DVB Logo
Home
မြန်မာသတင်း
တူရကီနှင့် ဆီးရီးယားတွင် ငလျင်ကြောင့်သေဆုံးသူ ၁၂,၀၀၀ ကျော်ရှိလာ၊ NUG က ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့
DVB
·
February 9, 2023
တူရကီနှင့် ဆီးရီးယားတွင် ငလျင်ကြောင့်သေဆုံးသူ ၁၂,၀၀၀ ကျော်ရှိလာ၊ NUG က ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့
Donate to DVB

တူရကီနဲ့ ဆီးရီးယားနိုင်ငံတွေက ငလျင်ဒဏ်ခံစားနေကြရတဲ့ ပြည်သူတွေဆီ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့လိုက်ပြီး ငလျင်ဒဏ်ကြောင့် သေဆုံးခဲ့ရသူတွေ အားလုံးရဲ့ ကျန်ရစ်သူမိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရတယ်လို့ ဖော်ပြပါတယ်။

NUG အစိုးရအနေနဲ့ ဒဏ်ရာရရှိသူတွေ အမြန်ဆုံးပြန်လည်သက်သာကောင်းမွန်လာစေရေး မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးနဲ့အတူ ဆုတောင်းမေတ္တာပို့သပေးနေပြီး တူရကီနဲ့ ဆီးရီးယား ပြည်သူတွေအားလုံး လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ သဘာဝဘေးအန္တရာယ်ရဲ့ ဖိစီးမှုတွေကို အမြန်ဆုံးအောင်မြင်ကျော်လွှားနိုင်ကြပါစေကြောင်းနဲ့ နောက်နောင်မှာလည်း သဘာဝကြောင့်ဖြစ်တဲ့ ဘေးအန္တရာယ်၊ လူကြောင့်ဖြစ်တဲ့ ဘေးအန္တရာယ်တွေက ကင်းဝေးကြပါစေကြောင်းလည်း ဆုမွန်ကောင်းတောင်းပေးထားခဲ့တာပါ။  

ဖေဖော်ဝါရီ ၆ ရက်မနက်က တူရကီနိုင်ငံ၊ ဂါဇီယံတပ်ပြည်နယ်ထဲက နာဒါဂီအရှေ့ဘက် ၂၃ ကီလိုမီတာအကွာ၊ အနက် ၂၄ ဒသမ ၁ ကီလိုမီတာမှာ ဗဟိုပြုပြီးတော့ လှုပ်ခတ်သွားတဲ့ ပြင်းအား ၇ ဒသမ ၈ အဆင့်ရှိတဲ့ ငလျင်ဟာ တူရကီနဲ့ ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းဒေသတွေဆီ သက်ရောက်မှုရှိခဲ့ပြီး လူပေါင်း သောင်းနဲ့ချီသေဆုံးပြီး  နေအိမ် အဆောက်အအုံ ထောင်ပေါင်းများစွာလည်း ပြိုကျပျက်စီး ထိခိုက်ဆုံးရှုံးမှုကြီးကြီးမားမားရှိခဲ့တာပါ။

နောက်ဆက်တွဲငလျင်တွေ ဖြစ်ပေါ်လာနိုင်ခြေကြောင့် အသက်အန္တရာယ်ရှိနေတဲ့ကြားက အသက်ကို မငဲ့ကွက်ဘဲ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို စွမ်းစွမ်းတမံ ဆောင်ရွက်ပေးနေကြတဲ့ လူမှုအခြေပြုအဖွဲ့အစည်းတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေ၊ အချင်းချင်း အပြန်အလှန် ကူညီဖေးမခြင်းနဲ့ သဘာဝဘေးရန်ကို ညီညွတ်စွာ အန်တုရင်ဆိုင်နေကြတဲ့ ပြည်သူတွေ၊ အခက်အခဲများစွာကြားကပဲ စနစ်ကျတဲ့ ဦး ဆောင်မှုနဲ့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်မှုပေးနေတဲ့ တူရကီနဲ့ ဆီးရီးယားနိုင်ငံ တာဝန်ရှိသူတွေအပါအဝင် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို အချိန်မဆိုင်းဘဲ ပေးပို့ကူညီကြတဲ့ နိုင်ငံ တကာအဖွဲ့အစည်းတွေအားလုံးကို ကျေးဇူးတင်ကြောင်း NUG  သဝဏ်လွှာထဲမှာ ဖော်ပြထားပါတယ်။

အဆိုပါ ငလျင်ဒဏ်ကြောင့် တူရကီတနိုင်ငံတည်းမှာတင်  ပြည်သူ ၉,၀၅၇ ဦး သေဆုံးခဲ့ရတယ်လို့ သမ္မတ အာဒိုဂံကပြောကြားထားပြီး ဆီရီးယားမှာလည်း သေဆုံးသူ ၂,၉၉၂ ဦးရှိသွားပြီလို့ ဆီးရီးယား အစိုးရကပြောထားတဲ့အတွက် နှစ်နိုင်ငံပေါင်း အတည်ပြုနိုင်တဲ့ သေဆုံးသူအရေအတွက်ဟာ ဖေဖော်ဝါရီ ၉ ရက် မနက်အထိ ၁၂,၀၄၉ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013