DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်း-မြင်းမူလမ်းတွင် စစ်ကားတစီး၊ မုံရွာ နမခ တပ်နှင့် ပုလဲမြို့ပေါ်ရဲစခန်းတို့ တိုက်ခိုက်ခံရ
DVB
·
February 6, 2023
စစ်ကိုင်း-မြင်းမူလမ်းတွင် စစ်ကားတစီး၊ မုံရွာ နမခ တပ်နှင့် ပုလဲမြို့ပေါ်ရဲစခန်းတို့ တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခ တပ်ကို ဖေဖော်ဝါရီ ၅ ရက် မနက် ၃ နာရီ နဲ့ မနက် ၉ နာရီ ဝန်းကျင်မှာ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ၁၀၇ (မမ) လျှော့တိုက်ဒုံး ၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် နမခ အတွင်းမှ ဂိုထောင် ၂ လုံးနဲ့ ဂိတ် ၁ ဂိတ်ပျက်စီးပြီး  တပ်ကြပ် ၁ ဦး၊ ဒုတပ်ကြပ် ၁ ဦး  နဲ့ စစ်ကောင်စီတပ်သား ၂ ဦးပွဲချင်းပြီးသေဆုံးကာ ၅ ဦး ထက်မနည်း စိုးရိမ်ဒဏ်ရာရရှိထားတယ်လို့ Chindwin Attack Force တာဝန်ရှိသူက ပြောပါတယ်။ 

“စစ်တပ်ဘက်က သေဆုံးမှုနဲ့ ပျက်စီးမှုတွေကို တပ်တွင်း သတင်းတွေအရ သိရတာပါ။ မနက် ၉ နာရီလောက်ပေါ့၊ သူ့တို့ တန်းစီနေတဲ့အချိန် ရှော့တိုက်ဒုန်း နဲ့ ပစ်လိုက်တာ၊ အဲ့မှာ အထိအခိုက်အသေအဆုံး ရှိသွားတာပါ။ အခုဆို နမခ တပ် အနီးနားမှာ တပ်ရင်း ၉ ရင်း ဝိုင်းပြီး လုံခြုံရေးတွေ ချထားတယ်။” 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၂၊ တပ်ရင်း ၃၊ တပ်ရင်း ၄၊ တပ်ရင်း ၅ နဲ့  Alpha Special Force- ASF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

အတုအယောင် ဟန်ပြ ရွေးကောက်ပွဲဖြင့် တရားဝင်မှုရရှိရေး ကြိုးစားနေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်အား မိဘပြည်သူတွေကို အသိပေးလိုပြီး  တရားမဝင်ရွေးကောက်ပွဲကို နည်းမျိုးစုံနဲ့ ဆန်ကျင်ကြဖို့ နဲ့ စစ်ကောင်စီ လက်အောက်ခံ စစ်တိုင်းချုပ်အနေနဲ့လည်း အပြစ်မဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်အား ဖျက်ဆီးတာတွေကို ချက်ချင်းရပ်တန့်ပြီး လက်နက်ချဖို့ တောင်းဆိုထားပါတယ်။

ဖေဖော်ဝါရီ ၅ ရက် မနက် ၁၁ နာရီကလည်း မိုင်းရှင်းလင်းဖို့ စစ်ကိုင်း-မြင်းမူလမ်းအတိုင်း မောင်းလာတဲ့ စစ်ကောင်စီကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် Zero ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ကိုသက်ကြီးက ပြောပါတယ်။

“ထွက်လာမယ်ဆိုတာကို ဖရဲသီးက ကြိုသတင်းပေးထားလို့ နေရာ ၃ နေရာကနေ မိုင်းခင်းပြီး စောင့်တိုက်ခိုက်ခဲ့တာ။ ပထမမိုင်းခင်းထားတဲ့ ရွာမရွာနဲ့ နတ်ခရိုင်ရွာကြားမှာ မိုင်း  ၃ လုံး ဆွဲတိုက်ခိုက်ခဲ့တာ။ ကားကို အရင်မိုင်းဆွဲတယ်။ မိုင်းဆွဲလို့ ကားပေါ်ကနေဆင်းပြီး ပြန်ပစ်တယ်။ ပစ်နေတဲ့အချိန်ကို ထပ်ပြီးမိုင်းဆွဲတာ ၂ ကောင်ကတော့ နေရာတင် သေတယ်။ အများအပြား ဒဏ်ရသွားတယ်။”

စစ်ကိုင်းခရိုင်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲနေ့စဉ် ဖြစ်ပွားနေပြီး ဖေဖော်ဝါရီ ၄ ရက်ကလည်း ထီးဆောင်းကျေးရွာက စစ်ကောင်စီစခန်းတခုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်က ရဲစခန်းကို ဖေဖော်ဝါရီ ၅ ရက် ည ၁၀ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးခေါင်ဆောင်တွေက ပြောပါတယ်။

“ကျနော်တို့ ဒေသခံမဟာမိတ်အဖွဲ့စုံနဲ့ ရဲစခန်းကို ဝင်ရောက်ပစ်ခတ်ခဲ့တာဗျ။ အရင်ဆုံး အထူးတပ်က ရဲစခန်းကိုဝင်ပစ်တယ်။ အထူးတပ်ပစ်ပြီး နောက်တန်းကနေ လက်နက်ကြီး ပစ်ကူတွေနဲ့ ထပ်ပစ်ခဲ့တယ်‌ဗျ။ တိုက်ပွဲက ညပိုင်း ၁၀ နာရီကနေစပြီး ည ၁ နာရီခွဲမှာ ပြီးခဲ့တယ်ဗျ။ အဲတိုက်ပွဲမှာ ကျနော်တို့ဘက်က ရဲဘော်တယောက် ကျည်ရှပ်မှန် ဒဏ်ရာရရှိခဲ့တယ်ဗျ၊ ဒဏ်ရာ ၆ ချက် ချုပ်ပေးထားရတယ်၊ အသက်အန္တရယ်တော့ မစိုးရိမ်ရဘူး။ သူတို့ဘက်က ရဲ(-) ၂ ကောင် သေဆုံးတယ်လို့ ဒီနေ့မနက်ဖရဲသီးဆီက ပြန်သိထားတယ်” လို့ ပုလဲမြို့နယ် ဗိုလ်ဠုန်အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

အခုတိုက်ပွဲကို သခင်ဒေါင်းညို၊ ဗိုလ်ဂဠုန်၊ ရိုးမရာဇာ(ကိုစိုင်း)၊ မုဆိုးလေး၊ ကိုဘလက်(Black)၊ Black Galon လက်နက်ကြီးအဖွဲ့နဲ့ ပုလဲအခြေစိုက် တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ Local အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တာလို့ သိရပါတယ်။

ပုလဲမြို့နယ်ဟာ စစ်ကောင်စီက ဖေဖော်ဝါရီ ၂ ရက်နေ့မှာ စစ်အုပ်ချုပ်ရေး မြို့နယ်အဖြစ် သတ်မှတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013