DVB Logo
Home
မြန်မာသတင်း
ရွှေဘို၊ ခင်ဦး၊ မြိုင်နှင့် ကျောက်တံခါးမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ တိုက်ခိုက်ခံရ
DVB
·
February 13, 2023
ရွှေဘို၊ ခင်ဦး၊ မြိုင်နှင့် ကျောက်တံခါးမြို့နယ်တို့တွင်  စစ်ကောင်စီတပ်နှင့် ပျူစောထီးများ တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့လယ်လမ်းဆုံမှာ စစ်ဆေးရေးလုပ်‌နေတဲ့ စစ်ကောင်စီဂိတ်ကို ဖေဖော်ဝါရီ ၁၂ ရက် မနေ့ညနေ ၃ နာရီက ဒရုန်းအသုံးပြုပြီး ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တွေဆီက သိရပါတယ်။

တိုက်ခိုက်မှုကို Royal Tiger Guerrilla Force ခင်ဦး၊ မြို့နယ်မြေပြင်တပ်ရင်းတချို့နဲ့ Local အဖွဲ့တွေ စုပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

Royal Tiger Guerrilla Force ပြန်ကြားရေးတာဝန်ရှိသူက “မြို့လယ်ကောင် သုံးပွင့်ဆိုင် လမ်းဆုံမှာရှိတဲ့ မင်းသိုက်တိုက်မှာ တပ်စွဲထားတဲ့ စစ်သားတွေကို မိုင်းသွားချခဲ့တာ။ ဒရုန်းနဲ့ မိုင်းတလုံးချ တိုက်ခိုက်ခဲ့တယ်။ သူတို ကင်းပုန်းဝပ်တဲ့နေရာ တည့်တည့်ကျတယ်။ စစ်သားနှစ်ယောက်သေပြီး တယောက်ကတော့ အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေ ပြန်ပြောပြလို့ သိရတယ်” လို့ ပြောပါတယ်။

လတ်တလော ခင်ဦးမြို့နယ်ဟာ ဖေဖော်ဝါရီ ၂ ရက်က စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာထားခံရတဲ့မြို့နယ် ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာလည်း စစ်ကောင်စီတပ်ပိုင် မြဝတီဘဏ်ရှေ့မှာ စောင့်ကြပ်နေတဲ့ စစ်ကောင်စီတပ်သား ၆ ယောက်ကို ဇန်နဝါရီ ၁၁ ရက် ညနေပိုင်းက လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်က တန်ပြန်ပစ်ခတ်ခဲ့ပေမဲ့ ကာကွယ်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးကာ ကျန်တဲ့သူတွေကတော့ ဒဏ်ရာရတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ရွှေဘိုခရိုင်တပ်ရင်း-၂၃ က တပ်ရင်းမှူး ဗိုလ်ရန်ကြီးက “ပြောက်ကျားစစ်ဗျူဟာအရ လစ်တဲ့အချိန် တိုက်ခိုက်သွားမှာပါပဲ။ မြို့ပေါ်ကလူထုတွေလည်း စစ်ကောင်စီနဲ့ စိတ်ရော၊ လူရော ဘာတခုမှ ပူးကပ်မနေဖို့ ပန်ကြားချင်ပါတယ်။ အထူးသဖြင့် ရွေးကောက်ပွဲကိစ္စပေါ့” လို့ ပြောပါတယ်။

မကြာသေးခင်ကလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်ဆောင်ရွက်သူတိုင်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာထားပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာလည်း ဖေဖော်ဝါရီ ၁၂ ရက် မနက်က စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ မိုင်းခွဲတိုက်ခိုက်ခံပြီး စစ်ကောင်စီဘက်က ၁ ယောက်သေဆုံးကာ ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်ပကဖကနေ သိရပါတယ်။

မြိုင်မြို့ အနောက်ဘက်က ပျူစောထီးခေါင်းဆောင် ထိန်လင်းရဲ့နေအိမ်ကို ၂ ရက်လောက် ကြိုတင်ပြီး မြိုင်ပကဖ တပ်ရင်း-၁ က ဗိုလ်မိုက်ခဲဦးဆောင်ပြီး မိုင်းထောင်ထားခဲ့လို့ ဖေဖော်ဝါရီ ၁၂ ရက် မနက် ၃ နာရီကျော်လောက်မှာ ပေါက်ကွဲခဲ့တယ်လို့ မြိုင်ပကဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီမိုင်းပေါက်ကွဲပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ မိုင်းလာရှင်းတဲ့ အချိန်မှာ လက်ကျန်မိုင်း ထပ်မံပေါက်ကွဲခဲ့လို့ စစ်ကောင်စီတပ်သား ၁ ယောက်သေဆုံးပြီး စစ်ကောင်စီတပ်သား ၁ ယောက်နဲ့ ပျူစောထီး ၁ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီသေဆုံးသွာတဲ့ စစ်ကောင်စီတပ်သား အလောင်းနဲ့ ဒဏ်ရာရရှိတဲ့သူတွေကို နာရေးကားနဲ့ လာခေါ်သွားတာ မြင်တွေ့လိုက်ရကြောင်း အတွင်းသတင်းပေးတွေဆီကနေ စုံစမ်းသိရှိရတယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။

မြိုင်မြို့နယ်မှာ ဖေဖော်ဝါရီ ၉ ရက် မွန်းလွဲပိုင်းကလည်း စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ကနေ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်မှာတော့ ကညင်ကျိုးကျေးရွာက ပျူစောထီးခေါင်းဆောင် ကျော်ဦးကို ဖေဖော်ဝါရီ ၁၂ ရက် ညနေ ၅ နာရီလောက်က ကညင်ကျိုးရွာ တာလမ်းမပေါ်မှာ ကျောက်တံခါးမြို့နယ် ပကဖက နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပစ်သတ်ခဲ့တယ်လို့ ပဲခူး PDF တွေက ပြောပါတယ်။

ကျော်ဦးဟာ ပြည်သူ့စစ် အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် ၁/၂၀၂၁ ကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်မှ ၁၂ ရက်နေ့အထိ စစ်ကောင်စီ အမှတ် ၃၀၇ ခြေမြန်တပ်ရင်းမှာ တက်ရောက်ခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။

သူဟာ ကညင်ကျိုးရွာက ပျူစောထီးခေါင်းဆောင်ဖြစ်တဲ့အပြင် စစ်ကောင်စီထံ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှားသွားလာမှုတွေကို သတင်းပေးပို့တာ၊ ကျေးရွာအတွင်း တော်လှန်တဲ့ ပြည်သူတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးဖို့ စေခိုင်းတာ၊ စစ်ကောင်စီက ကျင်းပမယ့် တရားမဝင်ရွေးကောက်ပွဲအတွက် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်သူ ဖြစ်တဲ့အတွက် ကျောက်တံခါးမြို့နယ် ပကဖ တပ်ဖွဲ့ဝင်တွေက နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ပဲခူး PDF တွေက ဆိုပါတယ်။

အဆိုပါစစ်ဆင်ရေးမှာ ပျူစောထီးခေါင်းဆောင် ကျော်ဦး ပစ်ခတ်ခံရတဲ့ နေရာမှာပဲ သေဆုံးသွားတယ်လို့ သိရပြီး မြို့နယ်ပကဖ တပ်ဖွဲ့ဝင်ကတော့ ထိခိုက်ဖမ်းဆီးခံရတာ မရှိခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013