
ပြင်ဦးလွင်မြို့နယ်၊ ရတနာပုံဆိုက်ဘာစီးတီးနည်းပညာတက္ကသိုလ်မှာ စက်တင်ဘာ ၈ ရက်ညက ကျောင်းသားအချင်းချင်း ဓားထိုးမှုဖြစ်ပြီး ၁ ယောက် သေဆုံးကာ ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပညာရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“မနေ့ည ၇ နာရီကျော်က ရတနာပုံနည်းပညာတက္ကသိုလ်ရှိ ရွှေကျွန်းသာအဆောင်မှာ အရက်သေစာ သောက်စားပြီး အော်ဟစ်ဆူညံနေတဲ့ ကိစ္စနဲ့ ကျောင်းသားအချင်းချင်း စကားများ ရန်ဖြစ်ရာမှ တတိယအထပ်မှာနေတဲ့ ကျောင်းသား ၂ ယောက်က အရက်သောက်ပြီး ဆူညံနေလို့ အောက်ထပ်မှာ နေတဲ့ ကျောင်းသားက သွားပြောတာ။ အရက်မူးနေတဲ့အချိန်ဆိုတော့ ရန်ဖြစ်ရော၊ ၂ ယောက် ၁ ယောက် ဝိုင်းထိုးတော့ အထိုးခံရတဲ့ ကောင်လေးက ရန်ဖြစ်တဲ့နေရာမှာ တွေ့တဲ့ ဓားနဲ့ထိုးလိုက်တာ ၁ ယောက် သေတယ်၊ ၁ ယောက် ဒဏ်ရာရတယ်။ ဓားနဲ့ထိုးတဲ့ကောင်လေးလည်း အဖမ်းခံရတယ်။”
ဓားထိုးမှုဖြစ်ပြီးနောက် သေဆုံးသူနဲ့ ဒဏ်ရာရရှိသူကို လူမှုကူညီရေးအသင်းတွေက ပြင်ဦးလွင် မြို့နယ်ဆေးရုံကို ပို့ဆောင်ခဲ့ပြီး စစ်အာဏာရှင်လက်အောက်ခံ ရဲတွေက ဓားနဲ့ထိုးခဲ့တဲ့ ကျောင်းသားကို ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
လတ်တလောမှာ ပြစ်မှုကျူးလွန်သူ ကျောင်းသားကို ပြင်စာနယ်မြေရဲစခန်းက ပုဒ်မ ၃၀၂ နဲ့ ကနဦး အမှုဖွင့်လှစ် စစ်ဆေးနေတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၅ ရက် နေ့လယ် ၁၂ နာရီခွဲကလည်း ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ် အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းမှာ ၁၁ တန်းကျောင်းသားက ဓားနဲ့ထိုးလို့ ကျောင်းသူတယောက် သေဆုံးခဲ့ပါတယ်။
အလားတူပင် ဇွန် ၂၃ ရက် နေ့လယ် ၁၂ နာရီခွဲကလည်း မန္တလေးတိုင်း အမရပူရမြို့နယ် ယာဥ်တော်စံ ကျေးရွာမူလတန်းလွန်ကျောင်းမှာ ၆ တန်းကျောင်သားတယောက်က အတန်းဖော် ကျောင်းသားကို ဓားနဲ့ထိုးသတ်ခဲ့တဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ကနေ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတဝန်းက ကျောင်းတွေမှာ အုပ်စုဖွဲ့ အနိုင်ကျင့်မှုနဲ့ ခိုက်ရန်ဖြစ်ပွားတာတွေကြောင့် သေဆုံးခဲ့တဲ့ ကျောင်းသားကျောင်းသူ ၁၀ ယောက် ရှိပါတယ်။











