DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်း ၂ နှစ်ပြည့် ဆန့်ကျင်ရှုတ်ချဆန္ဒပြပွဲ ကနေဒါနိုင်ငံ၊ဗန်ကူးဗားမြို့တွင်ကျင်းပ
DVB
·
January 29, 2023
စစ်အာဏာသိမ်း ၂ နှစ်ပြည့် ဆန့်ကျင်ရှုတ်ချဆန္ဒပြပွဲ ကနေဒါနိုင်ငံ၊ဗန်ကူးဗားမြို့တွင်ကျင်းပ
1 / 10
Donate to DVB

မြန်မာစစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေရပ်တန့်အောင်၊ အရပ်သားတွေပေါ် သတ်ဖြတ်နေတာတွေကို ရပ်တန့်အောင်လုပ်ဖို့နဲ့ လက်နက်ပိတ်ဆို့ဒဏ်ခတ်မှုတွေလုပ်ဖို့ ကနေဒါရောက်မြန်မာတွေက ကနေဒါအစိုးရကို တောင်းဆိုလိုက်ပါတယ်။

"အာဏာရှင်နိဂုံး ၂၀၂၃" စစ်အာဏာသိမ်း ၂ နှစ်ပြည့် ဆန့်ကျင်ရှုတ်ချဆန္ဒပြပွဲကို ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့ရှိ Jack Poole Plaza မှာ ဒေသစံတော်ချိန် ဇန်နဝါရီ ၂၈ ရက်က ပြုလုပ်ရာမှာ ကနေဒါရောက် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူတွေပါဝင် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

အရပ်သားအစိုးရကို အာဏာပြန်လွှဲဖို့နဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံရတဲ့ကိုယ်စားလှယ်တွေအပါအဝင် တခြားနိုင်ငံရေးအ ကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးရေး မြန်မာစစ်တပ်ကိုတိုက်တွန်းဖို့လည်း ကနေဒါ အစိုးရကို ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပွဲမှာပါဝင်တဲ့ မြန်မာဒီမိုကရေစီရေးလှုပ်ရှားသူ ဦးကျော်ဇေယျက“သူတို့အာဏာသိမ်းမှု မဖြစ်မြောက်ရေးအတွက် ဆက်လက်ပြီးတော့တိုက်ပွဲဝင်နေကြတဲ့ ကျနော်တို့ ဗန်ကူးဗားရောက်ပြည်သူတွေနဲ့အတူ၊ မြန်မာပြည်တွင်းမှာရှိတဲ့ တိုက်ပွဲဝင်နေကြတဲ့ ညီအစ်ကို မောင်နှမတွေနဲ့အတူ၊ PDF ရဲဘော်သူငယ်ချင်းတွေနဲ့အတူအားလုံး သူတို့အတွက် ခွန်အားဖြစ်စေမယ့် ကျနော်တို့ တတ်နိုင်တဲ့ အခန်းဏ္ဍကနေ ကျနော်တို့ ပါဝင်  ကူညီဆောင်ရွက်ပေးနေပါတယ်ဆိုတဲ့အကြောင်းရယ်။ နောက်ပြီး ကျနော်တို့ NUG အစိုးရရဲ့အောက်မှာ သူတို့ရဲ့ ညွှန်ကြားချက်အတိုင်း သူတို့တာဝန်ပေးဝေတဲ့ အခန်းကဏ္ဍတွေမှာ  အားလုံးတာဝန်ခွဲဝေမှုစနစ်နဲ့  ကျနော်တို့ ပူးပေါင်းဆောင်ရွက်ပြီးတော့  ကျနော်တို့ ပြည်သူ့အစိုးရနဲ့အတူ ရပ်တည်တယ်ဆိုတဲ့အကြောင်း သတင်းစကားပါးချင်ပါတယ်၊” 

ဆန္ဒပြရာမှာ ကုလသမဂ္ဂအလံကိုင်ဆောင်ပြီး ဆန္ဒပြခဲ့တဲ့ ၈၈မျိုးဆက် နိုင်ငံရေးလှုပ်ရှားသူ ဦးစိုးကျော်ကတော့  တော်လှန်ရေးကို အမြန်ဆုံးနိဂုံးချုပ်ချင်ပြီးဖြစ်ကြောင်းနဲ့ မြန်မာ့အရေးကို နိုင်ငံတကာက လက်ပိုက်ကြည့်မနေဘဲ ကူညီပေးဖို့ တိုက်တွန်းပြောပါတယ်။

“ယူအန်အလံကိုင်ရတဲ့အဓိပ္ပါယ်ကတော့ မြန်မာပြည်မှာဖြစ်ပျက်နေတဲ့အရာတွေကို နိုင်ငံတကာက ဒီအတိုင်းလက်ပိုက်ကြည့်နေတော့မှာလားလို့၊ ယူအန်မှာ တာဝန်ရှိတဲ့လူတွေအနေနဲ့  မြန်မာနိုင်ငံကို အမြန်ဆုံးကူညီစောင့်ရှောက် ကာကွယ်ပေးဖို့ဖြစ်ပါတယ်။ လူသားချင်းကိုယ်ချင်းစာတဲ့အနေနဲ့ပေါ့။ မြန်မာနိုင်ငံလည်း တနေ့နေ့ အောင်မြင်သွားတဲ့အခါကျရင်လည်းပဲ နိုင်ငံတကာရဲ့ အခက်အခဲတွေကို ကူညီထောက်ပံ့နိုင်ဖို့အတွက် UNITY ပေါ့ဗျာ။ ယူအန်ရဲ့ အဓိပ္ပါယ်။ ယူအန်ကို ပိုပြီး အဓိပ္ပါယ်ပိုပြီးတော့ ဖော်ဆောင်စေချင်တယ်” 

ကနေဒါရောက် မြန်မာကျောင်းသူ  မထက်ထက်ဖူးဝေကလည်း “မြန်မာပြည်မှာရှိကြတဲ့ မြန်မာပြည်သားတွေ၊ ညီအစ်ကိုမောင်နှမတွေ မိတ်ဆွေတွေ အကုန်လုံးပေါ့ စိတ်အားမငယ်ကြပါနဲ့ တော်လှန်ရေးကို လက်မလျှော့လိုက်ပါနဲ့လို့ပြောချင်ပါတယ်၊ ညီမကိုယ်တိုင်းလည်း ဒီကိုရောက်နေပေမဲ့ မြန်မာပြည်သူတွေအကုန်လုံးကို PDF ကနေ တဆင့် ထောက်ပံ့ပေးနိုင်ဖို့အတွက် ဒီကနေပြီး ပြည်ပရောက်မြန်မာပြည်သူတွေအကုန်လုံးက  ကြိုးစားအားထုတ်ပေးနေပါတယ်။ နိုင်ငံတကာ အာရုံစိုက်မှုရအောင် အကုန်လုံးအားထုတ်ကြိုးစားနေကြပါတယ်။ မကြာခင်မှာ ပြည်ပအကူအညီတွေရလာနိုင်မှာပါ။  အကုန်လုံး အားတင်းထားဖို့ ပြောချင်ပါတယ်။ အထူးသဖြင့် Student Armed Force -PDF ကလူတွေအကုန်လုံးကို အားတင်းထားပါလို့ပြောချင်ပါတယ်။ PDF တွေအားလုံးလည်း ကျန်းမာကြပါစေ”လို့ပြောပါတယ်။

စာရေးဆရာမ ဒေါ်ဘေဘီ (ခ) ဒေါ်ရီစိန်   “စစ်အာဏာသိမ်းတာ ၂ နှစ် ပြည့်တဲ့အချိန်မှာ၊ ကျမတို့က မြန်မာပြည်မှာရှိနေတဲ့ မြန်မာပြည်သူပြည်သားတွေနဲ့ အတူတကွရှိနေတယ်ဆိုတာကို ကျမတို့ပြချင်တာပါ။ ကျမတို့ တိုက်ပွဲက မဆုံးသေးဘူး၊ အဆုံးသတ်တိုက်ပွဲအတွက်ကို ကျမတို့ တညီတညွတ်တည်း၊ ပြည်ပမှာရှိတဲ့ ကျမတို့ ဗန်ကူးဗားက မြန်မာပြည်သူပြည်သားတွေ၊ တိုင်းရင်းသားတွေ အားလုံးစုပေါင်းပြီးတော့   မြန်မာပြည်ရဲ့ အဆုံးသတ်တိုက်ပွဲအထိ အဆုံးရောက်တဲ့အထိ  စစ်အစိုးရ ပြုတ်ကျတဲ့အထိအောင် ကျမတို့ အတူတကွရှိမယ်ဆိုတာကို ပြသခြင်းဖြစ်တယ်။ ဒါကြောင့်မို့လို့ အရေးတော်ပုံအောင်ရမယ်”လို့ဒီဗွီဘီကိုပြောပါတယ်။

ကနေဒါအစိုးရအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အသိအမှတ်ပြုပြီး ဖက်ဒရယ်ဒီမိုကရက်တစ်နိုင်ငံတည်ဆောက်ရေး ရည်မှန်းချက်အောင်မြင်အောင်ကူညီပံ့ပိုးပေးဖို့၊ မြန်မာပဋိပက္ခလျော့နည်းသွားအောင် ကနေဒါမှာရှိတဲ့ မဲဆန္ဒရှင်တွေနဲ့ အတူလက်တွဲလုပ်ဆောင်ပြီး အမေရိကန်မှာ BURMA ACT ပြဋ္ဌာန်းလုပ်ဆောင်သလို အလားတူ တရားဝင်ဥပဒေ ပြဋ္ဌာန်းကာ မြန်မာနဲ့ပတ်သက်တဲ့ လက်ရှိမူဝါဒကို တိုးချဲ့လုပ်ဆောင်ဖို့လည်း ကနေဒါရောက် မြန်မာတွေက တိုက်တွန်း ပါတယ်။ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က နိုင်ငံတော်အာဏာကို တရားမဝင်သိမ်းယူခဲ့ကာ အရပ်သားအစိုးရ ခေါင်းဆောင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် အစိုးရခေါင်းဆောင်တွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးထောင်ချထားတာဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းကာလ ၂ နှစ်အတွင်း စစ်တပ်ရဲ့  အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ပြည်သူလူထု စုစုပေါင်း ၂၈၉၄ ဦးသေဆုံးခဲ့ပြီး ဖမ်းဆီးခံထားရသူပေါင်း ၁၃၆၈၉ ဦး၊ သေဒဏ်ချမှတ်ခံထားရသူပေါင်း ၁၄၃ ဦးနဲ့ ပြန်လည်လွတ်မြောက်လာသူ ၃၇၇၉ ဦး ရှိတယ်လို့  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013