DVB Logo
Home
မြန်မာသတင်း
ပါတီဝင် ၁ သိန်းနှင့် ရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ရှိရမည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ် စစ်ကောင်စီ ပြဋ္ဌာန်း
DVB
·
January 27, 2023
ပါတီဝင် ၁ သိန်းနှင့် ရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ရှိရမည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ် စစ်ကောင်စီ ပြဋ္ဌာန်း
Donate to DVB

နိုင်ငံတဝန်း ပါတီဝင်အရေအတွက် အနည်းဆုံး ၁ သိန်းစည်းရုံးဖို့နဲ့  ပါတီရန်ပုံငွေကျပ် သိန်း ၁၀၀၀ ရှိရမယ့်   နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်ကို  အာဏာသိမ်း စစ်ကောင်စီက ဇန်နဝါရီ ၂၆ ရက်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ရေးထိုးပြဋ္ဌာန်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးပါတီတွေ များပြားနေပြီး ပါတီအလိုက်ပြည်သူကို ကိုယ်စားပြုနိုင်မှုမှာ အားနည်းနေကြောင်းနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းဖို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ဇန်နဝါရီ ၂၄ ရက် စစ်ကောင်စီ အစည်းအဝေးမှာ ပြောကြားခဲ့ပြီး ရက်ပိုင်းအတွင်း ဒီဥပဒေသစ်ထွက်လာတာဖြစ်ပါတယ်။

ဥပဒေသစ်အရ ပြည်ထောင်စု တဝန်းလုံးမှာ စည်းရုံးမယ့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုတဲ့ နေ့ရက်ကနေစလို့ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁ သိန်းကို စည်းရုံးရမှာဖြစ်ပြီး၊ တိုင်းနဲ့ ပြည်နယ်တခုအတွင်းမှာသာ စည်းရုံးမယ့်ပါတီဆိုရင်တော့  ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ စည်းရုံးရမယ်လို့ဆိုပါတယ်။

အရင် နအဖလက်ထက်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေပြဋ္ဌာန်းထားတဲ့ ဥပဒေမှာတော့ ပြည်ထောင်စု တဝန်းလုံးမှာ စည်းရုံးမယ့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုတဲ့ နေ့ရက်ကနေစလို့ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ စည်းရုံးရမှာဖြစ်ပြီး၊ တိုင်းနဲ့ ပြည်နယ်တခုအတွင်းမှာသာ စည်းရုံးမယ့်ပါတီဆိုရင်တော့  ပါတီဝင်ဦးရေ အနည်းဆုံး ၅၀၀ စည်းရုံးရမယ်လို့ ပြဋ္ဌာန်းခဲ့တာပါ။

ဥပဒေသစ်မှာတော့ ပါတီရန်ပုံငွေကိုလည်း ပြည်ထောင်စု တဝန်းလုံးမှာ စည်းရုံးမယ့်ပါတီဖြစ်ပါက ငွေကျပ် သိန်း ၁၀၀၀ တိုင်းနဲ့ ပြည်နယ်တခုအတွင်းမှာသာ စည်းရုံးမယ့်ပါတီဆိုရင်တော့ ငွေကျပ် သိန်း ၁၀၀ မြန်မာ့စီးပွားရေးဘဏ် တခုခုမှာ ငွေစာရင်းဖွင့်ထားကြောင်း အထောက်အထားပြရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပါတီရုံးတွေကိုလည်း ပြည်ထောင်စု တဝန်းလုံးမှာ စည်းရုံးမယ့်ပါတီဖြစ်ပါက ရက်ပေါင်း ၁၈၀ အတွင်း  ပြည်ထောင်စု တဝန်းလုံးရှိ မြို့နယ်အားလုံးရဲ့ အနည်းဆုံးထက်ဝက်မှာ ဖွင့်လှစ်ဖို့နဲ့  တိုင်းနဲ့ ပြည်နယ်တခုအတွင်းမှာသာ စည်းရုံးမယ့်ပါတီဆိုရင်တော့ အဆိုပါ တိုင်းနဲ့ပြည်နယ်အတွင်းရှိ အနည်းဆုံး ၅ မြို့နယ်မှာ ပါတီရုံးခန်းတွေ ဖွင့်လှစ်ရမှာဖြစ်ပါတယ်။

ပါတီတရပ် တည်ထောင်လူသူတွေအနေနဲ့ အနည်းဆုံး ၁၅ ဦးက ပါတီတည်ထောင်လိုတဲ့ ပါတီအမည်ကို ဖော်ပြပြီး ပါတီဝင်တွေကို ဥပဒေနဲ့အညီစည်းရုံးခွင့်ပြုဖို့ ကော်မရှင်ထံမှာ လျှောက်ထားရမှာဖြစ်ပါတယ်။

ပါတီလျှောက်ထားသူတွေဟာ ထောင်ဒဏ်ကျခံနေရသူတွေ၊ နိုင်ငံတော်ကို လက်နက်ကိုင်ဆန့်ကျင်နေတဲ့သူတွေ၊ အကြမ်းဖက်လုပ်ရပ် ကျူးလွန်တယ်လို့ သတ်မှတ်ထားတဲ့ အဖွဲ့အစည်းဝင်တွေ၊ မတရားအသင်းအဖြစ် ကြေညာခံရတဲ့အဖွဲ့ဝင်တွေ ဒါမှမဟုတ် ဒီအဖွဲ့တွေနဲ့ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ဆက်သွယ်အားပေးကူညီသူတွေ မဖြစ်ရဘူးလို့လည်း ဆိုပါထားပါတယ်။

ဒါ့အပြင် အရင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) လက်ထက်က ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ လက်ရှိတည်ရှိနေတဲ့ ပါတီတွေဟာ အခု အသစ်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေအရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုပါက ဒီဥပဒေ ပြဋ္ဌာန်းတဲ့ရက်က စပြီး ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်ထံကို  ပါတီမှတ်ပုံတင်ခွင့် ပြန်လျှောက်ရမှာဖြစ်ပြီး  ပြန်လျှောက်ထားခြင်းမရှိပါက နိုင်ငံရေးပါတီ အဖြစ်မှ အလိုအလျောက် ပျက်ပြယ်ပြီဖြစ်တယ်လို့လည်းဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013