DVB Logo
Home
မြန်မာသတင်း
စမွတ်ပရကန်တွင် မြန်မာအလုပ်သမားပွဲစား ၁ ဦး အသတ်ခံရ
DVB
·
February 13, 2023
စမွတ်ပရကန်တွင် မြန်မာအလုပ်သမားပွဲစား ၁ ဦး အသတ်ခံရ
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း၊ စမွတ်ပရကန်ခရိုင်မှာ  ဖေဖော်ဝါရီ ၁၂ ရက်က  မြန်မာအလုပ်သမားပွဲစား ၁ ဦး အသတ်ခံရတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

မနေ့ မနက် ၉ နာရီကျော်လောက်က စမွတ်ပရကန်မြို့၊ ဘန်ပူရပ်ကွက်၊ ဘန်ပူနခွန်း တိုက်ခန်းအိမ်ရာမှာ လူသေမှုဖြစ်ပွါးကြောင်း သတင်းရတဲ့အတွက် သွားရောက်စစ်ဆေးခဲ့တယ်လို့ ဘန်ပူနယ်မြေရဲစခန်း တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။ 

အခင်းဖြစ်ပွါးတဲ့နေရာဟာ ၅ ထပ်တိုက်ရဲ့ ဒုတိယထပ်တိုက်ခန်း ၁ ခန်းထဲမှာဖြစ်ပြီး ပွင့်နေတဲ့တံခါးထဲ ဝင်သွားရာမှာ အခန်းလယ်မှာ မှောက်လျက်အနေအထားနဲ့ သေဆုံးနေတဲ့ တီရှပ်အင်္ကျီနဲ့ ဘောင်းဘီတိုဝတ်ထားတဲ့ အမျိုးသား ၁ ဦးတွေ့ရကြောင်း၊  လက်ပြန်ကြိုးတုပ်ထားသလို လည်ပင်းကိုလည်း အမျိုးသမီးဝတ် ဘရာဇီယာနဲ့ ပတ်ချည်ထားတယ်လို့ ဆိုပါတယ်။ အခန်းထဲမှာလည်း တစုံတရာ မွှေနှောက်ရှာဖွေထားလို့ ပစ္စည်းတွေ ပြန့်ကျဲနေတယ်လို့ ဆိုပါတယ်။  

ရှေ့ရင်ဘတ်မှာ ချွန်ထက်တဲ့အရာနဲ့ ထိုးသွင်းဒဏ်ရာ ၁ ချက်၊ နောက်ကျောမှာ ၁ ချက်ရှိပြီး သွေးတွေအိုင်ထွက်နေကြောင်း၊ လွန်ခဲ့တဲ့ ၁၀ နာရီလောက်က သေဆုံးခဲ့တယ်လို့ ရဲတွေကယူဆ ပါတယ်။

သေဆုံးသူဟာ အသက် ၃၆ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား ဘိုမိုးဟိန်းဆိုဖြစ်ပြီး သူဟာထိုင်းမှာ အနေ ကြာပြီဖြစ်ကာ မြန်မာနဲ့ ကမ္ဘောဒီးယားအလုပ်သမားတွေအတွက် အလုပ်အကိုင်ရှာဖွေပေးနေတဲ့ ပွဲစား ၁ ဦးဖြစ်ကြောင်း၊ ဝင်ငွေကောင်းပြီး ရွှေဆွဲကြိုး၊ ဟန်းချိန်း၊ လက်စွပ်တွေ ဝတ်ဆင်တတ်သူလို့   အသိဖြစ်သူမြန်မာအလုပ်သမား ဒေးဗစ်က ပြောပါတယ်။

တိုက်ခန်းအိမ်ရာလုံခြုံရေးအစောင့်က အဲဒီနေ့မနက် ၃ နာရီလောက်မှာ အမျိုးသား ၃ ယောက် တိုက်ပေါ်ကဆင်းလာတာတွေ့ကြောင်း၊ လူသေမှုနဲ့ ပတ်သက်ခြင်းရှိမရှိတော့ မသိရကြောင်း ပြောတယ်။

မနက် ၉ နာရီလောက်မှာ သူတို့အခန်းချင်းကပ်လျက် နေထိုင်သူက မနေ့ညက အဲဒီအခန်းထဲမှာ ရုန်းရင်းဆန်ခတ်အသံတွေကြားပြီး ဒီမနက် တံခါးပွင့်နေလို့ အထဲဝင်ကြည့်တာမှာ ဘိုမိုးဟိန်းလဲ ကျနေတာတွေ့တယ်လို့ လာပြောတာကြောင့်  သူလည်းသွားကြည့်ပြီး ရဲကိုအကြောင်းကြားလိုက် တာလို့ ဆိုပါတယ်။

သူ့ဇနီးကတော့ သူဟာ မဟာချိုင်သွားနေတုန်း ခုလိုဖြစ်ရတာဖြစ်ကြောင်းနဲ့ သေဆုံးသူရဲ့ ရွှေဆွဲကြိုးနဲ့ လက်စွပ်လည်းပျောက်ဆုံးသွားတယ်လို့ ပြောပါတယ်။

ရဲတွေက အလုပ်အကိုင်အကျိုးအမြတ်တွေနဲ့လည်း ပတ်သက်နိုင်တယ်လို့ ယူဆပြီး လောလောဆယ် အနီးနားတဝိုက် စီစီကင်မရာတွေ ပြန်စစ်ဆေးနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013