DVB Logo
Home
မြန်မာသတင်း
လက်နက်ကိုင်တပ်များ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်လိုက်နာကြရန် မွန်ပြည်သစ်ပါတီ တိုက်တွန်း
DVB
·
January 30, 2023
လက်နက်ကိုင်တပ်များ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်လိုက်နာကြရန် မွန်ပြည်သစ်ပါတီ တိုက်တွန်း
Donate to DVB

လက်နက်ကိုင်တပ်တွေအနေနဲ့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေကို လိုက်နာပြီး အများပြည်သူ နေထိုင်တဲ့ ကျေးရွာ၊ လူနေရပ်ကွက်တွေကို ရှောင်ရှားတိုက်ပွဲဖော်ကြဖို့  မွန်ပြည်သစ်ပါတီက ထုတ်ပြန်တိုက်တွန်းတယ်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကမ်းနီနဲ့ အနီးတဝိုက် ကျေးရွာတွေ မီးရှို့ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ပါတီက ဇန်နဝါရီ ၂၉ ရက်မှာ ထုတ်ပြန်လိုက်တာဖြစ်ပြီး ကမ်းနီရွာရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင် နေအိမ်တွေကို ဗိုလ်အယ်စေးဝါး ဦးဆောင်တဲ့ Lion Battalion commando ပူးပေါင်းစစ်ကြောင်းတပ်ဖွဲ့က စတင်မီးရှို့ခဲ့တာလို့ စွပ်စွဲထားသလို စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ကျည်ထိမှန်ပြီး နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့လည်းဆိုပါတယ်။

ဗိုလ်စောအယ်စေးဝါး ဦးဆောင်တဲ့ Lion Battalion Commando အဖွဲ့က ဇန်နဝါရီ ၂၄ ရက်နဲ့ ၂၆ ရက်တို့မှာ ကမ်းနီကျေးရွာ အုပ်ချုပ်ရေးမှူးရုံး‌နဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေရဲ့ နေအိမ်တွေကို စတင်မီးရှို့ရာကနေ ကျေးရွာအတွင်းက နေအိမ်တွေ ကူးစက်မီးလောင်ခဲ့တယ်လို့ ဆိုပါတယ်။

မီးလောင်မှုကြောင့် ကမ်းနီကျေးရွာက နေအိမ် ၂၁ လုံးနဲ့ ကျေးရွာသား ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ‌ညောင်ရိပ်ကျေးရွာမှာတော့ နေအိမ် ၁၈ လုံး မီးလောင်ခဲ့တယ်လို့ မွန်ပြည်သစ်ပါတီက ထုတ်ပြန်ထားပါတယ်။

ကော့ပိန်းကျေးရွာ မွန်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက “ရွာသားတွေက ရွာကို ဒီ PDF တွေ မီးရှို့တာ၊ အမြောက်တွေကျတော့ ဟိုက ပစ်တာပေါ့နော်။ သူတို့က ရှို့တာ ဥက္ကဋ္ဌအိမ်၊ နောက် မီးငြှိမ်းတာကို မပေးငြှိမ်းဘူး။ ငြှိမ်းရင် ပစ်သတ်မယ် ဘာညာနဲ့ ရွာသူ ရွာသားကို ခြောက်‌တော့ ရွာသူရွာသားတွေကြ မလုပ်ရဲဘူး။ သူတို့ပြောတာ ဥက္ကဋ္ဌအိမ်တို့၊ ပြည်သူ့စစ်ခေါင်းဆောင်အိမ်တို့ ဟိုအရင်တုန်းက ပြည်သူ့စစ် လုပ်ခဲ့ဖူးတဲ့လူတွေလေ။ အိမ်က ကပ်တယ်။ အိမ်ကကပ်တော့ ဘယ်တတ်နိုင်မလဲ”  လို့ ပြောပါတယ်။

အခုလိုမီးရှို့မှုနဲ့ပတ်သက်ပြီးတော့ ဗိုလ်အယ်စေးဝါး ဦးဆောင်တဲ့ Lion Battelion Commando - ဗျူဟာစစ်ကြောင်းဘက်က ထုတ်ပြန်တာ မရှိပါဘူး။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် နေအိမ်တချို့ ပျက်စီးခဲ့ကြောင်းလည်း မွန်ပြည်သစ်ပါတီက ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ မွန်ပြည်သစ်ပါတီအနေနဲ့ စစ်ဘေးရှောင်တွေအတွက် အကူအညီနဲ့ ကျန်းမာရေးအတွက် လုပ်ဆောင်နေပြီး ကျေးရွာတွေအတွင်း လုံခြုံရေးအစီအမံတွေ ကြိုတင်ပြင်ဆင်ထားကြဖို့ ထုတ်ပြန် တိုက်တွန်းထားပါတယ်။

ဇန်နဝါရီ ၂၀ ရက်ကနေ ၂၆ ရက်အထိ ကျုံးဒိုးဒေသတဝိုက် တိုက်ပွဲတွေကြောင့် စစ်ကောင်စီဘက်က ၉၀ ကျော် သေဆုံးခဲ့ပြီး ၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Lion Battalion Commando - ဗျူဟာစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲတွေကြောင့် ကျုံဒိုးမြို့နဲ့ အနီးနားက ကျေးရွာ ၂၀ လောက်က ထောင်နဲ့ချီတဲ့ ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ကျေးရွာတချို့ ဘုန်းကြီးကျောင်းတွေမှာ စစ်ရှောင်စခန်း ၉ ခု ဖွင့်လှစ်ထားကာ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးရှိ ကမ်းနီ၊ မိဂလုံ၊ ကော့ဘိန်း စတဲ့ကျေးရွာတွေဟာ မွန်ပြည်သစ်ပါတီ သထုံခရိုင်ဌာနချုပ် ထိန်းချုပ်နယ်မြေထဲမှာ ပါဝင်နေသလို မွန်လူမျိုးအများစု နေထိုင်ကြတဲ့ ကျေးရွာတွေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013