DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲမအောင်မြင်ပါက စစ်တပ်က အပြီးတိုင်အာဏာသိမ်းပြီး စစ်အုပ်ချုပ်ရေး ကြေညာနိုင်ဟု CDM စစ်အရာရှိများ သုံးသပ်
DVB
·
January 31, 2023
ရွေးကောက်ပွဲမအောင်မြင်ပါက စစ်တပ်က အပြီးတိုင်အာဏာသိမ်းပြီး စစ်အုပ်ချုပ်ရေး ကြေညာနိုင်ဟု CDM စစ်အရာရှိများ သုံးသပ်
Donate to DVB

၂၀၂၃ မှာ စစ်တပ်က ရွေးကောက်ပွဲပြုလုပ်ဖို့ ကြိုးစားတာ မအောင်မြင်ရင် အပြီးတိုင် အာဏာသိမ်းပြီး စစ်အုပ်ချုပ်ရေးကို အတိအလင်း ကြေညာတာမျိုး ဖြစ်လာနိုင်တယ်လို့ CDM တပ်မတော်အရာရှိတွေက ပြောပါတယ်။

လတ်တလောမှာ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် စစ်ကောင်စီက နိုင်ငံတဝန်း နယ်မြေထိန်းချုပ်နိုင်ရေးနဲ့ လူဦးရေမဲစာရင်း ကောက်ယူရေးကို အင်အားအသုံးပြု လုပ်နေတာပါ။ အဲ့ဒါအပြင် စစ်ကောင်စီက နိုင်ငံရေးပါတီတွေ ဆောင်ရွက်ရမယ့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်ကို ဇန်နဝါရီ ၂၆ ရက်နေ့မှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ကြေညာချက်ပါ ပြဋ္ဌာန်းချက်တွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ တိုင်းရင်းသားပါတီတွေကို ဆက်လက်မရပ်တည်နိုင်အောင် ဖိအားပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီနှစ်အတွင်း ရွေးကောက်ပွဲ ဖြစ်နိုင် မဖြစ်နိုင်ကို တပ်အပ်မပြောနိုင်ဘူးလို့ ဆိုထားပါတယ်။

မြေပြင်တိုက်ပွဲတွေကြောင့် ရွေးကောက်ပွဲကျင်းပဖို့ မဖြစ်နိုင်ရင် စစ်ကောင်စီက အရင်စစ်အာဏာရှင်တွေရဲ့ လမ်းကြောင်းအတိုင်း အပြီးတိုင်အာဏာသိမ်းပြီး စစ်အုပ်ချုပ်ရေးကို အတိအလင်း ကြေညာတာမျိုး ဖြစ်လာနိုင်တယ်လို့ CDM တပ်မတော်အရာရှိ ခွဲစိတ်ပါရဂူ ဗိုလ်ကြီးမင်းမောင်မောင်က ခန့်မှန်းပါတယ်။

“အပြီးတိုင်အာဏာသိမ်းတယ်ဆိုတာကို အတိအလင်း ဖော်ထုတ်လာနိုင်တယ်။ ဒါဆိုရင် ရွေးကောက်ပွဲတို့ ဖက်ဒရယ်တို့ ဒီမိုကရေစီတို့ ဖွဲ့စည်းပုံတို့ ဆိုတာတွေကို စာရင်းထဲထည့်စရာ မလိုတော့ဘဲ သူတို့က စစ်အုပ်ချုပ်ရေးသက်သက်နဲ့သွားမယ့် အစီအစဉ်မျိုးလည်း ဖြစ်နိုင်တယ်ဗျ။ တိုင်းရင်းသားခေါင်းဆောင်တချို့နဲ့ နိုင်ငံရေးခေါင်းဆောင်တချို့ကို နိုင်ငံရေး၊ စီးပွားရေး မက်လုံးတွေပေးပြီးတော့ သိမ်းသွင်းလိမ့်မယ်ဗျ။ တိုင်းရင်းသားနယ်မြေတွေဆိုရင် ပုံပေးနိုင်တယ်။ ဥပမာ ‘ဝ’ တို့၊ မိုင်းလားတို့ နယ်မြေတွေ ပေါ်ပေါက်လာသလို ပုံစံမျိုးတွေ ထပ်ပေါ်ပေါက်လာနိုင်တယ်ပေါ့ဗျာ။ ဒါကို ကျနော်တို့ တော်လှန်ရေးအင်အားစုတွေက သဘောပေါက်နေဖို့ လိုတယ်။ တိုင်းရင်းသားတွေနဲ့ ရန်စောင်နေတာကို နည်းပါးအောင် လုပ်လာနိုင်တယ်။ တိုင်းရင်းသားနေရာကို ငြိမ်အောင်လုပ်မယ်။ ဗမာပြည်မကိုတော့ ဖိနှိပ်တာတွေ၊ ချေမှုန်းတာတွေနဲ့ ကျုံ့ရုံ့အောင် ဆက်တိုက်လုပ်နေမှာပဲ။ အရင်စစ်အာဏာရှင် လမ်းဟောင်းအတိုင်းပဲ လျှောက်နေကျအတိုင်းပဲ ဆက်လျှောက်မှာပါ။ ဒါတွေကလည်း ကျနော်တို့ဘက်ကနေ တွန်းလှန်နိုင်ဖို့လိုပါတယ်။ စကစက ပေးလာမယ့် အခွင့်အလမ်းတွေ မတိုင်ခင်မှာ NUCC တို့ NUG တို့ကနေ တိုင်းရင်းသားတွေကို ထာဝရခိုင်မြဲတဲ့ ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်း ဖော်ဆောင်မယ့် ကတိကဝတ်ကို အကောင်အထည် ဖော်ပေးမယ်ဆိုတာ သဘောတူညီချက်ရှိထားဖို့ လိုတယ်ဗျ။ ဒီသဘောတူညီချက်က သာမန် ကတိကဝတ်ထက် ကြားဖြတ်ယာယီဖွဲ့စည်းပုံအခြေခံဥပဒေလိုမျိုး အတည်ပြု ပြဋ္ဌာန်းလုပ်ဆောင်နိုင်မယ် ဆိုရင်တော့ အများကြီး ထိရောက်လိမ့်မယ်ဗျ။ စကစက ရှေ့ပိုင်းမှာ ပြောခဲ့တဲ့အချက် ၂ ချက်၊ ဘာနဲ့ပဲသွားသွား နှစ်ဖက်စလုံးမှာ ရှေ့လည်းမတိုး နောက်လည်းမဆုတ်သာတဲ့ အခြေအနေနဲ့ ကာလတခုကို ကျနော်တို့ ကြုံကောင်း ကြုံနိုင်တယ်ဗျ။”

ကရင်၊ ကရင်နီ၊ ရခိုင်၊ ချင်း၊ ကချင် စတဲ့ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF တွေရဲ့ ချိတ်ဆက်နိုင်မှု ပိုအားကောင်းလာတာကြောင့် စစ်ကောင်စီတပ်တွေအတွက် တဖြည်းဖြည်း နယ်မြေကျဉ်းလာပြီလို့ CDM တပ်မတော်အရာရှိ ဗိုလ်ကြီးလင်းထက်အောင် (ပြည်သူ့ရင်ခွင်) က ပြောပါတယ်။ စစ်ကောင်စီရဲ့ အဖွဲ့အစည်း ဖြစ်တည်မှုကိုပါ ခြိမ်းခြောက်လာတဲ့ ဖိအားတွေကို ဖြေလျှော့နိုင်ဖို့ စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ညှိနှိုင်းတဲ့လမ်းကို ရွေးချယ်တာမျိုး ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

“တော်လှန်ရေးတပ်ဖွဲ့တွေ ကြီးစိုးတဲ့ ERO တွေနဲ့ ဆက်စပ်တဲ့ ဒေသတွေမှာ အင်စတီကျူးရှင်းရဲ့ ရပ်တည်မှုတွေက တော်တော်လေးကို အခက်အခဲဖြစ်နေတာ တွေ့ရတယ်။ ဥပမာ တပ်ထဲကနေ တပ်ပြင်မထွက်နိုင်တာမျိုးပေါ့နော်။ ဒါတွေက အခုအချိန် တပ်တော်တော်များများမှာ ဖြစ်နေပြီ။ မြို့ပေါ်တပ်တွေမှာတောင် ရှိတယ်ပေါ့။ တပ်တခုရဲ့လမ်းကြောင်း၊ တပ်တခုရဲ့ လုံခြုံမှုတွေမှာပါ အများကြီး ထိခိုက်လာတာတွေကို သွားတွေ့တယ်။ ဥပမာ တပ်ထဲကထွက်တာနဲ့ တော်လှန်ရေးတပ်တွေနဲ့ စရင်ဆိုင်ရတဲ့ပုံစံမျိုး၊ နောက်ဆုံး သူတို့ရဲ့မိသားစုတွေ၊ သူတို့ရဲ့တပ်ဖွဲ့ဝင်တွေ၊ သူတို့နဲ့ဆက်စပ်သူတွေကအစ စစ်တပ်ရဲ့မိသားစု၊ စစ်တပ်နဲ့ဆက်စပ်ပတ်သက်တဲ့သူသည် ကျနော်တို့ တော်လှန်ရေးနယ်မြေထဲမှာ ထင်ထင်ပေါ်ပေါ် ဘယ်သူမှ မသွားလာရဲတဲ့ အခြေအနေကို ရောက်သွားပြီ။ ဒါဟာ စစ်တပ်ဆိုတဲ့ အဖွဲ့အစည်းကြီးတခုရဲ့ တော်တော်ကို ထိခိုက်တဲ့ အခြေအနေ ဖြစ်ပါတယ်။”

၂၀၂၂ ဒီဇင်ဘာ ၂၃ ရက်နေ့က နေပြည်တော် ရဲဌာနချုပ်ရုံးမှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ အစည်းအဝေးမှတ်တမ်း ပေါက်ကြားချက်တွေအရ စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်အတွင်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် ငွေကျပ် သန်း ၅၀၀ အထိသုံးဖို့ ပြင်ဆင်နေပါတယ်။ မြန်မာငွေ ကျပ် သန်း ၅၀၀ ဆိုတာ အမေရိကန်ဒေါ်လာတန်ဖိုးနဲ့ ချိန်ထိုးရင် ဒေါ်လာ ၂ သိန်းဝန်းကျင်သာ တန်ကြေးရှိနေပြီး တော်လှန်ရေးအင်အားစုတွေဘက် ဒီ့ထက်ပိုတဲ့ ပမာဏကို သုံးနေနိုင်တဲ့အတွက် ကြီးကြီးမားမား စိုးရိမ်စရာမရှိဘူးလို့ CDM တပ်မတော်အရာရှိတွေက သုံးသပ်ပါတယ်။စစ်ကောင်စီကတော့ နိုင်ငံတော်အာဏာကို  တရားမဝင် သိမ်းယူထားတာ  ၂ နှစ်ပြည့်တဲ့ ဇန်နဝါရီ ၃၁ ရက် ဒီနေ့ မနက်ပိုင်းမှာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို နေပြည်တော်မှာ ကျင်းပခဲ့ပြီး တိုင်းပြည်အခြေအနေသာမန်မဟုတ်ဘူးဆိုပြီး အာဏာဆက်သိမ်းထားဖို့ ပြင်ဆင်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013