DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ၏အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း အန်အယ်လ်ဒီကြေညာ
DVB
·
January 30, 2023
စစ်ကောင်စီ၏အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း အန်အယ်လ်ဒီကြေညာ
Donate to DVB

စစ်ကောင်စီကျင်းပဖို့ စီစဉ်နေတဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်းနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မယ့်သူတွေကိုလည်း နိုင်ငံတော်ပုန်ကန်မှုကျူးလွန်ရာမှာ အားပေး ကူညီသူတွေအဖြစ် သတ်မှတ်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီက ကြေညာပါတယ်။

လက်ရှိနိုင်ငံရေးပါတီတွေအားလုံး မှတ်ပုံပြန်တင်ကြဖို့နဲ့ မှတ်ပုံပြန်မတင်ရင် ပါတီ အလိုလျောက် ပျက်ပြယ်သွားပြီလို့ အာဏာသိမ်းစစ်ကောင်စီက နိုင်ငံရေးပါတီများမှတ်ပုံတင် ဥပဒေသစ်ကို ပြဋ္ဌာန်းထုတ်ပြန်လိုက်ပြီးနောက်မှာ အန်အယ်လ်ဒီပါတီရဲ့ ဗဟိုအလုပ်ကော်မတီက ဇန်ဝါရီ ၂၉ ရက်နေ့စွဲနဲ့ အခုလိုကြေညာလိုက်တာဖြစ်ပါတယ်။

တည်ဆဲဥပဒေတွေကို ချိုးဖောက်ပြီး နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ထားတဲ့ စစ်ကောင်စီရဲ့ ဆောင်ရွက်မှုမှန်သမျှဟာ တရားဝင်မှုမရှိလို့ သူတို့ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ခိုင်မာစွာဆန့်ကျင်ကန့်ကွက်နေမှာဖြစ်တယ်၊ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မယ့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကိုလည်း နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ရာမှာ အားပေး ကူညီသူတွေအဖြစ် သတ်မှတ်မယ်လို့ အန်အယ်လ်ဒီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

အာဏာစသိမ်းကတည်းက ဥပဒေချိုးဖောက်ခဲ့တဲ့ စစ်ကောင်စီရဲ့ သတ်မှတ်ချက်တွေ လုပ်ငန်းစဉ်တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနဲ့ လုံးဝပါဝင် ဆောင်ရွက်မှာမဟုတ်ဘူးလို့ ပါတီဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးက ဒီဗွီဘီကို ပြောပါတယ်။

"မလွယ်ကူအောင် ကုပ်ချိုးထားပြီးတော့ ပါတီသစ်တွေထောင်ဖို့မပြောနဲ့ ရှိပြီးသားပါတီတွေတောင် အကျုံးမဝင်နိုင်အောင် တင်းကျပ်ထားတာတွေ့ရတယ်။ သူတို့ကိုထောက်ခံမယ့် ကြံ့ခိုင်ရေးပါတီတစ်ခုတည်း ကျန်နေအောင်လုပ်ထားတာ ထင်ရှားနေတာမြင်ရပါတယ်။ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီ အနေနဲ့ပြောရရင် စစ်ကောင်စီရဲ့ အာဏာသိမ်းမှုဟာ အဲ့ဒီကာလ တည်ဆဲဥပဒေကို ဗြောင်ကျကျချိုးဖောက်ထားတာမို့လို့ သူတို့ရဲ့ဆောင်ရွက်ချက်တွေက ဘာတခုမှ တရားမဝင်ဘူး။ ဒါကြောင့်မို့ လိုက်နာဖို့ အစီအစဉ်မရှိပါဘူး။ ပြည်သူလူထုတရပ်လုံးကလည်း လက်မခံပါဘူးဗျ။ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကို မတရားဖမ်းဆီးထားပြီး ပါတီရုံးတွေကို ဝင်ရောက်ဖျက်ဆီး စာရွက်စာတမ်းတွေနဲ့ ရုံးပိုင်ပစ္စည်းတွေကိုခိုးယူတယ်။ ပါတီအမှုဆောင်နဲ့ပါတီဝင်တွေကိုလည်း ဖမ်းဆီးသတ်ဖြတ်ထားပြီးတော့ မိမိနေရပ်မှာမနေနိုင်အောင်လုပ်ထားတဲ့အခြေအနေတွေမှာ သူတို့သတ်မှတ်ချက်တွေအတိုင်း ပါတီမှတ်ပုံပြန်တင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ အဲ့ဒီရွေးကောက်ပွဲဆိုတာကလည်း ဖြစ်လာစရာဘာအကြောင်းမှမမြင်ပါဘူး။"

တိုင်းရင်းသားပြည်သူလူထုရဲ့ ရည်မှန်းချက်တွေ ပြည့်ဝစေဖို့ တစိုက်မတ်မတ်ဆောင်ရွက်ရာမှာ  ရည်ရွယ်ချက်တူ အင်အားစုအားလုံးနဲ့ လက်တွဲဆောင်ရွက် သွားမှာဖြစ်ပြီး အနာဂတ်နိုင်ငံတော်သစ်ကိုလည်း အတူတကွ ပူးပေါင်းအကောင်အထည်ဖော် ကြိုးပမ်း ဆောင်ရွက်မှာဖြစ်ကြောင်း အာဆီယံအပါအဝင် နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူတို့ရဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးလမ်းစဉ်နဲ့ စစ်ကောင်စီကကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာဥပဒေတွေနဲ့အညီ ဖော်ထုတ်အရေးယူနိုင်ဖို့ ကူညီပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

အန်အယ်လ်ဒီပါတီဟာ ၂၀၂၀ လွှတ်တော်ရွေးကောက်ပွဲမှာ မဲဆန္ဒယ် ၈၀ ရာခိုင်နှုန်းကျော် အပြတ်အသတ်အနိုင်ရခဲ့တာဖြစ်ပေမဲ့ စစ်တပ်က နိုင်ငံတော်အာဏာကို တရားမဝင်သိမ်းယူခဲ့ပြီ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါဝင် ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကို ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခဲ့တာပါ။

စစ်အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ခဲ့ကြလို့ ဥပဒေမဲ့ မတရားဖမ်းဆီးထိမ်းသိမ်းခံထားရသူ စုစုပေါင်း ၁၂,၆၇၀ ဦးရှိတဲ့အထဲ ၃၇၅၈ ဦး ပြန်လည်လွတ်မြောက်လာပြီး ၉၈၁၂ ဦးကျန်ရှိရာမှာ လွှတ်တော်ကိုယ်စားလှယ် ၈၀ ဦး အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၁,၂၃၂ ဦးပါဝင်တယ်လို့ လူ့အခွင့်အရေးချိုးဖေါက်မှုမှတ်တမ်းများကောက်ယူရေးအဖွဲ့ (NLD-HRDT)  ရဲ့စာရင်းအရ သိရပါတယ်။

ဖမ်းဆီးထားစဉ်အတွင်းနဲ့ အကြောင်းမဲ့ သတ်ဖြတ်ခံရသူ ၃,၃၄၆ ဦးရှိရာမှာ လွှတ်တော်ကိုယ်စားလှယ် ၂ ဦးပါဝင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၈၄ ဦး ပါဝင်ခဲ့ပါတယ်။

နေအိမ်အပါအဝင် ပိုင်ဆိုင်မှုတွေ ချိပ်ပိတ်သိမ်းဆည်းခံရသူ ၆၀၅ ဦးရှိရာမှာ လွှတ်တော်ကိုယ်စားလှယ် ၂၀၆ ဦးရဲ့ ပိုင်ဆိုင်မှုတွေပါဝင်ခဲ့ပြီး  အန်အယ်လ်ဒီ ပါတီဝင် ၃၇၁ ဦးတို့ရဲ့ ပိုင်ဆိုင်မှုတို့ ပါဝင်ခဲ့တဲ့အပြင် ပါတီရုံးချုပ်အပါအဝင်အဆင့်ဆင့်သောရုံးတွေကို ကျူးကျော်ဝင်ရောက် ဖျက်ဆီးတာ၊ ပါတီပိုင်ပစ္စည်းတွေကို  အဓမ္မယူဆောင်တာ ၁၂၀ ကြိမ် ရှိခဲ့တယ်လို့ သိရပါတယ်။

အခုနှစ် ဇန်နဝါရီ ၅ ရက်အထိ ရရှိထားတဲ့ မှတ်တမ်းတွေအရ ပြည်သူတို့ရဲ့ နေအိမ်တွေ အကြမ်းဖက်၊ လုယက်၊ မီးရှို့၊ ဖျက်ဆီးခံရမှု ဖြစ်စဉ်ပေါင်း ၉၁၃ ကြိမ်မှာ အိုးအိမ်အဆောက် အဦးပေါင်း ၃၅,၉၆၉ ပျက်စီးဆုံးရှုံးခဲ့တယ်လို့လည်း အန်အယ်လ်ဒီ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013