DVB Logo
Home
မြန်မာသတင်း
သီပေါစော်ဘွား စဝ်ကြာဆိုင်၏ မဟာဒေဝီ စဝ်သုစန္ဒီ ကွယ်လွန်
DVB
·
February 7, 2023
သီပေါစော်ဘွား စဝ်ကြာဆိုင်၏ မဟာဒေဝီ စဝ်သုစန္ဒီ ကွယ်လွန်
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့က စော်ဘွားကြီး စဝ်ကြာဆိုင်ရဲ့ မဟာဒေဝီ စဝ်သုစန္ဒီ ခေါ် Inge Sargent  ( သက်တော် ၉၁ နှစ် ) ဟာ ဖေဖော်ဝါရီ ၆ ရက်က သူနေထိုင်ရာ အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်၊ ဘိုလ်တာမြို့ နေအိမ်မှာ လူကြီးရောဂါနဲ့ကွယ်လွန်သွားပြီလို့ မိသားစုနဲ့ ကျွမ်းဝင်သူ ၁ ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“မယ်တော်ကြီး ဆုံးသွားပြီလို့ မနေ့နေ့လည်ပိုင်းက ဖုံးဝင်လာပါတယ်။ သူတို့ဆီမှာတော့ မနက်စောစော ၆ နာရီလောက်လို့ပြောတယ်။ ကမ္ဘာအရှေ့ခြမ်းနဲ့အနောက်ခြမ်း အချိန်နာရီက အရမ်းကွာတော့ အချိန်အတိအကျမသိရပါဘူး၊ ရောဂါကတော့ လူကြီးရောဂါပါ၊ တရှောင် ရှောင်ဖြစ်တာတော့ ကြာပါပြီ။ သူတစ်ခုခုဖြစ်ရင် ဆက်လုပ်သွားရမယ့်ဟာတွေတော့ စော စောကတည်းက ကြိုတင်မှာကြားခဲ့ပြီးပါပြီ။” 

ဈာပနအခမ်းအနားနဲ့ သင်္ဂြိုလ်မယ့်အစီအစဉ်တွေတော့ မသိရသေးပေမဲ့ ပြည်တွင်းပြည်ပ ရှမ်းအသိုင်းအဝိုင်းနဲ့ ဆွေတော်မျိုးတော်တွေကတော့ မယ်တော်ကို ရည်စူးပြီး ဆွမ်းသွပ်အမျှဝေ အလှူအတန်းတွေလုပ်ပေးဖို့တော့ ပြင်ဆင်နေကြတယ်လို့ ဆိုပါတယ်။ 

ထိုင်းနိုင်ငံ ချင်းမိုင်ရောက်   ရှမ်းအသိုင်းအဝိုင်းကလည်း လာမယ့် စနေနေ့ ဖေဖော်ဝါရီ ၁၁ ရက် ကျရင် ဆီဖုမ်းရပ်ကွက် ဝပ်ပါပေါက်ဘုန်းကြီးကျောင်းမှာ မယ်တော်ကြီးအတွက် ရည်စူးပြီးဆွမ်းဆက်ကပ်လှူဒါန်းဖို့ရှိပါတယ်။ 

မဟာဒေဝီ စဝ်သုစန္ဒီဟာ ဩစတြီးယားနိုင်ငံသူဖြစ်ပြီး အရွယ်ရောက်တော့ အမေရိကန်နိုင်ငံ ကော်လိုရာဒိုကောလိပ်မှာ ပညာဆည်းပူးပါတယ်၊ အဲဒီမှာ အင်ဂျင်နီယာပညာတော်သင် သီပေါစော်ဘွား စဝ်ကြာဆိုင်နဲ့ ချစ်ကျွမ်းင်ခဲ့ပြီး ၁၉၅၃ ခုနှစ်မှာ လက်ထပ်ထိမ်းမြားကာ စဝ်ကိန္နရီနဲ့ စဝ်မာယာရီဆိုတဲ့ သမီးတော်နှစ်ဦး ထွန်းကားပါတယ်။ 

စဝ်သုစန္ဒီဟာ စော်ဘွားကြီးကတော်ဖြစ်ပေမယ့် ဟိတ်ဟန်နဲ့မနေဘဲ ရှမ်းစကားနဲ့ မြန်မာစကားကို ရေလည်စွာပြောတတ်အောင် လေ့ကျင့်ကာ အထက်တန်းပြဆရာမ ဝင်လုပ်ခဲ့သလို တဘက်ကလည်းစော်ဘွားကြီးနဲ့အတူ သီပေါဒေသဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ကူညီ ဆောင်ရွက်ခဲ့ပါတယ်။

၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်နေဝင်းဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပဒေသရာဇ်စနစ် ဖျက်သိမ်းပြီး စော်ဘွားတွေကိုလည်း ဖမ်းဆီးထောင်ချခဲ့ပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ သီပေါစော်ဘွားစဝ်ကြာဆိုင်လည်း ပါဝင်ပြီး ခုအချိန်ထိ သူကို ဘယ်မှာဖမ်းဆီးခဲ့တယ် ဘယ်လို သတ်ပစ်ခဲ့တယ်ဆိုတာ စစ်အာဏာရှင်တွေက ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပါဘူး။

စော်ဘွားနဲ့ တွေ့ခွင့်ရဖို့ စဝ်သုစန္ဒီက အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် အာဏာပိုင်တွေက တွေ့ခွင့်မပြုတဲ့အပြင် သူနဲ့ မိသားစုဝင်တွေအတွက် အန္တရာယ်ရှိလာလို့ သမီး ၂ ယောက်ကိုခေါ်ပြီး ပြည်ပကို ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။

သူဟာချစ်သူစဝ်ကြာဆိုင်နဲ့ မြန်မာပြည်ကို လိုက်လာစဉ် သင်္ဘောဆိပ်ကမ်းမှာ အဆောင် အယောင်အခမ်းအနားနဲ့လာကြိုမှပဲ သူ့ချစ်သူဟာ တော်ဝင်စော်ဘွားမျိုးနွယ်ဖြစ်တာကို အံ့ဩစွာ သိလိုက်ရကြောင်း၊ အဲဒီနောက်သီပေါဒေသဖွံ့ဖြိုးရေးတွေ ဆောင်ရွက်ရတာ၊ စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှု၊ ရက်စက်မှုတွေအကြောင်းတွေပါတဲ့ စာအုပ်တစ်အုပ်ကို ရေးသားခဲ့ပါတယ်။

Twilight over Burma: My Life as a Shan Princess  လို့အမည်ရတဲ့ အဲဒီစာအုပ်ကို ၁၉၉၄ ခုနှစ်မှာ ထုတ်ဝေပြီး အရောင်းရဆုံးစာအုပ်များစာရင်းထဲပါခဲ့ပါတယ်။ စာအုပ်ရောင်းရငွေတွေအားလုံးကို မြန်မာနယ်စပ် စစ်ဘေးရှောင်ပြည်သူတွေအတွက် လှူဒါန်းခဲ့ပါတယ်။ 

အဆိုပါစာအုပ်ကို ဆရာဦးဝင်းဖေက မှုန်ရီဆိုင်း တိုင်းမြန်မာဆိုတဲ့အမည်နဲ့ မြန်မာလို ဘာသာပြန်ပြီး ရှမ်းစာရေးဆရာ ခွန်ယုံးချိုက ဖာ့လမ်ဆုမ်မိုင်းဆိုတဲ့အမည်နဲ့ ရှမ်းလိုဘာသာပြန် ထုတ်ဝေခဲ့ပါတယ်။ 

၂၀၁၅ ခုနှစ်မှာ ဩစတြီးယားနိုင်ငံ Isabelle Welter, Alfred Deutsch ကုမ္ပဏီက  The Last Mahadevi  ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကို ထိုင်းသရုပ်ဆောင်တွေနဲ့အတူ ထိုင်းနိုင်ငံမှာ လာရောက် ရိုက်ကူးခဲ့ပြီး အဆိုပါရုပ်ရှင်ကားကိုတော့ မြန်မာပြည်မှာ ပြသခွင့် ပိတ်ပင် ခံခဲ့ရပါတယ်။ 

မဟာဒေဝီဟာ ပြည်ပကိုရောက်ပေမဲ့ မြန်မာပြည်ကို မမေ့ဘဲ Burma Lifeline  ဆိုတဲ့ လူမှုရေးအဖွဲ့တည်ထောင်ပြီး မြန်မာပြည်သူတွေကို တဘက်တလမ်းက ထောက်ပံ့ ကူညီခဲ့ပါတယ်။ 

ဒါ့အပြင် မျိုးချစ်လူငယ်ခေါင်းဆောင်တွေပေါ်ထွန်းရေးအတွက် ၂၀၀၈ ခုနှစ်ကစ အမျိုးသားရေး၊ လူမှုရေး၊ လူ့အခွင့်အရေးလုပ်ငန်းတွေမှာ ကိုယ်ကျိုး စွန့်ပြီးဆောင်ရွက်နေသူတွေကို တစ်နှစ် တစ်ယောက် ရွေးချယ်ပြီး Sao Thusandi Leadership Award  ဆိုတဲ့ ဆုကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ ဆုအနေနဲ့ ဂုဏ်ပြုလက်မှတ်နဲ့ အမေရိကန်ဒေါ်လာ ၄၀၀၀ ရရှိပြီး  ဆုရ လူငယ်ပေါင်း ၁၄ ဦးရှိသွားပြီဖြစ်ပါတယ်။

မဟာဒေဝီ မရှိတော့ပေမယ့်လည်း  အဆိုပါဆုချီးမြှင့်မှုအစီအစဉ်ဟာ ကော်မတီဝင်တွေရဲ့ စီစဉ်မှုနဲ့ ဆက်လက်တည်ရှိသွားမယ်လို့ ဆိုပါတယ်။

မဟာဒေဝီ စဝ်သုစန္ဒီဟာ မြန်မာ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးအတွက် တက်ကြွစွာ ပံ့ပိုးကူညီဆောင်ရွက်ခဲ့လို့ ၂၀၀၀ ပြည့်နှစ်မှာ ကမ္ဘာ့ကုလသမဂ္ဂရဲ့ နိုင်ငံတကာ လူ့အခွင့်အရေးဆု  ရရှိခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013