DVB Logo
Home
မြန်မာသတင်း
စပြီးတဲ့ ဇာတ်ကို ဆုံးအောင် က,ကြရမယ်၊ အပြုတ်တိုက်ရမည့်တိုက်ပွဲအတွက် ပြင်ဆင်ထားရန် NUG ယာယီသမ္မတ ဒူဝါလရှီးလ ပြော
DVB
·
January 24, 2023
စပြီးတဲ့ ဇာတ်ကို ဆုံးအောင် က,ကြရမယ်၊ အပြုတ်တိုက်ရမည့်တိုက်ပွဲအတွက် ပြင်ဆင်ထားရန် NUG ယာယီသမ္မတ ဒူဝါလရှီးလ ပြော
Donate to DVB

ခုခံတော်လှန်စစ်ကို ဒီထက်အောင်မြင်အောင် ကြိုးပမ်းလုပ်ဆောင်ဖို့၊ အဆုံးသတ်အဖြစ်နဲ့ အပြုတ်တိုက်ရမယ့် တိုက်ပွဲအတွက်လည်း အစစအရာရာ စနစ်တကျ ပြင်ဆင်ထားကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။ 

တော်လှန်ရေး သက်လုံတွေ မြှင့်ထားရမယ်၊ အဆုံးသတ် တိုက်ပွဲကို ဦးတည်နိုင်မှ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို မျှော်လင့်နိုင်မယ်လို့လည်း ပြောကြားခဲ့ပါတယ်။ 

ဇန်နဝါရီ ၂၄ ရက် ဒီနေ့မနက်ကကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းဝေးမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

နွေဦးတော်လှန်ရေး ၂ နှစ်တာကာလအတွက် NUG အစိုးရ အဖွဲ့ဝင်‌ တစ်ဦးချင်းစီက မိမိတို့ လုပ်ကိုင်ခဲ့တာတွေနဲ့ပတ်သက်ပြီး ဝန်ကြီးဌာနအလိုက်ကိုယ့်ရဲ့ အခန်းကဏ္ဍနဲ့ တာဝန်တွေကို ဘယ်လောက်ထိ ပီပီပြင်ပြင် ကျကျနန လုပ်ဆောင်နိုင်ခဲ့ကြသလဲဆိုတာကို ပြန်လည် သုံးသပ်ဆင်ခြင်ဖို့လည်း ယာယီသမ္မတ ဒူဝါလရှီးလကတိုက်တွန်းပါတယ်။ 

ဒါ့အပြင် နွေဦးတော်လှန်ရေး (၃) နှစ်ပြည့်မယ့်အချိန်ရောက်ရင် ပြည်သူလူထုအတွက် ဘယ်လို ပန်းတိုင်မျိုးတွေကို အရောက်ဦးဆောင်ကြမှာလဲ ဆိုတာတွေကို ကြိုတင်စဉ်းစားထားကြဖို့၊ နွေဦးတော်လှန်ရေးမှာ ခိုင်မာကျစ်လျစ်တဲ့ နိုင်ငံရေးပဋိညာဉ်တစ်ခုရအောင် ဆွေးနွေး ညှိနှိုင်းမှုတွေ မပြတ်ရှိနေပြီး  ခုခံတော်လှန်စစ်မှာ ခိုင်မာတဲ့ မဟာမိတ်ဆက်ဆံရေးကိုလည်း စနစ်တကျ တည်ဆောက်နေတယ်လို့ NUG ခေါင်းဆောင်က ပြောပါတယ်။

“ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်အတွက် ကျနော်တို့အားလုံးမှာ ဘုံသဘောတူညီချက်တွေ ဘုံရည်မှန်းချက်တွေ လိုအပ်ပါတယ်။ နိုင်ငံတစ်ခု ပြန်လည်ထူထောင်ရေး ကိစ္စဟာ အင်မတန် နက်နဲသလို အင်မတန်လည်း ရှုပ်ထွေးပါတယ်။ ဒါ့အပြင် တိုင်းပြည်ထူ ထောင်ရေးကိစ္စဟာ အနုပညာတစ်ရပ်လို နှလုံးသားနဲ့ ရင်းပြီး လုပ်ကိုင်ရတဲ့ ကိစ္စလည်းဖြစ်ပါတယ်။ ကျနော်တို့ဟာ နောင်လာမယ့် မျိုးဆက်တွေအတွက် နှလုံးသားကြီးကြီး ရှိထားရပါလိမ့်မယ်။ ဒါ့အပြင် နောင် နှစ်ပေါင်း လေးငါးခြောက်ဆယ်လောက်အထိ ကြိုတင် မြော်မြင်ထားကြဖို့လည်း လိုပါတယ်။ ပဋိပက္ခဟာ ယာယီသဘောဖြစ်ပါတယ်။ ပဋိပက္ခအလွန်ကာလတွေမှာ ကျနော်တို့ လူ့အဖွဲ့အစည်းကို ဘယ်လို ပုံစံမျိုး မြင်ချင်သလဲဆိုတာကို အခုကတည်းက ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မြင်ထားကြရပါလိမ့်မယ်။ ဒါဟာ သိပ်အရေးကြီးတယ်လို့ ယူဆပါတယ်။”

နိုင်ငံရေးပြဿနာကို စားပွဲဝိုင်းမှာပဲ ဖြေရှင်းချင်ကြတဲ့သူတွေဖြစ်ပေမဲ့ လူထုက လက်နက်ကိုင်ပြီး ခုခံမှကို ရတော့မယ့် အခြေအနေကို မြန်မာစစ်ခေါင်းဆောင်တွေက တွန်းပို့ခဲ့တာဖြစ်လို့  “စပြီးတဲ့ ဇာတ်ကို ဆုံးအောင် က,ကြရမယ်” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဒီအစည်းအဝေးမှာ ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဌာနက ၇၆ နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုတဲ့ အခမ်းအနားကျင်းပရေးကိစ္စတင်ပြတာ၊ အကြမ်းမဖက် အာဏာဖီဆန်ရေး(CDM) လှုပ်ရှားမှုကို ၂ နှစ်တိတိ ရဲရဲဝံ့ဝံ့ ရွပ်ရွပ်ချွံချွံ ခိုင်မာသောစိတ်ဓာတ်နဲ့ လုပ်ဆောင်နေတဲ့ ပြည်သူ့ သူရဲကောင်းတွေနဲ့ နိုင်ငံသူရဲကောင်းတွေကို ဂုဏ်ပြုချီးမြှင့်ဖို့ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။ ထုတ်ပြန်ကြေညာရန် တင်ပြတာတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီအစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ အပါအဝင် ပြည်ထောင်စု ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013