DVB Logo
Home
မြန်မာသတင်း
မင်းတုန်းတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၂ဦးသေဆုံး၊ မြိုင်နှင့်ပခုက္ကူ၌ တိုက်ပွဲ ၄ ကြိမ်ဖြစ်
DVB
·
February 10, 2023
မင်းတုန်းတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၂ဦးသေဆုံး၊ မြိုင်နှင့်ပခုက္ကူ၌ တိုက်ပွဲ ၄ ကြိမ်ဖြစ်
Donate to DVB

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်က သရက်ချောင်းရွာရှိ နယ်မြေရဲစခန်းမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ရဲတွေကို ဒေသခံကာကွယ်ရေးတပ်က ဖေဖော်ဝါရီ ၁၀ ရက်မှာ အနီးကပ် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင်တပ်ရင်း၊ တပ်ရင်း-၄ Eagle Force က ထုတ်ပြန်ပါတယ်။

အဲဒီရဲစခန်းကို ဒေသကာကွယ်ရေးတပ်က ဝင်ရောက်တိုက်ခိုက်ပစ်ခတ်စဥ် အပြန်လှန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စုံစမ်းမှုတွေအရ စစ်ကောင်စီ ပူးပေါင်းတပ်ဘက်က ၂ ယောက် သေဆုံးပြီး အများပြား ထိခိုက်ဒဏ်ရာ ရတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

Eagle Force တပ်ဖွဲ့ တာဝန်ရှိသူတဦးက “အဲဒီစခန်းက အနီးနားရွာက ဒေသခံတွေကို မထင်ရင် မထင်သလို ဖမ်းဆီးတာတွေ၊ စစ်ဆေးတာတွေ ရှိနေတာပါ။ ဒါ့ကြောင့် အနီးကပ် ဦးအောင်တိုက်ခိုက်ခဲ့တာပါ” လို့ ‌ပြောပါတယ်။

သရက်ခရိုင် တပ်ရင်း-၄ Eagle Force ဟာ ဖေဖော်ဝါရီ ၉ ရက်ကလည်း သရက်မြို့ က.ပ.စ ၁၂ ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို ရေမျက်ကျေးရွာ နယ်မြေရဲစခန်းကိုလည်း ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့ပါသေးတယ်။

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာပဲ ဖေဖော်ဝါရီ ၉ ရက် ညနေက ကွမ်းလာဝယ်တဲ့ စစ်ကောင်စီတပ်သား ၂ ယောက် သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ Swallow PDF (မကွေး) ကနေ သိရပါတယ်။

မင်းတုန်းမြို့နယ်၊ ပြောင်းရွာ စစ်ဆေးရေးဂိတ်က စစ်ကောင်စီအရာရှိတယောက်ဟာ ထန်းပင်ကုန်းဘက်မှာ အမြဲသွားအိပ်တယ်လို့ သတင်းရတဲ့အတွက် ရှင်းလင်းဖို့ ဖေဖော်ဝါရီ ၉ ရက် ညနေ ၅ နာရီကျော်လောက်မှာ သွားစောင့်ခဲ့တာလို့ Swallow PDF ခေါင်းဆောင် ဗိုလ်ပျံလွှားက ပြောပါတယ်။

ဒါပေမဲ့ အဲဒီနေ့က အဲဒီအရာရှိ ပါမလာဘဲ ဆိုင်ကယ်နဲ့ ကွမ်းဝယ်ဖို့ထွက်လာတဲ့ စစ်သား ၂ ယောက်ကို ထန်းပင်ကုန်းရွာနားမှာ သေနတ်နဲ့ ၁၀ ချက်လောက် ပစ်ခတ်ခဲ့လို့ ပွဲချင်းပြီး သေဆုံးကာ လက်ကိုင်ဖုန်း ၂ လုံး သိမ်းဆည်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေတော့ မရရှိခဲ့ဘူးလို့ ဆိုပါတယ်။

မင်းတုန်းဒေသခံတယောက်က“အမှန်က ဒီစကစဗိုလ်နဲ့အဖွဲ့က ပြောင်ရွာဂိတ်မှာ တပ်စွဲထားတာ၊ အဲဒီက စစ်ဗိုလ်က ထန်းပင်ကုန်းရွာက အမျိုးသမီးတယောက်နဲ့ ကြိုက်နေတာ။ အဲ့ဒီအတွက် ညတိုင်း လာတတ်တယ်။ အဲ့ဒါကိုသိလို့ သူသွားနေကျအချိန်ကို မင်းတုန်းချောင်းတံတားဖြစ်တဲ့၊ ပြောင်ရယ်၊ ထန်းပင်ကုန်းရယ်၊ သဖန်မြောင်ရယ်ကြား ကနေစောင့်နေတာ။ ဒါပေမဲ့ ဖြစ်ချင်တော့ အဲ့ဒီနေ့က သူမလာဘူး။ သူ့လက်ထောက်  နှစ်ယောက်ကိုပဲ လွှတ်လိုက်တာ၊ သူတို့မှာ သေနတ်တော့ပါမလာကြဘူး။ ဆိုင်ကယ်နဲ့လာတာ။ အဲ့ဒီမှာ ၁၀ ချက်လောက် ဝိုင်းပစ်လိုက်တာ၊ နှစ်ယောက်ထဲမှာတယောက်က တပ်ကြပ်ကြီးထင်တယ်၊ သူကခြေလျှင်တပ်က။ နောက်တယောက်က (ကပစ)က၊ သူတို့တပ်ဖွဲ့က ၁၅ ယောက် လောက်ရှိတယ်”လို့ပြောပါတယ်။

ပစ်ခတ်ခံရပြီးနောက် ညနေ ၆ နာရီ လောက်မှာ စစ်တပ်က  အလောင်းလာကောက်သွားပြီး၊ အဲဒီကားကို မိုင်းဆွဲခဲ့ပေမဲ့ မိုင်းမပေါက်ခဲ့ကြောင်းနဲ့ အလောင်းတွေကို မင်းတုန်းမြို့ကို သယ်သွားပြီးနောက် တမြို့လုံးကို မီးဖြတ်လိုက်သလို လမ်းတလျှောက်မှာ ပိတ်ဆို့စစ်ဆေးခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။

ဗိုလ်ပျံလွှားက “မင်းတုန်းဘက်ကနေ စစ်သား ၆ ယောက်လောက်နဲ့ အလောင်းလာသယ်တဲ့ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပေမဲ့ မကွဲလိုက်ဘူး။ အဲဒီနောက်မှာ မင်းတုန်းတမြို့နယ်လုံးကို လျှပ်စစ်မီးတွေဖြတ်တယ်၊ ရှာဖွေစစ်ဆေးခဲ့တယ်” လို့ ပြောပါတယ်။

မကွေးတိုင်း၊ မြိုင်နဲ့ ပခုက္ကူမြို့နယ်တွေမှာလည်း ဖေဖော်ဝါရီ ၉ ရက်က တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၆ ယောက်ထက်မနည်း အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ မြိုင် ပ.က.ဖ ကနေ သိရပါတယ်။

ပေါက်မြို့နယ်၊ ဖလံကိုင်းဘက်ကနေ ပြန်လာတဲ့ စစ်ကောင်စီယာဉ်တန်းအား လုံခြုံရေးယူဖို့ ကင်းပုန်းလာဝပ်တဲ့ မြိုင်မြို့နယ် တွင်းမရွာက ပျူစောထီးတွေကို တွင်းမ-သရက်ကန် လမ်းပိုင်းမှာ မနေ့မနက် ၇ နာရီလောက်က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ၃ ယောက် အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ မြိုင်ပကဖ တပ်ရင်း-၁၊ တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။

ဒါ့အပြင် ပခုက္ကူမြို့နယ် ကမ္မမြို့ကနေ မြိုင်မြို့နယ် သရက်ကန်ရွာဘက်ကိုသွားတဲ့ စစ်ကောင်စီယာဉ်တန်းကို မနေ့မနက် ၉ နာရီလောက်မှာ တွင်းမ-သရက်ကန် လမ်းပိုင်းမှာပဲ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်သလို ပေါက်မြို့နယ် ဖလံကိုင်းဘက်ကနေ ပြန်လာတဲ့ စစ်ကောင်စီယာဉ်တန်းကိုလည်း မနေ့မနက် ၁၁ နာရီလောက်မှာ တွင်းမ-သရက်ကန်လမ်းပိုင်းမှာပဲ ဒရုန်းအသုံးပြုပြီး ဗုံးသီးတွေဖြုတ်ချ တိုက်ခိုက်ခဲ့လို့ ထိခိုက်သူရှိနိုင်တယ်လို့ ဆိုပါတယ်။

မနေ့က နေ့လယ်ပိုင်းမှာလည်း ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာနားက စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်မှာ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၁ ယောက်နဲ့ ပျူစောထီး ၂ ယောက် ဒဏ်ရာရသွားပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည် ပစ်ခတ်ပေမဲ့ ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဗိုလ်လက်ယာက ဆိုပါတယ်။

အခုတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013