DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းပဲအထွက်နှုန်း လျော့နည်းနိုင်သဖြင့် ပဲဈေး ဆက်ကောင်းနိုင်
DVB
·
February 9, 2023
ပြည်တွင်းပဲအထွက်နှုန်း လျော့နည်းနိုင်သဖြင့် ပဲဈေး ဆက်ကောင်းနိုင်
1 / 2
Donate to DVB

မြန်မာပြည်တွင်း ပဲအထွက်နှုန်းတွေ လျော့ကျနိုင်ခြေကြောင့် ရေရှည်မှာ ပဲဈေးဆက်ကောင်းနိုင်တယ်လို့  ပဲကုန်သည်တချို့က သုံးသပ်ကြပါတယ်။

အခုနှစ်မှာ စစ်ရေးပဋိပက္ခတွေနဲ့ ကျပ်ငွေတန်ဖိုးကျဆင်းပြီး စိုက်ပျိုး ကုန်ကျစရိတ်တွေ မြင့်တက်နေတာကြောင့် စိုက်ပျိုးမှုနည်းလို့ မြန်မာပြည်တွင်း ပဲမျိုးစုံ အထွက်နှုန်း လျော့ကျခဲ့ပါတယ်။

လက်ရှိမှာ မတ်ပဲ ၊ ပဲစင်းငုံ၊ ပဲတီစိမ်း စတဲ့ ပြည်ပအဓိက ပို့ကုန်ပဲတွေရဲ့ စျေးတန်းက ပြီးခဲ့တဲ့နှစ်တွေထက် စံချိန်တင် စျေးနှုန်း မြင့်တက်နေတာပါ။

ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်ရဲ့  ဖေဖော်ဝါရီ ၈ ရက်နေ့ ပေါက်စျေးအရ မတ်ပဲ တစ်တန်ကို ၁၇၈၅၀၀၀ ၊ ပဲစင်းငုံ တစ်တန်ကို  ၁၉၅၀၀၀၀  ပေါက်စျေးရှိပါတယ်။ ပြီးခဲ့တဲ့နှစ်က မတ်ပဲ တစ်တန်ကို ၁၂၃၀၀၀၀  ၊ ပဲစင်းငုံ တစ်တန်ကို   ၁၃၀၀၀၀၀  ဝန်းကျင်မှာပဲ ရှိခဲ့ပါတယ်။

လတ်တလော ဒေသအချို့မှာတော့ မတ်ပဲကို စတင်ရိတ်သိမ်းနေပြီး အထွက်နှုန်းလျော့ကျမှုတွေလည်းရှိနေတယ်လို့  ပြည်မြို့နယ်က ပဲစိုက်တောင်သူတစ်ဦး က ပြောပါတယ်။

“ကျနော်တို့ ဆီမှာ မတ်ပဲတွေ စနုတ်နေပြီ အထွက်နှုန်းတွေ တအားလျော့ပါတယ်” လို့ ပြောပါတယ်။

မတ်ပဲအသစ်တွေ စျေးကွက်ထဲ ဝင်ရောက်လာတော့မှာ ဖြစ်ပေမဲ့  ပြည်တွင်းအထွက်နှုန်းနည်းနိုင်ခြေကြောင့် ရေရှည်မှာ စျေးအေးနိုင်ခြေ မရှိဘူးလို့ ကုန်သည်တွေက သုံးသပ်ထားကြတာပါ။

ပဲကုန်သည်တစ်ဦးက “မတ်ပဲ၊ ပဲစင်းငုံ စျေးတွေ ပြန်တက်ပါတယ်။ စျေးနည်းနည်းအေးပြီး ပြန်တက်လာတယ်။ ရေရှည်မှာတော့ စျေးမကျနိုင်ပါဘူး။ ပဲစင်းငုံလည်း  ပြည်တွင်းမှာ အထွက်နည်းတယ်” လို့  ပြောပါတယ်။

အဓိကဝယ်လက်နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ ဈေးနှုန်းမြင့်တက်နေတာကြောင့် ပြည်တွင်း စျေးနှုန်းတွေလည်း လိုက်တက်လာတာ ဖြစ်တယ်လို့ စျေးကွက် စောင့်ကြည့်သူတွေက ဆိုပါတယ်။

အိန္ဒိယနိုင်ငံရဲ့  ပြည်တွင်းပဲ ဝယ်လိုအားက ရှိနေပေမဲ့ မြန်မာမတ်ပဲကို အကန့်အသတ်နဲ့သာ တင်သွင်းနေတာဖြစ်လို့  အဲဒီနိုင်ငံရဲ့  စျေးကွက်မှာ မတ်ပဲက စျေးမာနေတာ ဖြစ်တယ်လို့ မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဧရာ ကုန်သွယ်မှုဗဟိုဌာနက ဆိုပါတယ်။

လက်ရှိမှာ အိန္ဒိယနိုင်ငံရဲ့ မြန်မာ့ပဲတင်သွင်းမှုက အားနည်းနေပေမဲ့ တချို့ပြည်နယ်တွေမှာ  အခါမဲ့မိုးရွာသွန်းမှုကြောင့် မတ်ပဲ ပျက်စီးမှုတွေရှိခဲ့ပြီး အထွက်နှုန်း လျော့နည်းနိုင်တာကြောင့် ပဲလိုအပ်ချက်က ဆက်ရှိ နေဦးမယ်လို့ အိန္ဒိယ သတင်းတွေမှာ ‌ရေးသားဖော်ပြပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းစိုက်မတ်ပဲတွေဟာ  လာမယ့် အောက်တိုဘာလမှာ ဈေးကွက်ဝင်လာမှာ ဖြစ်ပြီးတော့ လက်ရှိမှာ မြန်မာမတ်ပဲနဲ့  အိန္ဒိယနိုင်ငံတောင်ပိုင်းက  မတ်ပဲတွေကို  အားထားနေရတယ်လို့လည်း ဧရာကုန်သွယ်မှုဗဟိုဌာနက ဆိုပါတယ်။

ပဲတီစိမ်းစျေးနှုန်းကလည်း တရုတ်နယ်စပ်ဂိတ်တွေ ပြန်ဖွင့်လာတာနဲ့အတူ ဝယ်လိုအားများလာပြီး စျေးဆက်တိုက် မြင့်တက်နေပါတယ်။

မန္တလေးကုန်စည်ဒိုင်စျေးနှုန်းအရ  ပဲတီစိမ်း(အညာ) သုံးတင်း တစ်အိတ်ကို ၁၄၅၀၀၀ ကနေ ၁၆၀၀၀၀ အကြား အရောင်းအဝယ် ဖြစ်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့နှစ်ထက် တစ်အိတ်ကို ၃၀၀၀၀ ဝန်းကျင် စျေးမြင့်တက်လာပြီး တခြားပဲမျိုးစုံဈေးနှုန်းတွေလည်း အသီးသီး စျေးမြင့်တက်နေပါတယ်။

ပြည်တွင်းပဲ အထွက်နှုန်း လျော့ကျတာက ပြည်ပကို ပဲမျိုးစုံတင်ပို့နိုင်မှုအပေါ်မှာ သက်ရောက်လာနိုင်ပြီး၊ နိုင်ငံခြား ဝင်ငွေ ရရှိမှုကိုလည်း လျော့နည်းလာစေနိုင်ပါတယ်။

မြန်မာနိုင်ငံကနေ ပြည်ပကို ပဲမျိုးစုံတင်ပို့မှုအနေနဲ့ အခုဘဏ္ဍာနှစ် ဇန်န၀ါရီလ ၂၇ ရက်အထိ ၁၀လ ဝန်းကျင် ကာလအတွင်းမှာ စုစုပေါင်း တန်ချိန် ၁ ဒသမ ၄ သန်းနီးပါး တင်ပို့ထားပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ  ၁ ဘီလီယံ ကျော် ရရှိထားတယ်လို့  စစ်ကောင်စီ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေ အရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်မှာတော့  ပဲမျိုးစုံတန်ချိန်  ၂ သန်းကျော်ထိ တင်ပို့ထားပြီး၊ ပို့ကုန်ဝင်ငွေ   အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၇၀ ဘီလီယံကျော် ရရှိခဲ့တယ်လို့ဆိုပါတယ်။

အဲဒီကိန်းဂဏန်းတွေအရဆိုရင် ဘဏ္ဍာနှစ် ကုန်ဖို့ နှစ်လအလိုမှာ ပြီးခဲ့တဲ့ဘဏ္ဍာနှစ် ရငွေကို မီဖို့ ဒေါ်လာ သန်း ၅၀၀ လောက် လိုနေပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013