DVB Logo
Home
မြန်မာသတင်း
လောင်းလုံးသပိတ်အဖွဲ့ သေနတ်ပစ်ခြိမ်းခြောက်ခံရ၊ ပုလောမြို့နယ်၌ နေအိမ် ၃၀ ကို စစ်တပ်မီးရှို့
DVB
·
February 10, 2023
လောင်းလုံးသပိတ်အဖွဲ့ သေနတ်ပစ်ခြိမ်းခြောက်ခံရ၊ ပုလောမြို့နယ်၌ နေအိမ် ၃၀ ကို စစ်တပ်မီးရှို့
1 / 4
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ၊ စည်းရုံးလှုံ့ဆော်ရေး ဆပ်ကော်မတီကနေ ဦးဆောင်ပြီး ဖေဖော်ဝါရီ ၁၀ ရက် ဒီနေ့မနက် ၇ နာရီလောက်က တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာစျေးတခုမှာ လူထုစည်းရုံးရေး လုပ်နေစဥ် သေနတ်ပစ်ဖောက် ခြိမ်းခြောက်ခံခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

“ဖက်ဒရယ်စနစ်နဲ့ နိုင်ငံရေးပြဿနာ” ဆောင်းပါး ဖြန့်ဝေတာ၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ စစ်တပ်ထုတ်ကုန် မသုံးစွဲရေး စည်းရုံးဟောပြောတာတွေလုပ်ဖို့ ပြင်ဆင်နေစဥ် ဆိုင်ကယ်တစီးနဲ့ အရပ်ဝတ်အမျိုးသားနှစ်ဦး ရောက်ရှိလာပြီး သေနတ် ၃ ချက် ပစ်ဖောက်သွားတယ်လို့ သိရပါတယ်။

စည်းရုံးရေးလှုပ်ရှားမှုမှာ ပါဝင်သူတဦးကတော့ “ပစ်တာကတော့ အပေါ်ကိုပစ်တာ၊ ကျနော်တို့နဲ့ နီးနီးလေးပဲ၊ ပစ်ပြီးတာနဲ့ သူတို့ ဆိုင်ကယ်မောင်းပြေးသွားတယ်။ ပျူစောထီးတွေပဲ ဖြစ်ဖို့များတယ်။ အတိအကျတော့ အတည်မပြုနိုင်ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

အခုလို သေနတ်ပစ်ဖောက် ခြိမ်းခြောက်ခံခဲ့ရပေမဲ့ စည်းရုံးရေး ဟောပြောတာတွေကိုတော့ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီး ပြည်သူတွေလည်း ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက်ကလည်း လောင်းလုံးမြို့ စာသင်ကျောင်းရှေ့မှာ လူငယ်တချို့က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး စာတန်းချိတ်ဆွဲနေစဥ် သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပြီး အထိအခိုက်တော့ မရှိခဲ့ပါဘူး။

လောင်းလုံးမြို့နယ်အတွင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီကနေ ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှု​၊ လူထုနိုင်ငံရေး အသိပညာပေးလှုပ်ရှားမှု၊ စစ်တပ်ထုတ်ကုန် မသုံးစွဲရေး လှုပ်ရှားမှုတွေကို ဆက်တိုက်ပြုလုပ်နေပါ​တယ်။

တနင်္သာရီတိုင်း မြိတ်ခရိုင်၊ ပုလောမြို့နယ် တိုကျေးရွာနဲ့ မြဒေါင်ရွာတွေမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်သားတွေက အရပ်သားတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး လက်နက်ကြီးတွေ ဆက်လက်ပစ်ခတ်နေတယ် လို့ မြိတ်ခရိုင်တပ်ရင်း ၁ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“စစ်ကောင်စီတပ်တွေက တိုရွာတောင်ထိပ်မှာ တပ်စွဲထားတော့ ဒေသခံတွေရဲ့ နေအိမ် ဘယ်နှစ်လုံးပါသွားလဲဆိုတာ အတိအကျတော့ မသိရသေးပါဘူး။ ခန့်မှန်းခြေ အလုံး ၃၀ လောက်ပါသွားတယ်လို့သိရတယ်။”

တိုရွာနဲ့ မြဒေါင်ရွာတို့မှာ ဖေဖော်ဝါရီ ၈ ရက်က နှစ်ဖက်တိုက်ပွဲဖြစ်ပြီးနောက်  ဖေဖော်ဝါရီ ၉ ရက်မှာ စစ်ကောင်စီတပ်က တိုရွာနဲ့ မြဒေါင်ရွာက နေအိမ်အလုံး ၃၀နီးပါးလောက် မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက  "Martial law  ထုတ်ပြီးကတည်းက သူတို့ဘက်က ပြင်ဆင်မှု တွေ အများကြီး လုပ်ထားတယ်။ စစ်ရေး ပိုပြီးတင်းမာလာတယ်။ ဒါကြောင့် စစ်ရေးသတင်းတွေ နားစွင့်ထားဖို့ လိုပါတယ်"လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၈ ရက်ကလည်း စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်ခဲ့လို့ ပုလောမြို့နယ် မြဒေါင်ရွာက ရွာသား ၂ ဦး ဒဏ်ရာအပြင်းအထန်ရတယ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013