DVB Logo
Home
မြန်မာသတင်း
UNA မဟာမိတ်အဖွဲ့ဝင်တိုင်းရင်းသားပါတီများ မှတ်ပုံပြန်တင်ရေး မသေချာ
DVB
·
February 8, 2023
UNA မဟာမိတ်အဖွဲ့ဝင်တိုင်းရင်းသားပါတီများ မှတ်ပုံပြန်တင်ရေး မသေချာ
Donate to DVB

စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA)အဖွဲ့ဝင် တိုင်းရင်းသား နိုင်ငံရေးပါတီတွေအနေနဲ့ ပါတီမှတ်ပုံပြန်တင်ရေး၊ မတင်ရေး သေချာတဲ့ ဆုံးဖြတ်ချက် မချမှတ်ရသေးပေမယ့် ပါတီအများစုကတော့ ပါတီမှတ်ပုံတင်ပြန်တင်ကြမှာ မဟုတ်ဘူးလို့ သက်ဆိုင်ရာပါတီတွေက ပြောပါတယ်။

တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၃ ပါတီနဲ့ဖွဲ့စည်းထားတဲ့ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် UNA အဖွဲ့ဝင် ပါတီတွေအနေနဲ့ ပါတီမှတ်ပုံပြန်တင်မလား မတင်ဘူးလား ဆိုတာကို အခုချိန်ထိ UNA အစည်းအဝေးမပြုလုပ်ရသေးဘူးလို့ဆိုပါတယ်။

UNA အဖွဲ့ဝင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီအနေနဲ့တော့ ဘယ်လိုအာဏာရှင်စနစ်မျိုးကိုမှ မကြိုက်နှစ်သက်တာကြောင့် နိုင်ငံရေးပါတီအဖြစ် အာဏာသိမ်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ထံမှာ ပါတီမှတ်ပုံ ပြန်တင်မှာ မဟုတ်ဘူးလို့ ပါတီအတွင်းရေးမှူး ဦးမျိုးကျော်ကပြောပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ  အထွေထွေအတွင်းရေးမှူး  ဦးမျိုးကျော်က “အကုန်လုံးတော့အဲမှာ ပါတီအစည်းအဝေးမထိုင်သေးတဲ့အခါကျတော့ တညီတည်း ဆုံးဖြတ်ဖို့ကျတော့ ကျနော့်အနေနဲ့ ပြောလို့မရသေးဘူးပေါ့နော်။ ဒါပေမဲ့ ကျနော်တို့ထဲက ပြန်ပြီးတော့ မှတ်ပုံမတင်ဘူးဆိုတဲ့ ပါတီတချို့တော့ရှိနေတယ်ပေါ့ဗျား။ တချို့တော့ရှိနေပြီဆိုတော့ အကုန်လုံးကို ကိုယ်စားပြုပြီး ပြောဖို့ကျတော့ ကျနော့်အနေနဲ့ဒီအချိန်မှာ ဆုံးဖြတ်ချက်ပေးလို့မရသေးပါဘူး”လို့ ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီက အသစ်ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပါ အချက်အလက်တွေအရ နိုင်ငံရေးပါတီတွေအားလုံး ပါတီမှတ်ပုံတင် ပြန်လည်တင်ပြရမှာဖြစ်ပြီး ပါတီမှတ်ပုံတင် ပြန်မတင်တဲ့ နိုင်ငံရေးပါတီတွေက အလိုအလျောက် နိုင်ငံရေးပါတီအဖြစ်ကနေ ပျက်ပြယ်ပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီလိုဖော်ပြပါရှိပေမယ့် လူထုက လက်သင့်မခံတဲ့ အာဏာသိမ်းစစ်ကောင်စီလက်အောက်မှာ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်မှာမဟုတ်ဘဲ ရွေးကောက်ပွဲလည်း ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် UNA အဖွဲ့ဝင်ပါတီဖြစ်တဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးရှိန်းထွန်းက ပြောပါတယ်။

“ကျနော်တို့အနေနဲ့ လူထုရဲ့သဘောထားအတိုင်းပဲ ကျနော်တို့ သွားမယ်။ ကျနော်တို့ မှတ်ပုံတင်ဖို့လည်း မရှိဘူး။ ပါတီဖျက်ချင်ရင် ဖျက်ပါ။ ရတယ် ကိစ္စမရှိဘူး။ လူထုအနေနဲ့ လူထုသဘောထားအတိုင်း ကျနော်တို့ ရပ်တည်ပါမယ်။ ကျနော်တို့ လုံးဝ ရွေးကောက်ပွဲဝင်မှာ မဟုတ်ဘူး။ ပါတီဖျက် ရတယ်။”

လက်ရှိ UNA အဖွဲ့ဝင်တွေကြားမှာ ပါတီမှတ်ပုံတင်ရေးမတင်ရေးအပြင် အာဏာသိမ်း စစ်ကောင်စီအဖွဲ့ဝင် အဖြစ်ပါဝင်နေတဲ့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ပူဂင့်ကမ်လျန်း ဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ အဖွဲ့ဝင် အဖြစ်ပါဝင်နေတဲ့အတွက် UNA မှာ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကို ဆက်လက်ပါဝင်ခွင့်ပြု မပြုကိုလည်း ဆွေးနွေးဆုံးဖြတ်ကြဖို့ရှိပါတယ်။

စစ်ကောင်စီ အသစ်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေအရ နောက်လာမယ့် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ တပါတီတည်းသာ နိုင်ငံတဝန်း ယှဉ်ပြိုင်နိုင်မယ့်ပါတီအဖြစ် ကျန်ရှိနိုင်ပြီး ကျန်တိုင်းရင်းသား ပါတီတွေကတော့ သက်ဆိုင်ရာ ပြည်နယ်တွေမှာသာ ပြည်နယ်လွှတ်တော်လောက်သာ ယှဉ်ပြိုင်နိုင်ဖို့ အခင်းအကျင်းဖန်တီးထားတာလို့ နိုင်ငံရေးသမားတွေက သုံးသပ်ပါတယ်။

လက်ရှိစစ်ကောင်စီက မြို့နယ် ၃၇ မြို့နယ်မှာ စစ်အုပ်ချုပ်ရေးကြေညာထားရသလို နိုင်ငံတဝန်းနယ် မြေတဝက်လောက် ထိန်းချုပ်နိုင်ခြင်းမရှိတော့ပေမဲ့ မဲစာရင်းအခြေခံဖြစ်တဲ့ အိမ်ထောင်စု စာရင်းတွေ တနိုင်ငံလုံးအတိုင်းအတာနဲ့ ၈၀ ရာခိုင်နှုန်းကျော်မှာ ကွင်းဆင်းကောက်ယူပြီးသွားပြီလို့  ပြောထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013