထားကြပါတယ်။

စွမ်းအင်ကဏ္ဍမှာ ဒေါ်လာသန်း ၇၀၀ ကျော် အများဆုံးဝင်ရောက်ထားပြီးတော့၊ ဝန်ဆောင်မှုကဏ္ဍမှာ ဒေါ်လာသန်း ၄၀၀ နီးပါးနဲ့ ဒုတိယအများဆုံးဝင်ရောက်ထားပါတယ်။  တခြားကဏ္ဍတွေဖြစ်တဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍမှာ သန်း ၁၂၀ကျော်၊  အိမ်ခြံမြေ ကဏ္ဍမှာ ၂၉ သန်း၊ လယ်ယာကဏ္ဍမှာ ဒေါ်လာ ၁ သန်းနဲ့ ရေထွက်ပစ္စည်းကဏ္ဍမှာ  ၁ ဒသမ ၅ သန်းကျော် အသီးသီးဝင်ရောက်ခဲ့တယ်လို့ ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်တဲ့ စာရင်းမှာ ဖော်ပြပါတယ်။

အခုဘဏ္ဍာနှစ် နှစ်ဝက်ပြည့်ဖို့ တစ်လအလိုမှာ ၁ ဒသမ ၂၃၀ ဘီလီယံသာ ဝင်ရောက်ခဲ့တာဖြစ်လို့ အဲဒီပမာဏက ဆယ်စုနှစ်တစ်ခုအတွင်း အနိမ့်ဆုံး ဝင်ရောက်မှုလို့ ပြောနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ နှစ်အလိုက်ဝင်ရောက်ခဲ့တဲ့  နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေကို ကြည့်မယ်ဆိုရင် အနိမ့်ဆုံးဝင်ရောက်မှု အနေနဲ့ ၂၀၁၃−၂၀၁၄ ဘဏ္ဍာနှစ်မှာ ၄ဒသမ ၁ ဘီလီယံကျော်၊ ၂၀၁၄−၂၀၁၅ဘဏ္ဍာနှစ်မှာ ဒေါ်လာ ၈ ဘီလီယံကျော် ၊၂၀၁၅−၂၀၁၆ ဘဏ္ဍာနှစ်မှာ ၉ ဒသမ ၄ ဘီလီယံကျော်ထိ စံချိန်တင်အများဆုံးဝင်ရောက်ခဲ့ပါတယ်။

၂၀၁၆−၂၀၁၇ ဘဏ္ဍာနှစ်မှာ ၆ ဒသမ ၆ ဘီလီယံကျော်၊၂၀၁၇−၂၀၁၈ ဘဏ္ဍာနှစ်မှာ ၅ ဒသမ ၇ ဘီလီယံကျော်၊၂၀၁၈−၂၀၁၉ ဘဏ္ဍာနှစ်မှာ ၄ ဒသမ ၁၅၈ ဘီလီယံ အသီးသီး ဝင်ရောက်ခဲ့ပါတယ်။

NLDအစိုးရတာ၀န်ယူထားတဲ့ ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ်မှာ ဝင်ရောက်ခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ပမာဏက ၄ ဒသမ ၈ ဘီလီယံကျော် ရှိခဲ့ပြီး၊ NLD စိုးရလက်ထက်မှာ ၄ လ၊ စစ်ကောင်စီလက်အောက်မှာ ၈ လ ရှိခဲ့တဲ့ ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ်မှာ ၀င်ရောက်ခဲ့တဲ့ ရင်းနှီးမြှပ်နှံမူ ပမာဏက အမေရိကန်ဒေါ်လာ  ၃ ဒသမ ၇၉၁ ဘီလီယံ သာရှိခဲ့ကာ ဆယ်စုနှစ်တစ်ခုအတွင်း အနိမ့်ဆုံး ပမာဏထိ ကျဆင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁−၂၀၂၂ ဘဏ္ဍာနှစ် ၆ လဘတ်ဂျတ်မှာလည်း အမေရိကန်ဒေါ်လာသန်း ၆၀၀ကျော်သာ ဝင်ရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖော်၀ါရီနောက်ပိုင်း ဖြစ်ခဲ့တဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ သိသိသာသာကျဆင်းခဲ့သလို မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှပ်နှံမှုအများဆုံး ထိပ်တန်းနှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ စင်ကာပူတို့ရဲ့ ၀င်ရောက်မှုတွေလည်း သိသိသာသာ ကျဆင်းခဲ့ပါတယ်။

မြန်မာနိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ နိုင်ငံတကာရဲ့စီးပွားရေးပိတ်ဆို့မှုတွေကြောင့် အရင်၀င်ရောက်ထားပြီး ပြည်ပရင်းနှီးမြှပ်နှံမှု လုပ်ငန်းတွေ တစ်ခုပြီးတစ်ခု ပြန်လည်ထွက်ခွာနေလို့ တိုင်းပြည်ဝင်ငွေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ကြီးကြီးမားမား ဆုံးရှုံးနေရပေမဲ့ စစ်ကောင်စီကတော့ ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှပ်နှံသူတွေကို ဖိတ် ခေါ်နေဆဲပါ။

စွမ်းအင်ကဏ္ဍ၊ လျှပ်စစ်ယာဥ်တွေ ထုတ်လုပ်တဲ့ကဏ္ဍနဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ ဓာတ်မြေသြဇာ ထုတ်လုပ်တဲ့ကဏ္ဍ၊ ဘိလပ်မြေနဲ့ သံမဏိ ထုတ်လုပ်တဲ့လုပ်ငန်းကဏ္ဍတွေ၊ ဆေး၀ါးနဲ့ ကျန်းမာရေးဆိုင်ရာ ပစ္စည်းထုတ်လုပ်တဲ့လုပ်ငန်းကဏ္ဍ တန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းတွေနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းကဏ္ဍ စတဲ့ကဏ္ဍတွေကို ရင်းနှီးမြှုပ်နှံမှုတွေ  ဦးစားပေးဖိတ်ခေါ်ထားပါတယ်။

မြန်မာပြည်မှာ လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေတွေက နိုင်ငံရေးပြဿနာနဲ့ စီးပွားရေးပြဿနာကို တပြိုင်တည်း ရင်ဆိုင်နေရတာဖြစ်လို့ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ မလွယ်ကူနိုင်ဘူးလို့  စီးပွားရေး လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။ 

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်တဲ့ ပမာဏ သိသိသာသာ ကျဆင်းသွားတဲ့အပြင် ပြည်တွင်းမှာ ရှိပြီးသား ရင်းနှီးမြှုပ်နှံမှုတွေ ပြန်ထွက်ကြတာလည်းရှိပါတယ်။

မကြာသေးခင်ကလည်း အော်ရီဒူးဟာ မြန်မာနိုင်ငံက ဆက်သွယ်ရေးလုပ်ငန်းကို ရောင်းချပြီး မြန်မာနိုင်ငံထဲက ထွက်သွားခဲ့ပါတယ်။

တဖက်မှာလည်း ကျပ်ငွေတန်ဖိုး ထိုးကျတာ၊ စက်သုံးဆီဈေးနှုန်းကြီးမြင့်တာ၊ လျှပ်စစ်မရတာ၊ ကုန်ဈေးနှုန်းကြီးမြင့်တာ၊ နယ်မြေလုံခြုံမှုမရှိတာတွေကြောင့် စီးပွားရေး လုပ်ငန်းတွေရဲ့ လည်ပတ်မှုလည်း အကြီးအကျယ် ထိခိုက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013