
ပဲခူတိုင်း၊ ပေါင်းတည်မြို့နယ်မှာ သပြေကြီးစုရွာအုပ်ချုပ်ရေးမှူးကို ဖေဖော်ဝါရီ ၁၀ ရက် မနက်ပိုင်းက ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပဲခူး PDF အဖွဲ့က ပြောပါတယ်။
ဇီးကုန်းကလေးရွာမှာနေထိုင်တဲ့ သပြေကြီးစုရွာအုပ်ချုပ်ရေးမှူး မော်ကြီး(ခ)မော်ဝင်းကို သပြေကြီးစုနဲ့ ဇီးကုန်းလေးရွာကြားမှာ သေနတ်နဲ့ ၄ ချက်ပစ်ခတ်ကာ ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသွားသူဟာ အရင်က ပစ်ခတ်ရှင်းလင်းလို့ သေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူး မြဟန်နေရာမှာ အစားထိုးဝင်ရောက်ကာ စစ်ကောင်စီ ဒေါက်တိုင်အဖြစ် လုပ်ဆောင်နေတာကြောင့် အခုလို ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ပဲခူးPDF တာဝန်ရှိသူက ပြောပါတယ်။
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာတော့ ရန်ကုန် - မန္တလေး အမြန်လမ်းဟောင်း ထိန်တပင်နဲ့ ထော်နွတ်ရွာကြားက စစ်ကောင်စီရဲ့ ထောက်ပို့ဆက်သွယ်ရေးအဖြစ် အသုံးပြုနေတဲ့ ပေ ၆၀ ရှည် တံတားကို ဖေဖော်ဝါရီ ၉ ရက် မွန်းလွဲ ၂ နာရီ ၄၇ မိနစ်က ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက မိုင်းခွဲခဲ့တယ်လို့ ပဲခူး PDF တွေက ပြောပါတယ်။
အဆိုပါမိုင်းခွဲတာကြောင့် တံတားတခြမ်း ပျက်စီးသွားခဲ့ပြီး စစ်ကောင်စီတပ်နဲ့ ပဲခူး PDF တွေကြားမှာ စစ်ရေး တင်းမာလာနေသလို ဒေသအတွင်းမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာပါတယ်။