DVB Logo
Home
Lead Story
ခေတ်ပျက်ဗိုလ် တပ်ပျက်ဗိုလ် (သရော်စာ)
DVB
·
February 8, 2023
ခေတ်ပျက်ဗိုလ် တပ်ပျက်ဗိုလ် (သရော်စာ)
Donate to DVB

(က)

သည်ရွာကလေးက ဆောင်းကတော့ ‘တကယ့်ဆောင်းပါ ခင်ဗျ။ အေးလိုက်တာမှ ‘စိမ့်’နေအောင် အေးတာ။ ရေချိုးချင်ရင် နေ့လယ် တနာရီလောက်ချိုး။ အဲ . . . ‘ညနေ သုံး လေးနာရီလောက်တော့ သွားချိုးဖို့ မကြိုးစားနဲ့။ အခန့်မသင့်ရင် လေတောင်ဖြန်းသွားမယ်ဟ’ တဲ့ အဘ စောမူးသာတို့ အဘလုံးတုံးတို့က အမြဲတမ်း သတိပေးပါတယ်။

သည်မနက်လည်း စိမ့်နေတာပဲ။ ကျောက်စည်ထဲကရေဟာ လုံးဝဥဿုံ ရေခဲရေပါပဲလား။ လက်တွေ မျက်နှာတွေတောင် ထုံတုံတုံကြီးဖြစ်လာတယ်။ ဒါနဲ့ အမြန်ဆုံးသစ်ပြီးတော့ အနွေးထည်ထပ်ဝတ်ကာ အဘ စောမူးသာတို့ အိမ်ဘက်ကို ထွက်လာခဲ့ပါတယ်။

“လာဟေ့ ဖေကြီး . . . မောင်ရင့်ကြည့်ရတာ တုန်တုန် တုန်တုန်နဲ့ ဧကန္တ မီးယပ်ချမ်းများ ထနေသလားပဲ ဟ”

“ဟားဟား ဟားဟား ဟားဟား . . . .”

“‘မီးယပ်ချမ်း’ မဟုတ်လောက်ဘူး၊ PDF တွေကိုကြောက်လို့ မအလတုန်သလို တုန်နေတာဖြစ်ရမယ် မူးသာရဲ့”

“ဝါး ဟားဟား ဟားဟား ဟားဟား . . .”

အဘစောမူးသာတို့ စစ်ပြန်ကြီး အဘလုံးတုံးတို့ စကားတွေကို လေဖြန်းရာကနေ ပြန်ကောင်းကာစ အဘထွန်းခင်ကလည်း အသံသိပ်မဆက်ဘဲ ‘ဟဲ ဟဲ ဟဲ ဟဲ’ နဲ့ ရယ်ပါတယ် ခင်ဗျ။ ပြီးတော့ ရေနွေးပူပူလေး ငှဲ့ပေးလာလို့ မော့ချလိုက်မှ ရင်ထဲနွေးသွားပါတယ်။

“ကဲ ကဲ . . . ငါတို့သွားကြစို့၊ ဟိုအဖွဲ့ ရောက်နေလောက်ပြီဟ”

သည်မနက် တောင်ကျောင်းမှာ ထမနဲထိုးဖို့ရှိလို့ သွားကြဖို့ ချိန်းထားတာမို့ ထွက်ခဲ့ကြပါတယ်။ ရွာလမ်းဟာ နှင်းတောထဲကို တိုးဝင်ပြီး အတော်ကြီးကို ချမ်းစိမ့်နေရှာပုံပါပဲ။

(ခ)

ဓမ္မာရုံဘေးကွက်လပ်မှာ နှစ်ဒယ် ခင်ဗျ။ အဘစောမူးသာရယ်၊ အဘလုံးတုံးရယ်၊ အဘရစ်ချတ်ရယ်၊ အဘထွန်းခင်ရယ်က ဒီဘက်ဒယ်။ ဟိုဘက်ဒယ်မှာ စိမ်းသရဖူစိမ်း အဘစိမ်းမောင်ရယ် သူ့သားအကြီးကောင် လေမောင်ရယ် နောက်ထပ်အဘတယောက်ရယ် ခင်ဗျ။

နောက်မှသိရတာကတော့ အဲသည်အဘဟာလည်း ‘စိမ်းဆိုမှစိမ်း’ ဘာမသိ ညာမသိ ‘ဇွတ်စိမ်းကြီး’ လို့ အဘစောမူးသာတို့က ပြောပြကြပါတယ်။ သူ့နာမည်က ‘ငြိမ်းလွင်’ ဆိုပေမဲ့ ကွယ်ရာမှာတော့ သူ့ကိုလည်း ‘စိမ်းလွင်’ လို့ပဲ ရွာက ခေါ်ကြပါသတဲ့။

တောင်ကျောင်းကိုယ်တော်ကလည်း ဒယ်တွေအနီးမှာ စင်္ကြံလျှောက်ကာ အားပေးကြည့်ရှု လမ်းညွှန်တော်မူနေပါတယ်။ ပြီးတော့ မအလလုပ်ပေးမယ့် ‘ရွေးကောက်ပွဲ’ အကြောင်းကိုလည်း ‘သူစိမ်းချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့’ လုပ်ကာ မြိန်ရေယှက်ရေ လွှတ်နေကြပါတယ်။

ထမနဲဒယ်နှစ်ဒယ် ပျော်ပျော်ပါးပါး ပြိုင်တူထိုးနေရင်းကနေ စကားတွေလည်း ဟိုရောက်သည်ရောက်။ ဒီနှစ် ပဲတွေမကောင်းတဲ့အကြောင်း၊ ဆန်ဈေးတွေ နင်းကန်တက်လာတဲ့အကြောင်း၊ ကောက်ညှင်းဆန်ဈေးလည်း မိုးပေါ်ရောက်နေပြီ ဖြစ်ကြောင်း ညည်းတွားကြတာ ကြားရပါတယ် ခင်ဗျ။

“ခေတ်ပျက်ကြီးပဲကွာ . . . ရာသီကမမှန်၊ သီးနှံကမထွက်၊ တက်တဲ့မင်းက သုံးစားမရ . . . အင်း . . . ဒုက္ခ . . . ဒုက္ခ”

“မှန်လိုက်လေ မူးသာရယ် . . . . .”

အဘစောမူးသာတို့ အဘလုံးတုံးတို့ရဲ့ အပြန်အလှန် စကားသံတွေကိုကြားတော့ အဘစိမ်းမောင်တို့ဘက်က ဆတ်ကနဲ ဖြစ်သွားကြတာ မြင်ရပါတယ်။ ပြီးတော့ ပါးစပ်တပြင်ပြင် လုပ်နေပါသဗျ။ ဆရာတော်လည်း နှုတ်တော်ဆိတ်သွားပါတယ်။

“အေး . . . ဒီမှာ မူးသာ၊ မင်းပြောလိုက်တဲ့ ‘ခေတ်ပျက်ကြီး’ ဆိုတာကတော့ မှန်တယ်၊ ဘာလို့ပျက်တာလဲဆိုတာကိုတော့ တွေးကြရမယ်ကွ”

“ဟေ . . . အေးကွ၊ ဘာဖြစ်လို့ ‘ပျက်’ သွားတာလဲဆိုတာ တွေးကြရမှာပေါ့”

“ဘာဖြစ်လို့ ပျက်ရတာလဲဆိုတော့ PDF တွေကြောင့်ပေါ့ကွ”

“ဟားဟား ဟားဟား ဟားဟား . . . .”

အဘစိမ်းမောင် စကားကို ဒီဘက်ဒယ်က ပြိုင်တူဟားလိုက်ကြတဲ့အခါ အဘစိမ်းမောင်တို့ ကြောင်တောင်တောင်ကို ဖြစ်သွားတာ မြင်ရပါတယ်။ ပြီးတော့ မျက်နှာကြောတွေလည်း ခပ်တင်းတင်းကြီးတွေ ခင်ဗျ။ ပြီးတော့ ‘မြဝတီ’ ကလာတဲ့ သတင်းတွေလိုပဲ PDF တွေ၊ NUG တွေ၊ CRPH တွေကြောင့် ဘာညာသာရကာ ‘မအလမှိုင်း’ အကြီးအကျယ် မိထားသူတွေပီပီ စွတ်ဆက် ‘လွှတ်’ ပါလေတော့၏ ခင်ဗျာ။

‘အခြေအနေ’ သိပ်မကောင်းဘူးလို့ ယူဆပုံရတဲ့ ‘ဦးအစိမ်းတ’ ကိုယ်တော်ဟာလည်း ထမနဲဒယ်တွေနဲ့ ခပ်လှမ်းလှမ်းကို ဒိုးသွားကာ မသိမသာ ‘လှမ်းရှိုး’ နေပါသဗျ။ ထမနဲ အပြိုင်ထိုးရင်း စကားစစ်ထိုးနေကြလို့ အေးနေစိမ့်နေတာတွေတောင်မှ ပျောက်ကုန်ကြတယ်လို့ ထင်ရပါတယ်။

(ဂ)

“မင်းတို့အဘ ကြင်စိုး သာဝ မအလကြီး အာဏာထသိမ်းတုန်းက ဘာပြောခဲ့လဲ”

“ဆိုစမ်းပါအုံး မူးသာရဲ့၊ ဘာပြောခဲ့လဲ”

“မင်းမှတ်မိမှာပါစိမ်းမောင်ရာ . . . ‘တနှစ်ပြည့်တဲ့အခါ ရွေးကောက်ပွဲကြီး ကျင်းပပေးမယ်’ ဆိုတာလေကွာ”

“အဲ . . . အေး . . . အေးလေကွာ၊ ဒါပေမဲ့လို့ အခြေအနေမပေးလို့ လုပ်မပေးနိုင်ခဲ့တာလေ”

“ဒီတော့ ‘၆ လ’ ထပ်တိုးတယ်၊ ပြီးတော့ နောက်ထပ် ‘၆ လ’ ထပ်တိုးလိုက်တာ အခုတော့ ‘၂ နှစ်’ တောင် ဖြစ်လာပြီလေကွာ”

ကြင်စိုး သာဝ မအလ၏ ‘ဥပဒေမဲ့’ ထင်တိုင်းကြဲနေမှုများကို သက်သေသာဓက စုံလင်စွာဖြင့် တိတိကျကျ ရှင်းပြနေသော်ငြား ‘အစိမ်းအုပ်စု’ ကား လားလားမှ နားမဝင်ဘဲ သာဝမှ သာဝ၊ မအလမှ မအလ ဟုသာ တဖက်သတ်ကြီး စွဲလန်းနေကြဆဲသာ ဖြစ်ပါပေလေ၏ ခင်ဗျာ။

“အကယ်၍များ အခုတိုးယူထားတဲ့ ‘၆ လ’ ကုန်ပြီဆိုရင်လည်း မင်းတို့ကိုးကွယ်တော်မူနေတဲ့ ကြင်စိုးဟာ နောက်ထပ် ‘၆ လ’ ထပ်တိုးယူဦးမှာပဲဟ”

“ဟားဟား ဟားဟား ဟားဟား . . .”

ဒီဘက်ဒယ်ကလူတွေ ထရယ်လိုက်ကြတဲ့အခါ မနီးမဝေးက ခိုအုပ်တောင်မှ လန့်ပြီး ပျံတက်ပြေးကုန်ကြပါတယ် ခင်ဗျ။

“အေး . . . အဲသည် နောက်ထပ် ‘၆ လ’ ကုန်ပြန်ရင်လည်း လာဦးမယ် ‘နောက်ထပ် ၆ လ’ လုပ်ပါဦး ဘာညာပေါ့”

“ဝါး . . . ဟားဟား ဟားဟား ဟားဟား”

အဘစိမ်းမောင်တို့အုပ်စုကား မျက်နှာကျောကြီးများ တင်းလာကြပါ၏။ ဆရာတော်ကား ခပ်လှမ်းလှမ်းမှာ မျက်နှာတော်ကို တဖက်သို့ လှည့်တော်မူနေပါလေ၏။ ခဏအကြာမှာ အဘစိမ်းမောင်က စကားဟလာပါ၏။

“တိုးသင့်လို့ တိုးရတာပဲကွာ . . . အခု ၆ လတိုးပြီးရင် ရွေးကောက်ပွဲကြီး ကျင်းပပေးမှာကွ”

“ဟေ . . . ဟုတ်လား စိမ်းမောင်ရ”

“အေးလေကွာ . . အဲဒီမှာ ရွေးကောက်ပွဲကိုပျက်အောင် ဖျက်မယ်ဆိုတဲ့သူတွေ ရှိနေတာက ပြဿနာကွ”

“ပြဿနာ . . .”

“အေး . . . အဲဒါ ဘယ်လိုခေါ်လဲကွာ . .. . အဲ . . “မင်းသားကြီးမလုပ်ရလို့ ပတ်မကြီး ထိုးဖောက်တယ်” လို့ ဆိုရမယ်”

“ဝါး . . . ဟားဟား ဟားဟား ဟားဟား”

အဘစိမ်းမောင့် ဥပမာကိုကြားပြီး ဒီဘက်ဒယ်ကလူတွေ အုံးအုံးထ ရယ်ချကြပြန်ရာ ဆရာတော်ပါ လှည့်ကြည့်တော်မူပါလေ၏။

အဘစိမ်းမောင်ကား မကျေမနပ်မျက်နှာနှင့် ‘ဘာရယ်တာလဲ’ ဟု မေးမြန်းလာပါ၏။

အဘစောမူးသာနှင့် အဘလုံးတုံးတို့လည်း ရယ်တာကို အရှိန်မနည်းသတ်နေကြရပါ၏။ ပြီးမှ အဘစိမ်းမောင်၏ ဥပမာစကားပုံဟာ အဓိပ္ပါယ်ရှိလှကြောင်း၊ အဲသည်လိုမျိုး မင်းသားကြီး မလုပ်ရလို့ ပတ်မကြီးထိုးဖောက်တယ်ဆိုတာ လူယဉ်ကျေးတွေ မလုပ်ကြကြောင်း မျက်နှာပိုး သတ်ကာ ပြောပါ၏။

“အဲ့ဒါပဲ မူးသာတို့ လုံးတုံးတို့ရ . . . မင်းတို့အမြင်ပဲမဟုတ်လား၊ ပတ်မကြီးကို ထိုးဖောက်ခွဲဖို့ စူးချွန်ကိုင်ထားတဲ့သူတွေကို မင်းတို့တွေ မြင်ကြမှာပါ”

“မြင်တာမှ ငါတို့တင်မက တကမ္ဘာလုံးကပါ ကွက်ကွက်ကွင်းကွင်းကြီးကို မြင်ခဲ့ကြတာပေါ့ဟာ”

“အေး . . . အဲ့ဒါပဲ မူးသာရေ . . .”

“ပညာရှိသူတွေတိုင်း အဟုတ်မြင်နေကြတာပေါ့ကွာ . . . . အဲသည် ‘စူးချွန်ကြီး’ ဟာ ကြင်စိုး သာဝ မအလလက်ထဲမှာပါ ဗျား”

“ဝါး . . ဟားဟား ဟားဟား ဟားဟား”

ဖေကြီး(လေရှီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013