DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်သမ္မတဦးဝင်းမြင့် ခြုံစောင် ၁ ထည်တောင်းခံရာ ထောင်အာဏာပိုင်များမပေး
DVB
·
February 1, 2023
နိုင်ငံတော်သမ္မတဦးဝင်းမြင့် ခြုံစောင် ၁ ထည်တောင်းခံရာ ထောင်အာဏာပိုင်များမပေး
Donate to DVB

တောင်ငူထောင်မှာ အကျဉ်းချခံနေရတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ရာသီဥတုအေးလွန်းတဲ့ကာလ ခြုံစောင်တထည်ထပ်တောင်းတာကို ထောင်အာဏာပိုင်တွေက မပေးတဲ့အကြောင်း တောင်ငူထောင်တွင်းကနေ ဒီဗွီဘီထံပေးပို့တဲ့ စာအရသိရပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို စစ်ကောင်စီက နေပြည်တော် အကျဉ်းထောင်ကနေ ဇန်နဝါရီ ၁၄ ရက်မှာ ပြောင်းရွှေ့ပြီး တောင်ငူအကျဉ်းထောင်ထဲမှာ သီးသန့်တည်ဆောက်ထားတဲ့ အဆောက်အဦတခုမှာ လုံခြုံရေးဝန်ထမ်းအင်အားများစွာ အချိန်ပြည့် မပြတ်စောင့်ကြည့်နေတာ ဖြစ်ပါတယ်။

အခုလိုအေးလွန်းတဲ့ရာသီ ဥတုမှာ အသက်အရွယ်ကြီးရင့်သူတယောက်ကို စောင်တထည်ပဲ ပေးထားတာကြောင့်၊ နောက်ထပ် စောင်ထပ်တောင်းတာကို ထောင်အာဏာပိုင်က အထက်ကိုတင်ပြထားတယ်လို့ပဲပြောဆိုပြီး စောင်ထပ်မထုတ်ပေးဘူးလို့ဆိုပါတယ်။

“သမ္မတကြီး ဦးဝင်းမြင့်ကို သီးသန့်အဆောက်အဦးတခုမှာ နေစေပြီး၊ ခုတင်တလုံး၊ ဖျာတချပ်၊ စောင်တထည်၊ ခေါင်းအုံး တလုံးသာပေးထားပါတယ်။ အပြင်နဲ့လုံး၀အဆက်အသွယ် ပြတ်အောင်လုပ်ထားပြီ သမ္မတကြီးက စောင်တထည် ထပ်တောင်းတာကို အထက်ကိုတင်ပြမယ်ဆိုပြီး မထုတ်ပေးဘဲထားပါတယ်။ ခေါင်းလိမ်းဖို့ အုန်းဆီတောင်ပေးမသွင်းဘူး” လို့ထောင်တွင်းကပေးပို့တဲ့ စာမှာရေးသားထားပါတယ်။

သမ္မတကြီး ဦးဝင်းမြင့်ရဲ့ ထောင်တွင်းအခြေအနေနဲ့ ပတ်သက်ပြီး တောင်ငူထောင် အာဏာပိုင်တွေကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်က  သမ္မတကြီးရဲ့ ရှေ့နေအဖွဲ့တဖွဲ့က တောင်ငူထောင်ကိုလာပြီး သမ္မတကြီးနဲ့တွေ့ဖို့ကြိုးစားခဲ့သလို မိသားစုက ထောင်ဝင်စာပို့ဖို့လာတဲ့အခါမှာ အကျဉ်းထောင် အရာရှိတွေက သမ္မတ ဦးဝင်းမြင့် တောင်ငူထောင်မှာမရှိဘူးလို့ လိမ်လည်ငြင်းဆိုလိုက်ကြောင်း ထောင်ဝန်ထမ်း မိသားစု အသိုက်အဝန်းကနေ သိရပါတယ်။

သမ္မတကြီးကို တောင်ငူထောင် ဗဟိုကင်း မျှော်စင်ဘေး သီးသန့်ဆောက်ထားတဲ့ လုံးခြင်းအိမ်လေးမှာ ထားပြီး ထောင်ဝန်ထမ်း ၅ ယောက်၊ SB- ၂ ယောက်၊ လက်နက်အပြည့်အစုံနဲ့ ရဲက ၅ ယောက်လောက်ချထားကာ၊ တခြားအကျဉ်းသားတွေကို အဲ့ဒိနေရာကို မသွားဖို့ကန့်သတ် နယ်မြေလုပ်ထားပါတယ်။

သမ္မတကြီးဦးဝင်းမြင့်ကို  ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့ ရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာပြုမှု ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) အပြင် ရဟတ်ယာဥ်ဝယ်ယူငှားရမ်းမှုနဲ့ပတ်သက်လို့ အဂတိလိုက်စားမှု ၅ မှုနဲ့ စစ်ကောင်စီစွပ်စွဲပြီး   စုစုပေါင်း ထောင်ဒဏ် ၁၂ နှစ် ချမှတ်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013