
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာအနီးမှာ စစ်ကား ၆ စီးကို ဒေသတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့ဆီက သိရပါတယ်။
သြဂုတ် ၂၅ ရက် မနက် ၁၁ နာရီ ၁၅ မိနစ်လောက်မှာ မြိတ်ကနေတက်လာတဲ့ စစ်ယာဥ်တန်းကို ဒေသတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မိုင်း ၂ လုံးဆွဲ တိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ မြေပြင်ရှိရဲဘော်တယောက်က ပြောပါတယ်။
ဗိုလ်ခရင်းတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက “မြိတ်ကနေတက်လာတဲ့ စစ်ကားတွေက ရိက္ခာကားတွေပါ။ ရိက္ခာကားတစီးမှာ အင်အား ၅ ယောက်လောက် အနည်းဆုံးပါတယ်။ ကား ၆ စီးဆိုတော့ အင်အား ၃၀ ဝန်းကျင်လောက်ရှိတယ်။ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကိုတော့ အတိအကျ မသိရသေးဘူး” လို့ ပြောပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က မိုင်းဆွဲတိုက်ခိုက်ပြီးနောက် အဲဒီယာဥ်တန်းဟာ တနင်္သာရီမြို့ဘက်ကို ဆက်လက်ထွက်ခွာသွားတယ်လို့ မြေပြင်ရှိ ရဲဘော်တွေဆီက သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ဗိုလ်ခရင်းတပ်ဖွဲ့၊ မြိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဇုန် ၃ တို့ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အခုလက်ရှိမှာတော့ တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာအနီးမှာ စစ်တပ်ဘက်က အင်အား ၁၀၀ ဝန်းကျင်ခန့် တပ်ဖြန့်ထားတယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့ကနေ သိရပါတယ်။










