DVB Logo
Home
မြန်မာသတင်း
၂ နှစ်အတွင်း စစ်အုပ်စုသတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၂၈၉၄ ဦး၊ စစ်ဘေးရှောင် ၁ သန်းခွဲ ကျော်ရှိဟု NUG ပြော
DVB
·
February 1, 2023
၂ နှစ်အတွင်း စစ်အုပ်စုသတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၂၈၉၄ ဦး၊ စစ်ဘေးရှောင် ၁ သန်းခွဲ ကျော်ရှိဟု NUG ပြော
Donate to DVB

စစ်အာဏာသိမ်း ၂ နှစ်တာ ကာလတွေအတွင်း အကြမ်းဖက်စစ်ကောင်စီက နည်းလမ်းပေါင်းစုံနဲ့ ရက်စက်စွာ ညှဉ်းပမ်းနှိပ်စက်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့တဲ့ ပြည်သူစုစုပေါင်း ၂,၈၉၄ ယောက်ရှိခဲ့ပြီး အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်ဦးရေ ၁ သန်းခွဲကျော်ရှိလာပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက် ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ “ပြည်သူ့နွေဦးတော်လှန်ရေး (၂) နှစ်ပြည့် ထုတ်ပြန်ကြေညာချက်” မှာ ခုလိုဖော်ပြလိုက်တာဖြစ်ပြီး သေဆုံးခဲ့သူတွေထဲ အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၂၇၉ ယောက်၊ အမျိုးသမီး ၄၄၇ ယောက်၊ ကျန်းမာရေးဝန်ထမ်းအယောက် ၇၀ ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီကာလတွေအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ် ၆၂,၃၉၉ လုံးရှိခဲ့ပြီး ဘာသာရေးအဆောက်အုံ ၁၆၃ လုံးလည်း နည်းလမ်းပေါင်းစုံနဲ့ ဖျက်ဆီးခံခဲ့ရတယ်လို့ NUG ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် တော်လှန်ရေး ၂ နှစ်တာကာလအတွင်း အကြမ်းဖက်စစ်တပ်ဟာ လေကြောင်းကနေ တိုက်ခိုက်မှု အကြိမ်အရေအတွက် ၆၅၄ ကြိမ်ထိ ပြုလုပ်ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုတွေအတွင်း ပြည်သူ ၂၈၈ ယောက် သေဆုံးကာ ၃၇၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ပြည်သူလူထုတရပ်လုံးရဲ့ ပြတ်သားတဲ့ စိတ်ပိုင်းဖြတ်မှု၊ စွန့်လွှတ်စွန့်စားမှု၊ ရဲစွမ်းသတ္တိနဲ့ တစိုက်မတ်မတ် ကြိုးစားအားထုတ်မှုတွေကို အရင်းတည်ပြီးတော့ တော်လှန်ရေးအုတ်မြစ်ဟာ အခြေခိုင်ခဲ့ကာ လက်ရှိအချိန်မှာ ဘယ်သူကမှ ဖြိုလှဲ ဖျက်ဆီးပစ်လို့ မရနိုင်တဲ့ ခိုင်မာအားကောင်းမှုတစ်ခုနဲ့ ရှေ့ဆက်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ခေတ်အဆက်ဆက် ရက်စက်ကြမ်းကြုတ်ခဲ့တဲ့ စစ်အာဏာရှင်အဆက်ဆက်ကို နှစ်ပေါင်းများစွာ အလံမလှဲစတမ်း ဆန့်ကျင်တွန်းလှန်ခဲ့ကြတဲ့ တိုင်းရင်းသား မဟာမိတ်အင်အားစုတွေနဲ့ NUG အစိုးရဟာ အကြမ်းဖက် စစ်အာဏာ လုယူမှုကို တိုက်ဖျက်ကာ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ထောင်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ အနှစ် ၇၀ ကျော်ခဲ့ပြီဖြစ်သော နိုင်ငံရေးပြဿနာကို အပြီးတိုင်ဖြေ ရှင်းကြမယ်ဆိုတဲ့ တူညီတဲ့ ဘုံရည်မှန်းချက်တခုနဲ့ စုစည်းမိနေကြပြီဖြစ်ပြီး အဆိုပါ စုစည်းမှုအင်အားနဲ့ ပြည်သူ့အင်အားတို့ စုပေါင်းကာ ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်ကြဖို့လည်း သန္နိဋ္ဌာန် ပြုခဲ့ကြပြီးပြီလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲအပါအဝင် တခြားသော ခြေလှမ်းတိုင်း၊ လုပ်ရပ်တိုင်းဟာ ပြည်သူ့ အချုပ်အခြာ အာဏာကို မတရားရယူဖို့ ကြိုးစားတဲ့ အာဏာဖီဆန်မှု မြောက်တဲ့ ဥပဒေချိုးဖောက်မှုတွေသာ ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရတရပ်ဖြစ်တဲ့ NUG အစိုးရအနေနဲ့ အဆိုပါ ဥပဒေချိုးဖောက်မှုတွေမှာ တာဝန်ရှိသူတွေ အားလုံးကို တရားဥပဒေရှေ့မှောက်ကို ပို့ဆောင်ပြီး ထိခိုက်နစ်နာခဲ့ရသူအားလုံးအတွက် တရားမျှတမှုကို ရယူပေးနိုင်ဖို့လည်း ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာပြည်သူလူထုတရပ်လုံး ပါဝင်ဆင်နွှဲနေတဲ့ မြန်မာ့နွေဦးတော်လှန်ရေးဟာ မကျေနပ်မှုတွေအတွက် စိတ်ကျေနပ်မှုရှာဖွေရုံ တော်လှန်ပုန်ကန်နေကြခြင်းမျိုးမဟုတ်ဘဲ ခေတ်အဆက်ဆက် အမြစ်တွယ်နေခဲ့တဲ့ အာဏာရှင်သရုပ်သကန်ကို မြန်မာ့မြေပေါ်ကနေ အပြီးအပိုင် ချေဖျက်မောင်းထုတ်နိုင်ရေးအတွက် ပြင်းပြတဲ့ စိတ်အားသတ္တိကို စနစ်ကျသော စုဖွဲ့မှု၊ ပြင်ဆင်မှု၊ စုစည်းညီညွတ်မှုတွေနဲ့ ပေါင်းစပ်မွမ်းမံကာ ခိုင်မာအားကောင်းစွာ တည်ဆောက် တွန်းလှန်နေတဲ့ တော်လှန်ရေးဖြစ်တယ်လို့လည်း NUG အစိုးရက ပြောပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေးဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် လွန်စွာအရေးပါတဲ့ ခေတ်ပြောင်း စနစ်ပြောင်း တော်လှန်ရေးတရပ်ဖြစ်တာကို နားလည်သိမှတ်ထားကြဖို့ အရေးကြီးကြောင်းနဲ့   ပြည်သူလူထုရဲ့ စဉ်းစားဆင်ခြင် ဝေဖန်ပိုင်းခြားနိုင်စွမ်း၊ မြဲမြံခိုင်ခံ့တဲ့ သန္နိဋ္ဌာန်၊ ပိုင်းဖြတ်ပြီးဖြစ်တဲ့ ဆုံးဖြတ်ချက်တွေနဲ့အတူ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ အသွင်သဏ္ဌာန် အစစ်အမှန်ကို သေချာစွာ သိမြင်နားလည်နိုင်ရေး ကြိုးစားကြဖို့နဲ့ မြန်မာပြည်သူလူထုနဲ့အတူ ရပ်တည်ပေးကြဖို့လည်း NUG အစိုးရက အားလုံးကို တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013